အင်္ဂလန်ရောက် မြန်မာ ဘောလုံးသမားရဲ့ ပရော်ဖက်ရှင်နယ် အိပ်မက်
၄ ပေ၂ လက္မအောက် မူလတန်း ကျောင်းပေါင်းစုံ ပြိုင်ပွဲကစ ကျောင်းလက်ရွေးစင် အသင်းတွေမှာ ပုံမှန် နေရာရခဲ့ပြီး (၁၃)နှစ်အောက် ကျောင်းသား အားကစားပြိုင်ပွဲမှာ ကျိုက်ထိုမြို့နယ် လက်ရွေးစင် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ပြီး နောက်မှာတော့ သူ့ကို မြန်မာ့ လက်ရွေးစင် ကစားသမား အမြောက်အမြား မွေးထုတ် ပေးနိုင်ခဲ့တဲ့ အားကာ/သိပ္ပံ သင်တန်း ကျောင်းက စိတ်ဝင်တစား ဆက်သွယ် ကမ်းလှမ်းခဲ့ ပါတယ်။ ငယ်ရွယ် သေးတဲ့ သူ့အတွက် ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပေမယ့် မိဘ၊ ဆွေမျိုး အသိုင်းအဝိုင်းက ဘောလုံး ကစားခြင်းထက် ပညာ တတ်တစ်ဦးပဲ ဖြစ်စေချင်တဲ့ ဆန္ဒတွေကြောင့် ဘောလုံးသမား ဖြစ်ချင်တဲ့ သူ့အိပ်မက် တွေ ရှင်သန်ခွင့် မရခဲ့ပါဘူး။ ရန်ကုန် ဒဂုံ အ.ထ.က (၃)မှာ ဆယ်တန်းအောင်၊ နည်းပညာ တက္ကသိုလ် (၆)လလောက် တက်ပြီး ချိန်မှာတော့ ဘောလုံးကစားခွင့် ဆုံးရှုံးနေခဲ့ရတဲ့ ကျိုက်ထိုသားလေးအတွက် အင်္ဂလန်ရောက် ဦးလေးဖြစ်သူက လှမ်းခေါ်ခဲ့တာက သူ့ဘဝရဲ့ အလှည့်အပြောင်းလို့ ဆိုရမှာပါ။
သူဆိုတာကတော့ "မိုမို" လို့ အမည်ပြောင် ပေးအပ် ခြင်း ခံထားရသူ အသက် (၂၂)နှစ်အရွယ် မောင်မောင် သန့်။ "၂၀ဝ၇ စက်တင်ဘာ ၂၀ ရက်နေ့မှာ အင်္ဂလန်ကို စရောက်တယ်။ ရောက်ရောက်ချင်း တစ်ပတ်မှာပဲ (၆)နှစ် (၇)နှစ်လောက် ဝေးကွာနေတဲ့ ဘောလုံးနဲ့ ဘောကန်ဖိနပ်တွေကို ထိတွေ့ခွင့် ရခဲ့ပါတယ်။ အဲဒီတုန်းက ခံစား ရပုံက တစ်မျိုးပဲ။ ကိုယ်တန်ဖိုး ထားတဲ့ ပစ္စည်းတစ်ခု ပျောက်ဆုံးနေရာက ပြန်ရလိုက် သလို ခံစားရတယ်။ အရမ်းကို ပျော်ခဲ့တယ်လေ။ ငယ်ငယ်တုန်းက ခြေလွတ်ကန်တာ များလို့လား မသိဘူး။ ဘောကန်ဖိနပ်နဲ့ ဘောလုံးကန် ရတာ လောက် ပျော်တာမရှိဘူး။ အသက်က မပြည့်သေးလို့ အလုပ်ကလည်း မရသေးချိန်မှာ ဦးလေးရဲ့ ထောက်ပံ့မှု နဲ့ ဘောလုံးပဲ ကစားဖြစ်ခဲ့တယ်။ တဖြည်းဖြည်းချင်း သိလိုက်ရတာက ကျွန်တော်က ဘောလုံးကန်ရရင်ပဲ ပျော်နေတာ၊ အားလုံးကို မေ့နေတတ်တာ။ ကျွန်တော့်မေမေ ပြောဖူးတဲ့ ထမင်းမေ့ ဟင်းမေ့ဆိုတာ ဒါမျိုးပါ လားလို့ တွေးမိပါတယ်" လို့ မောင်သန့်က အင်္ဂလန်ကို ရောက်ခါစ သူ့ခံစားချက်တွေကို ဖွင့်ဟခဲ့ပါတယ်။
