ကရင်ပါတီအဖွဲ့ဝင် ဆင်ဖြူတွေ့ဟုဆို


ကရင်ပါတီအဖွဲ့ဝင် ဆင်ဖြူတွေ့ဟုဆို

ကရင်ပြည်သူ့ပါတီ အဖွဲ့ဝင် တဦးပိုင် ဆင်ဖြူဟုဆိုသော ဆင်မတကောင်ကို  တောင်ငူခရိုင် သစ်တော ဦးစီးဋ္ဌာနကို အောက်တိုဘာ ၁၅ ရက်နေ့က အပ်နှံလိုက်ကြောင်း သိရသည်။

မြန်မာပြည်က ဆင်ဖြူတော်များ

မြန်မာပြည်က ဆင်ဖြူတော်များ

ပဲခူးတိုင်း၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင်း တောင်ငူသားတဦးဖြစ်သူ ပိုင်ရှင် ဦးစောမိုချေး၏ သစ်ဆွဲရာတွင် ခိုင်းစေသည့် ခင်ဥမ အမည်ရှိ ဆင်ယဉ်၊ ဆင်မဲမမှ တနင်္လာနေ့၌ မွေးခဲ့ခြင်းဖြစ်ကာ ကရင်စကားဖြင့် “မိုဂေမယ်” ဟု အမည်ပေးထားသည်။

“လောလောဆယ် အစိုးရဋ္ဌာနက တာဝန်ယူပြီး ကြည့်နေမယ်။ ဆင်ဖြူတော် အဂါင်္ရပ်နှင့် ကိုက်ညီမူ ရှိ၊ မရှိ စစ်ဆေး တာ ၈ဝ ရာခိုင်နှုန်းလောက်တော့ ကိုက်ညီတယ် ပြောတယ်” ကရင်ပြည်သူ့ပါတီ၏ ဒုဥက္ကဋ္ဌ ဦးစောစေးဝါး က မဇ္စျိမကို ပြောသည်။

လေးလသား အရွယ်ရှိ ယင်းဆင်အား ဆင်ဖြူတော်တွင် ပါရှိရမည့် မျက်လုံးအရောင်၊ ခြေသည်း အရောင် စသည့် အင်္ဂါရပ်ဆိုင်ရာများနှင့် ပြည့်စုံခြင်း ရှိ၊ မရှိကို စစ်ဆေးနေခြင်း ဖြစ်ကာ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းလည်း လာရောက် ကြည့်ရှုခဲ့သည်ဟု သိရသည်။

ဆင်ပေါက်၏ နဖူးနှင့် တင်ပါးတွင် အနီညိုအကွက် အနည်းငယ် ပါရှိနေမူကြောင့် ဆင်ဖြူတော် စာရင်းဝင်၊ မဝင် ကိုမူ သံသယရှိနေကြသည်။

ဆင်ဖြူတော် ဟုတ်၊ မဟုတ် စစ်ဆေးခံနေသည့် အဆိုပါဆင်ကို အုတ်တွင်းမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ် ကား လမ်းမမှ တောလမ်းခရီး ၁၅ မိုင် အကွာ တောအတွင်းရှိ ရေပုတ် ဆင်ကြောင်းစခန်းမှ ပေါက်ဖွားခြင်း ဖြစ်သည်။

ယင်းဆင်ကို အောက်တိုဘာလ ၁၅ ရက်နေ့က သက်ဆိုင်ရာသို့ အပ်နှံကာ လက်ရှိတွင် အုတ်တွင်းမြို့ ကားလမ်းမှ မိုင် ၂ဝ အကွာရှိ အစိုးရ ဆင်စခန်းသို့ ပြောင်းရွှေ့ထားသည်။

“ဆင်ဖြူတော်ဆိုတာ ရှားပါးပစ္စည်း၊ ရတနာတန်းဝင် ဖြစ်တယ်ဆိုတော့ နိုင်ငံတော်ပဲ ပိုင်ဆိုင်သင့်တယ်။ နိုင်ငံတော် အတွက် ဂုဏ်သရေရှိအောင်၊ အပြောင်းအလဲကာလအတွင်းမှာ ပိုပြီးတော့ ကိုယ့်ဖာသာ ကိုယ်လည်း ယုံကြည်မူ ရှိသွားအောင်” ဟု ဦးစောစေးဝါက ဆိုသည်။

ယခု စစ်ဆေးခံနေသည့် ဆင်ပေါက်မှာ ဆင်ဖြူတော် ဖြစ်မည်ဆိုပါက ယခုအစိုးရသစ် လက်ထက်တွင် ပထမဆုံး ဖမ်းမိသည့် ဆင်ဖြူတော်ဖြစ်မည် ဖြစ်ကာ နိုင်ငံတော်က အဆိုပါ ဆင်ကို လက်ခံရရှိခြင်း ရှိကြောင်း ကြေညာခြင်း မရှိသေးကြောင်း ဆင်ပိုင်ရှင်ထံမှ သိရသည်။

မကြာသေးခင်ကလည်း ရခိုင်ပြည်နယ် မောင်တောမြို့နယ် မေယူတောင်တွင် ဆင်ဖြူတကောင် တွေ့ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ကာ ဘူးသီးတောင်အခြေစိုက် အမှတ် ၂၃၄ တပ်ရင်းမှ တပ်ရင်းမှူး ကိုယ်တိုင် လိုက်လံ ရှာဖွေနေကြောင်း ရခိုင်ပြည်နယ်သတင်းများအား အသားပေးဖော်ပြနေသည့် နိရဉ္စရာ သတင်းဌာနတွင် ဖော်ပြ ထားသည်။



ဆင်ဖြူတော်

ရှေးမြန်မာမင်းများသည် ဆင်ဖြူတော်များကို အလွန်ပင် အရေးထားခဲ့ကြကြောင်း တွေ့ရှိရသည်။ အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်(သီရိလင်္ကာ)၊ မလေးဆူးမတြား၊ ယိုးဒယား စသော အာရှတိုက်သားတို့သည် ရှေးအခါက ဆင်များကို အများအပြား သုံးစွဲခဲ့ကြ၏။

ဆင်နှင့်ဆိုင်သော (တိရစ္ဆာန်ဗေဒ) ပညာရပ်များကို သိရှိနားလည်ကြသည့် ဂဇင်ကိစ္ဆ(ဆင်ကုထုံး) ကျမ်းအမျိုးမျိုးတို့ကိုလည်း ရေးသားခဲ့ကြသည်။ ဆင်ကြန်ကျမ်းများတွင် ဆင်ဇာတ်အမျိုးမျိုး၊ ဆင်ဖြစ်ရာဒေသ အမျိုးမျိုး၊ ဆင်ကြန်အင် လက္ခဏာအမျိုးမျိုး၊ အကျိုးအပြစ် အမျိုးမျိုး၊ အသုံးပြုနည်း အမျိုးမျိုးတို့ကို အကျယ်တ၀င့် ရေးသားဖော်ပြခဲ့ကြ၏။
ပိဋကတ်ကျမ်းထွက် ဆင်ဖြူတော်များ---

ပိဋကတ်တော် အဖွင့်များဖြစ်သော ၀ိဘင်း အဋ္ဌကထာ၊ မူလပဏ္ဏာသ မဟာသီဟနာဒသုတ်၊ အဋ္ဌကထာ စသည်တို့၌

(၁) ကာဠာ၀ကဆင်
(၂) ဂင်္ဂေယျဆင်
(၃) ပဏ္ဍရဆင်
(၄) တမ္ဗဆင်
(၅) မိင်္ဂလဆင်
(၆) ဂန္ဓဆင်
(၇) မင်္ဂလဆင်
(၈) ဘေမဆင်
(၉) ဥပေါသထဆင်
(၁၀) ဆဒ္ဒန္တဆင် ဟူသော ဆင် ၁၀-မျိုးတို့ကို ပြဆိုထား၏။

တဖန် ကာဠာ၀ကဆင်ကလည်း ဂီရိစရ(တောင်နေဆင်)၊ နဒီစရ (မြစ်နေဆင်)၊ ၀နစရ (တောနေဆင်)၊ စသည်ဖြင့် အမျိုးများစွာ ရှိပြန်သေးသည်ဟု သီဟနာဒသုတ်ဋီကာ စသည်တို့တွင် ပြဆိုထား၏။
ဗေဒင်ကျမ်းထွက် ဆင်ဖြူတော်များ---

(၁) ဘဒြဆင်
(၂) မန္တဆင်
(၃) မိဂဆင်
(၄) သံကိဏ္ဏဆင်
(၅) မိဿရဆင်
(၆) ကေဒန္တဆင်
(၇) ဒန္တဘင်္ဂဆင်
(၈) ကုဉ္စရဆင်
(၉) ပါသတ္တိဆင် ဟူသော ဗေဒင်ကျမ်းထွက်ဆင် (၉)စီးတွင် ဘဒြဆင်မှာ ဆင်ဖြူတော်မျိုး ဖြစ်သည်။

အရပ် (၇)တောင်ရှိသည်။ အလျား (၉)တောင် ရှိသည်။ လုံးပတ် ၃၀-တောင်ရှိသည်။ တော၀က်ထီးနှင့် တူသော ခြေလေးဖက်ရှိသည်။ ပျားရည်အဆင်းနှင့်တူသော အစွယ်ရှိသည်။ လောက်လေးကိုင်းနှင့်တူသော ကျောကုန်ရိုး ရှိသည်ဟုလည်း ဆို၏။
အခြားတနည်းမှာ

(၁) မဟာကဏ္ဏဆင်
(၂) ၀ီသနဆင်
(၃) သီဟဇင်္ဂဆင်
(၄) ဂေါပုစ္ဆဆင်
(၅) ဒန္တိဥက္ခဆင်
(၆) ဧကဒန္တဆင်
(၇) နာဂဌိတဆင်
(၈) သေတဆင်-ဟူသော ဗေဒင်ကျမ်းထွက်ဆင် ၈-စီးပြဆိုထားသည်။ ထိုအထဲတွင် သေတဆင်သည် ဆင်ဖြူတော်ပင် ဖြစ်၏။

ဆင်ဖြူ ၁၂-မျိုး

ရိုးရာအစဉ်အလာအရ ဆင်ဖြူ ၁၂-မျိုးဟူ၍ ရှိသေးသည်။ ယင်းတို့မှာ-

၁။ ရတနာသရဖူ ဆင်ဖြူတော် (ငွေသားရောင်ကဲ့သို့ ဦးကင်းဖြူသည်)

၂။ ရတနာပလ္လင် ဆင်ဖြူတော် (ဘုရင်မင်းမြတ်တို့ ထိုင်သည့်နေရာ၌ ဖြစ်သည်)

၃။ ရတနာက တင် ဆင်ဖြူတော် (ဆင်ကတင်သည့် နေရာတွင် ဖြူသည်)

၄။ ရတနာ ကျည်း ဆင်ဖြူတော် (ကိုယ်ပြင်၏ လက်၀ဲလက်ယာ၌ ဖြူသည်)

၅။ ရတနာ ထောက်ရှည် ဆင်ဖြူတော်

(လှည်းဘီးခန့်နံ၏ အပြင်ဘက်၌ ဖြူသည့်ပြင် ခြေထောက်လေးဖက်လည်း ဖြူသည်)

၆။ ရတနာပြာသာဒ် ဆင်ဖြူတော် ( ကုန်းဖြူသည်)