"ဒီကိုရောက်တော့ ပညာရေးထက် ဘောလုံးကိုပဲ ကစားချင်လာတယ်။ ဘောလုံးနဲ့ ပတ်သက်ရင် အကုန် အသစ်အဆန်းတွေ လုပ်ချင်တယ်။ ကျွန်တော် ကိုယ့်ဖာသာ သေချာပြန်ဆန်း စစ်တယ်။ အပြန်ပြန် အလှန်လှန် စဉ်းစားပြီး ချိန်မှာတော့ ဘောလုံးသမား ဘဝကိုပဲ ရွေးမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ မဆုံးဖြတ်ခင် သတိရတဲ့ လူနှစ်ယောက် ရှိတယ်။ သူတို့ကို ကျွန်တော့်ဘေးမှာ ရှိစေချင် လိုက်တာဗျာ။ တစ်ယောက်က ကျွန်တော့်အဖိုး၊ နောက်တစ်ယောက်က ကျွန်တော့်ဆရာ ဦးခင်မောင်သိန်းပါ။ (၁၃)နှစ်အောက် ပြိုင်ပွဲမှာ လေ့ကျင့်ပေးခဲ့တဲ့ ဆရာပေါ့။ ရန်ကုန်မှာရှိတဲ့ ဆရာ့ဆီကို ရအောင်ဆက်သွယ်ပြီး တစ်နာရီကျော်ကြာအောင် ဖုန်းပြောဖြစ်ခဲ့တယ်။ ဆရာ့ဆီက ခွန်အားတွေ၊ အကြံပြုချက်တွေကို ကြားရအပြီးမှာတော့ ကျွန်တော် ဘောလုံးသမားဘဝကို ရွေးချယ်ခဲ့တယ်။ ကျွန်တော့်ဆရာ ကျွန်တော့်ကို ဘာပြောခဲ့သလဲသိလား 'သားတဲ့ အင်္ဂလန်က တတိယတန်း ကလပ်တစ်ခုခုမှာ ကန်ခွင့်ရခဲ့ရင် ဆရာ ဒီဘဝမှာ သေပျော်ပါပြီ' တဲ့။ ဒီစကားက ကျွန်တော့်ကို တွန်းအား ဖြစ်စေခဲ့တယ်။ သူတို့ နှစ်ယောက်ကပဲ ကျွန်တော့်ကို ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်စေချင်တာမို့ ကျွန်တော်အခု ရေခြားမြေခြားမှာ စဉ်ဆက်မပြတ် ကြိုးစားပမ်းစား လေ့ကျင့်နေတယ် ဆိုတာကို သူတို့ သိစေချင်ပါတယ်" တဲ့။ ဒါက မောင်သန့် ပြောပြခဲ့တဲ့ သူ့ဘဝတစ်ဆစ်ချိုး အကြောင်းပေါ့။
ဘောလုံးကို ရွေးချယ်ခဲ့ပြီးနောက် စာသင်ချိန်တွေ မမှန်တော့တဲ့အခါ အင်္ဂလိပ်စာ တစ်ခုပဲ အမိအရ သင်ယူဖြစ် ခဲ့ပါတယ်။ ပန်းခြံထဲမှာ ကစားရင်းက တစ်နေ့ ပါကစ္စတန် ကစားသမားတစ်ယောက်က သူ့ကစားပုံကို ချီးကျူးစကားဆိုရင်း သူတို့အသင်းမှာ လိုက်ကစားဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တယ်။ ဒီလိုနဲ့ ဝီဂန်ရိုဗာဆိုတဲ့ အပျော်တမ်း ကလပ်အသင်းမှာ လေ့ကျင့်ခွင့်ရပြီး တစ်ရက်နှစ်ရက် အတွင်းမှာပဲ နည်းပြ သဘောကျအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ "အဲဒီတုန်းက နိုင်ငံခြားသားဆိုလို့ ကျွန်တော်နဲ့ အဲဒီ ပါကစ္စတန် ကစားသမား နှစ်ယောက်ပဲရှိတာ။ သူတို့နဲ့ လေ့ကျင့်ရတာကတော့ တော်တော်လေး အဆင်ပြေပါတယ်။ အပျော်တမ်း အသင်းဆိုပေမယ့် တော်တော်လေး စည်းစနစ်ကျတဲ့ အသင်းပါ"။ ဒီလိုနဲ့ပဲ ဝီဂန်ရိုဗာရဲ့ စနစ်တကျ သင်ကြားမှု တွေနဲ့အတူ ပိတ်ရက်တွေတိုင်းလိုလိုမှာ ပွဲတွေကစားခွင့်ရလာခဲ့တယ်။ ရံဖန်ရံခါ ဝေးလ်၊ လီဗာပူးလ်၊ မန်ချက်စတာ စတဲ့ဒေသတွေဘက်ကိုသွားပြီး ချိန်းပွဲလေးတွေ ကစားကြတယ်။ အချိန်ရတိုင်းလည်း တစ်ကိုယ်တည်း ပန်းခြံထဲမှာ လေ့ကျင့်တယ်။ သူအိပ်တဲ့ မြေအောက်စတိုခန်းလေးထဲမှာ တစ်ထွာလောက်ထူတဲ့ မွေ့ယာဟောင်းနှစ်ခုကို နံရံမှာမှီထားတယ်။ သူ ဘာလုပ်တယ်လို့ ထင်ပါသလဲ။ နေ့စဉ်နေ့တိုင်းလိုလို မွေ့ယာ တွေ မှီထားတဲ့ အဲဒီနံရံကို ဘောလုံးနဲ့ အကြိမ်ရေ တစ်ထောင်နီးပါးကန်ပြီး ကန်ချက်တွေ ပိုကောင်းလာစေဖို့ သူ ကြိုးစားခဲ့တယ်လေ။ "ကျွန်တော်က ပန်းခြံထဲ တစ်ကိုယ်တည်း ကျင့်ရတာ၊ ဘောလုံးလိုက်ကောက်ပေးမယ့်သူ မရှိဘူး။ ဒီတော့ ဘောလုံးကို ရာဘာကွင်းနဲ့ ပတ်ပြီး သားရေကွင်းအကြီးစားနဲ့ ခါးမှာပြန်ပတ်ပြီး လေ့ကျင့်ခဲ့ ရတယ်။ ပြီးတော့ ကြိုးခုန်တယ်။ ခြေချင်းဝတ်မှာ အလေး တစ်ကီလိုလောက်ရှိတဲ့ ဟာလေးတစ်ခုပ တ်ပြီးခုန်တယ်" လို့ လေ့ကျင့်ခဲ့ရပုံတွေကို ရှင်းပြတယ်။
ဝီဂန်ရိုဗာမှာ စကစားတော့ သူ့အတွက် ပထမဆုံး ကြုံတွေ့ရတဲ့ အခက်အခဲက အင်္ဂလန်စတိုင် ဘောလုံးကစား ဟန်ပါ။ ကန်၊ တင်၊ ပြေး ကစားဟန်ကို မကြိုက်ပေမယ့် သူကစားခဲ့တယ်။ ကစားရလောက်အောင်လည်း အကြောင်းရှိတယ်။ ဝီဂန်ရိုဗာဆိုတာ အပျော်တမ်း ကလပ်သာ ဆိုတယ် ကိုယ်ပိုင် အိမ်ကွင်းပါ ရှိတဲ့အထိ စနစ်တကျ ဖွဲ့စည်းထားတဲ့ အသင်းမျိုးမို့ပါ။ ဒုတိယအခက်အခဲကတော့ လူကောင်ကြီးတဲ့ ကစားသမားတွေနဲ့ ယှဉ်ကစားရတာပါ။ ဒါကလည်း အချိန်အတိုင်းအတာ တစ်ခုလောက်အထိပဲ သူ့အတွက် အခက်အခဲ ဖြစ်ခဲ့တာပါ။ မောင်သန့်ကတော့ ဒီလိုဆိုပါတယ်။ "ဝီဂန်ရိုဗာမှာ သူတို့ရဲ့ နည်းစနစ်တွေ၊ ပြောပုံ၊ ဆိုပုံ၊ လေ့ကျင့်ပုံ တွေကို အနီးကပ် လေ့လာခွင့်ရခဲ့တယ်။ တော်တော်လေး စည်းစနစ်ကျတယ်။ အင်္ဂလန်မှာက အတုယူစရာတွေ အများကြီးပဲ။ နည်းပြဆိုရင် တစ်နေ့လုပ်ရမယ့် အလုပ်တွေကို နာရီနဲ့ အချိန်နဲ့ အတိအကျ လုပ်တာ။ အရမ်းလည်းပျော်ဖို့ကောင်းတယ်။ ကျွန်တော့်အတွက်တော့ အင်္ဂလန်စရောက်ပြီး အင်္ဂလိပ်ဘောလုံး စစ်စစ်နဲ့ စတွေ့ခဲ့တာပေါ့"
တဖြည်းဖြည်းနဲ့ အင်္ဂလန်မှာ နေသားတကျဖြစ်လာတယ်။ ဝီဂန်ရိုဗာမှာ ကစားခွင့်ရခဲ့တဲ့ သူ့အတွက်တော့ မသိမတတ်သေးတာတွေကို သင်ယူလေ့လာခွင့် ရခဲ့ပေမယ့် သူ့မှာ ရောင့်ရဲတင်းတိမ်တယ်ဆိုတဲ့ စိတ်မျိုး မရှိဘူး။ အသင်းနဲ့ လေ့ကျင့်တာအပြင် တစ်ကိုယ်တည်းလေ့ကျင့်မှုတွေလုပ်ခဲ့သလို အွန်လိုင်းပေါ်မှာ မွှေနှောက်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေ ဘယ်လို ကျင့်ကြံနေထိုင် စားသောက်သလဲ ဆိုတာမျိုး အထိ ရှာဖွေဖတ်ရှုတယ်။ ကမ္ဘာတစ်လွှားက ဘောလုံးကျွမ်းကျင်မှုတွေကို You Tube လို ဝက်ဘ်ဆိုက် မျိုးမှာ သဲကြီးမဲကြီး လိုက်ရှာကြည့်တယ်။ ကြည့်ရုံတင်တော့ မဟုတ်ပါဘူး။ သူကိုယ်တိုင် လုပ်နိုင်အောင် လေ့ကျင့် ယူတယ်လေ။
၂၀ဝ၈-ဝ၉၊ ၂၀ဝ၉-၂၀၁၀ ဘောလုံးရာသီတွေမှာတော့ ဝီဂန်ရိုဗာနဲ့အတူ ပြိုင်ပွဲတွေ ဝင်ကစားခဲ့တယ်။ အင်္ဂလန်ရောက်ပြီး တစ်နှစ်နဲ့ (၈)လလောက် အကြာမှာတော့ ဝီဂန်မြို့ကနေ လန်ဒန်ကို ပြောင်းဖို့အကြောင်း ဖန်ခဲ့တယ်။ လန်ဒန်ရောက်တော့ မြန်မာ ကစားသမားတွေ စုဖွဲ့ထားတဲ့ အပျော်တမ်းကလပ် မြန်မာခရစ် ကယ်ဝုဒ် ယူနိုက်တက် အသင်းနဲ့လည်း ပွဲတွေကစားဖြစ်ခဲ့တယ်။ Myanmar UK Corner Cup 2011 ပြိုင်ပွဲမှာ ချန်ပီယံဆု ဆွတ်ခူးခဲ့သလို အပျော်တမ်း ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဒရက်ဂွန် အသင်းရဲ့ ကမ်းလှမ်းခြင်းပါ ခံခဲ့ရတယ်။ ဒရက်ဂွန်ဆိုတာက အင်္ဂလန်ဖွား ထိုင်းလူမျိုးတွေ ထောင်ထားတဲ့ အသင်း။ လက်ရှိ မောင်သန့် ကစားနေဆဲ အသင်းပေါ့။ ထိုင်းအသင်းလို့သာ ဆိုတယ်၊ ကပ္ပလီတွေ၊ ဘရာဇီးလ်တွေ၊ အင်္ဂလိပ်တွေ လူမျိုးစုံအောင်ပါပြီး တကယ့်ကို ကျစ်လစ်ခိုင်မာတဲ့ အသင်းမျိုးပါလို့ ပြောပါတယ်။
မြန်မာ ခရစ်ကယ်ဝုဒ် ယူနိုက်တက်နှင့် ဆုဖလားရစဉ်က
သူနဲ့အတူ တွဲကစားဖူးတဲ့ မြန်မာခရစ်ကယ်ဝုဒ် အသင်းဖော် ကိုအောင်ဖြိုးကတော့ အခုလို ပြောပြပါတယ်။ "ကျွန်တော်တို့ Dragon နဲ့ နှစ်ပွဲလောက် ကစားပြီးတော့ မောင်သန့်ကို သူတို့အသင်းမှာ လာကစားဖို့ ကမ်းလှမ်းလာပါတယ်။ ပေးလာတဲ့ အခွင့်အရေးကို လက်လွှတ် မခံခဲ့ဘူးလေ။ သူက ဘောလုံးဆိုတာနဲ့ကို အရူးအမူးဗျ။ (၁၁)ယောက်တစ်ဖက် ပွဲမျိုးမှ မဟုတ်ဘူး။ လန်ဒန်မှာက (၇)ယောက်တစ်ဖက် ပွဲတွေရှိသလို၊ (၅)ယောက်တစ်ဖက် ပြိုင်ပွဲတွေလည်း အမြဲလို ကျင်းပတတ်တော့ အခွင့်အရေး ရတာနဲ့ ဝင်ပြိုင်တာပဲ။ သူဟာ ဘောလုံး အခြေခံကောင်းတယ်။ တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းပြီး ကန်ချက်တွေကလည်း အားပါတိကျတယ်။ အလိမ်အခေါက်လေးတွေ ကစားတတ်သလို အဝေးကန်ချက်တွေလည်း ကောင်းတယ်။ နောက် ကစားဖော်တွေ ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးတတ်တယ်။ ကျွမ်းကျင်မှုကို ဦးစားပေးပြီး ကစားတဲ့ ကစားသမား တစ်ယောက်ပေါ့။ မြင်သာအောင် ဥပမာပြရရင်တော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကစားဟန်နဲ့ ဆင်တူတယ်။ ပွဲတွေမှာဆို သူက စောင့်ကြည့်ခံရလေ့ရှိတဲ့ ကစားသမားပါပဲ"
ဟုတ်ပါတယ်။ သူဟာ မြန်နှုန်းအရမ်းမမြင့်ပေမယ့် တိကျတဲ့ ဘောလုံး ဖြန့်ဝေမှုတွေ လုပ်နိုင်တယ်။ ကျွမ်းကျင်မှုရှိတယ်။ ကန်ချက်တွေကောင်းတယ်။ ဖြတ်တင်ဘောတွေ ကောင်းတယ်။ စိတ်ဓာတ်ကောင်းပြီး အသင်းဖော်တွေနဲ့ အဆင်ပြေတဲ့သူပါ။ ဒါတွေက မမြင်ဖူးသူတွေအတွက် ကြွားလုံးတွေ၊ ချီးမွမ်းခန်းတွေလို့ ထင်ရနိုင်ပေမယ့် သူ့ကစားပုံ မြင်ဖူးသမျှ သူတွေကတော့ အခုလိုပဲ ချီးမွမ်းကြတော့တာ ပါပဲ။ သူ့ကစားဟန်နဲ့ ပတ်သက်လို့ သူ့ကိုမေးကြည့် ချိန်မှာတော့ "အာဆင်နယ်မှာ ကစားခဲ့တဲ့ ဆက်စ်ဖာဘရီဂတ်စ်၊ လက်ရှိ မန်စီးတီးက နာဆရီ၊ ဒေးဗစ်ဆေးလ်ဗားတို့ ကစားဟန်ပေါ့။ အရင်က စီရော်နယ်လ်ဒို ကစားတဲ့အတိုင်း လိုက်ကစားဖူးသေးတယ်။ ဒါပေမဲ့ အသင်းရဲ့ လိုအပ်ချက်အရ အခုတော့ ကွင်းလယ် တိုက်စစ်နေရာမှာပဲ ကစားဖြစ်တယ်" လို့ ရှင်းပြတယ်။ လန်ဒန်မှာ မောင်သန့် ကစားတာကို မျက်မြင်တွေ့ခဲ့ဖူးတဲ့ စင်ကာပူရောက် ကိုသက်ခိုင်ကလည်း သူ့အကြောင်း အခုလို ပြောပြပါသေးတယ်။ "တကယ့် လူရိုးလေး တစ်ယောက်ပါ။ သူ့မှာ ဘောလုံး ကျွမ်းကျင်မှုနဲ့ တိုးအားလေးရှိတယ်။ ကပ္ပလီတွေနဲ့ ဘော်ဒီချင်း ယှဉ်နိုင်တယ်။ ကျွန်တော် သေချာပြောရဲတာ တစ်ခုကတော့ သူဟာ ဘောလုံးဝါသနာ အတော်ကြီးတဲ့သူ တစ်ယောက်ပါ။ ညနေဘက်ဆို တစ်ယောက်တည်း ခွက်တွေချပြီး လေ့ကျင့်နေပြီ။ သူ့ဝါသနာကြီးပုံအရတော့ တစ်နေ့မှာ အောင်မြင်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်" လို့ ဆိုတယ်။
အပျော်တမ်း ဘဝမှာသာ ကျင်လည်နေတဲ့ မောင်သန့်အတွက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဆိုတာက တကယ့်ကို အိပ်မက်တစ်ခုပါပဲ။ သူ့ဆရာဖြစ်သူရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးကောင်း နှစ်ခု အမှန်တကယ် ရခဲ့ပါသေးတယ်။ ဒါပေမဲ့ ကံတရားက သူ့ဘက်မှာ ရှိမနေပြန်တော့ လူရွေးချယ်ရေး နည်းပြတွေက သဘောကျနှစ်သက်တဲ့ တိုင်အောင် ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက် ဖြစ်ခွင့်မရခဲ့ပါဘူး။ အပျော်တမ်း ကစားသမားဘဝမှာ သူ့အမှတ်အရဆုံး အောင်မြင်မှု တစ်ခုလောက် ပြောပြပါဆိုတော့ "Thai Tournament မှာ အကြီးကျယ်ဆုံး အောင်မြင်မှု ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်က ဒေးဗစ်ဘက်ဟမ်းရဲ့ အကယ်ဒမီမှာ လုပ်တဲ့ပွဲပေါ့။ အကြီးဆုံးနဲ့ အအောင်မြင်ဆုံးပါပဲ။ ကျွန်တော်တို့ ဆုတံဆိပ် (၇)ခုရခဲ့တယ်။ Beer Chang တွေ Sega Beer တွေ၊ ရှပ်အင်္ကျီတွေ၊ လွယ်အိတ်တွေ လက်ဆောင်တွေ အများကြီးရတယ်။ ထိုင်းစားသောက်ဆိုင် တစ်ခုမှာ တစ်ညတာ စားသောက်ခွင့်လည်း ရတယ်။ အကြီးဆုံး ဆုကတော့ အိုးထရက်ဖို့ဒ် ကွင်းကြီးထဲမှာ VIP အနေနဲ့ ကြည့်ရှုခွင့် လက်မှတ် (၈)စောင်ရခဲ့တာပါပဲ။ အဲဒီတုန်းက အရမ်းကိုပျော်ခဲ့တာ။ တခြား ပြိုင်ပွဲတွေမှာတော့ ပိုက်ဆံတွေပဲ ရတာများပါတယ်" လို့ ဆိုတယ်။
အပျော်တမ်းကလပ် ဒရက်ဂွန်နှင့်အတူ အောင်မြင်မှုရခဲ့စဉ်
လက်ရှိ အချိန်မှာတော့ မောင်သန့်တစ်ယောက် မစ်ဒယ်ဘရော့မြို့ကို ရောက်နေပါတယ်။ လာမယ့် ဇူလိုင်မှာ ကျင်းပမယ့် အင်္ဂလန်ပြည်တွင်း ကမ္ဘာ့ဖလား ပြိုင်ပွဲကတော့ မောင်သန့်အတွက် ဘဝတစ်ဆစ်ချိုး ဖြစ်လာနိုင် ပါတယ်။ ဒီအင်္ဂလန်ပြည်တွင်း ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာက အင်္ဂလန်မှာ ရောက်နေတဲ့ နိုင်ငံပေါင်း (၃၂)နိုင်ငံရဲ့ လက်ရွေးစင်အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ တကယ့် ပြိုင်ပွဲကြီးတစ်ခုပါ။ မြန်မာဘောလုံးအသင်း အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့မရှိပေမယ့် ကံကောင်းစွာနဲ့ပဲ ထိုင်းအသင်းက မောင်သန့်ကို သူတို့အသင်းမှာ ကစားပေးဖို့ တောင်းဆိုထားပါတယ်။ "ကျွန်တော် အပြင်းအထန် လေ့ကျင့်နေရပါတယ်။ အင်္ဂလန်ထဲမှာ ရှိတဲ့ နိုင်ငံတစ်နိုင်ငံချင်းဆီကို ကိုယ်စားပြုပြီး အကောင်းဆုံးလူတွေ ရွေးပြီးပြိုင်ကြတာဆိုတော့ ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးနဲ့ အခြား ဥရောပက ဘောလုံးကင်းထောက်တွေ လာရောက် လေ့လာမယ်လို့ သိရပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာနိုင်တယ် မဟုတ်လား"
မောင်သန့်ဟာ လက်ရှိ အင်္ဂလန်မှာ ရှိနေပေမယ့် မြန်မာလူမျိုးတစ်ယောက် ဖြစ်တာကြောင့် မြန်မာ့ဘောလုံး နဲ့လည်း အဆက်တော့ မပြတ်ခဲ့ပါဘူး။ မြန်မာ့ဘောလုံးနဲ့ ပတ်သက်ပြီး ရနိုင်သမျှ အချက်အလက်တွေကို ရှာဖွေဖတ်ရှုခဲ့ပါတယ်။ တစ်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာဖို့ စိတ်ကူးများ မရှိဘူးလားလို့ မေးကြည့်တော့ "ကျွန်တော့်မှာ အဲဒီစိတ်ကူး ရှိပါတယ်။ တကယ်လို့များ ပြန်လာဖြစ်ခဲ့ရင် ကျွန်တော် ဒီမှာ (၅)နှစ်တာ နိုင်ငံခြား အတွေ့အကြုံနဲ့ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှု၊ ကြိုးစား အားထုတ်မှုတွေ ပေါင်းပြီး ရည်မှန်းထားတဲ့ အတိုင်းအတာ တစ်ခုအထိ အရောက်သွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်"
မြန်မာ့ ပရိုဘောလုံးလောကမှာ ခြေချဖို့ကိစ္စနဲ့ ပတ်သက်လို့တော့ "ကျွန်တော် ကစားချင်ပါတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် ချက်ချင်း ပြန်မလာနိုင်သေးပါဘူး။ နေရှင်နယ်လိဂ် ကလပ်အသင်း တစ်သင်းနဲ့ တော့ နှုတ်အားဖြင့် ဆွေးနွေးတာမျိုး လုပ်ဖူးပါတယ်။ ပြန်လာဖြစ်ခဲ့ရင် ကျွန်တော့်အတွက် အကောင်းဆုံး ဖြစ်မယ့် အသင်းတစ်သင်းကို ရွေးချယ်ပါ့မယ်" လို့ မောင်သန့်က ဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့ရဲ့ လက်ရွေးစင်ကစားသမား ရည်မှန်းချက်ကို ဖွင့်ဟခဲ့ပါတယ်။ "ကျွန်တော့် အဓိက ရည်မှန်းချက်က နိုင်ငံ့လက်ရွေးစင် ဖြစ်ဖို့ပါ။ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားကို ရောက်သွားပေမယ့် တစ်နေ့ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် အကောင်းဆုံး ကစားပေးချင်တဲ့ ရည်မှန်းချက်ကတော့ ပျက်မသွားပါဘူး။ ကျွန်တော် ဒီမှာ ရနိုင်သမျှ ဘောလုံးပညာ၊ အတွေ့အကြုံတွေ ယူနေပါတယ်။ ကျွန်တော် ပြန်ရောက်လာတဲ့အခါ ကိုယ့်တတ်ထားတဲ့ ပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေး ပြုသွားမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်"
ဘယ်လိုအခက်အခဲ၊ ဘယ်လို အတားအဆီးမျိုးပဲကြုံကြုံ မောင်သန့် တစ်ယောက်ကတော့ မရမက ရုန်းကန် ရှင်သန်နေခဲ့ပါတယ်။ သူဖြစ်ချင်တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက် ဖြစ်ဖို့ အရာအားလုံးကို စွန့်ပြီး မဆုတ်မနစ် ကြိုးပမ်းခဲ့ပါတယ်။ သိပ်မကြာခင် ကာလအတွင်းမှာ သူ့ဘဝအတွက် အချိုးအကွေ့ အသစ်တွေ ကြုံရကောင်း ကြုံရနိုင်ပါတယ်။ အင်္ဂလန်မှာ နေထိုင်ရင်းကပဲ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်အဖြစ် ရပ်တည်ခွင့် ရသွားမှာလား၊ မိခင်နိုင်ငံဆီ အရောက်ပြန်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် အနေနဲ့ အသက်မွေးမလား၊ သူ့ရည်မှန်းချက် အတိုင်း လက်ရွေးစင် ကစားသမား တစ်ယောက် ဖြစ်လာမလား ဘယ်သူ့ဘယ်သူမှ ကံသေကံမ မပြောနိုင်သေးပါဘူး။ သူနဲ့ အွန်လိုင်းပေါ်ကနေ တွေ့ဆုံအင်တာဗျူးခန်းရဲ့ အဆုံးသတ် စကားလုံးကတော့ ...
"မေမေလည်း သားဘောလုံးသမား တစ်ယောက်ဖြစ်ခဲ့ရင် ဂုဏ်ယူနိုင်ပါစေလို့ ဆုတောင်းပါတယ်" တဲ့။
မှတ်ချက်။ ။ Soccer Myanmar အားကစားဂျာနယ် Vol.1 No.28 မှ ဖော်ပြပါရှိသည့် ဆောင်းပါးအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။
မိုးဝေ