၇။ ရတနာသိမ်း ၁-ဆင်ဖြူတော် (သရက်စေ့မှ ခါးအထိ တံရောက်အရေပါဖြူသည်)

၈။ ရတနာပုံ ဆင်ဖြူတော် (မေးအဆုံး မေးစေ့ဖြူသည်)

၉။ ရတနာဆုပ်ဆင်ဖြူတော် ( နှာရုံ နှာဖျားလှထွားဖြူသည်)

၁၀။ ရတနာကြန့် ဆင်ဖြူတော် (၀မ်းတွင်းကျော်တလျှောက် ဖြူသည်)

၁၁။ ရတနာယပ် ဆင်ဖြူတော် (နားရွက်နှစ်ဖက် ငွေစင်ကဲ့သို့ ဖြူသည်)

၁၂။ ရတနာ ကြန်စုံဆင်ဖြူတော် (တကိုယ်လုံးဖြူသော ဆင်ဖြူတော်)

ထို ဆင်ဖြူတော် ၁၂-မျိုးတို့တွင် ရတနာကြန်စုံ ဆင်ဖြူတော်သာလျှင် ဆင်ဖြူတော်အစစ် ဖြစ်သည်။ ကျန် ၁၁-မျိုးမှာ သာမည အဖြူရောင်ပါရှိ၏။ ဆင်ဖြူဟု ခေါ်ဆိုရခြင်းဖြစ်သည်။ တကိုယ်လုံးဖြူသော ဆင်ပင်ဖြစ်စေကာမူ အမျိုးနိမ့်မြင့် ကွဲပြားလေသည်။ ကြန်အင်လက္ခဏာလည်း ကွဲပြားသေးကြောင်း သတိရမှတ်သားသင့်၏။

ဆင်ဖြူတော်ဆိုင်ရာ စာတမ်းများ

ဆင်ဖြူတော်များ အကြောင်းဆိုင်ရာ စာတမ်းများမှာ---

၁။ စစ်လျှင် ထောင်မှူးရှင်ထွေးညို စပ်ဆိုသော ရွှေစာတိုင် ဆင်ဖြူတော်မော်ကွန်း။

၂။ တွင်းသင်းမင်းကြီး စပ်ဆိုသော ပုဏ္ဍရိက ဆင်တော်မော်ကွန်းနှင့် ၀ရသေတဂိရိ ဆင်တော်မော်ကွန်း။

၃။ လက်ဆောင်ယူမှူးရှင် သံကိုယ် စပ်ဆိုသော ရတနာ ပြောင်မွန် ဆင်တော်မော်ကွန်း။

၄။ အတွင်း၀န်ထောက် မောင်ညို စပ်ဆိုသော ရွှေမင်းတုန်း ဆင်တော်မော်ကွန်း။

၅။ ပိဋကတ်တိုက်၀ါး ရမ္မသီရိကျော်ထင် စပ်ဆိုသော ဆဒ္ဒန်ပြောင်ကျော် ဆင်တော်မော်ကွန်း စသည်တို့

ဖြစ်ကြ၏။

မြန်မာဘုရင်များနှင့် ဆင်ဖြူတော်များ---

ဆင်ဖြူတော်များကို ရှေးမြန်မာမင်းများသည် အလွန်ပင် အရေးထားခဲ့ကြ၏။

ဆင်ဖြူတော် တစီးရလျှင် တစ်စီးရှင်-ဟူ၍၄င်း၊

လေးစီးရလျှင် လေးစီးရှင်-ဟူ၍၄င်း၊

ငါးစီးရလျှင် ငါးစီးရှင်-ဟူ၍၄င်း၊

အများရလျှင် ဆင်များရှင်-ဟူ၍၄င်း

ဆင်ဖြူဆင်နီများရှင်-ဟူ၍၄င်း အမျိုးမျိုးပင် ဂုဏ်ယူကာ အမည်ခံတတ်ကြ၏။

ပင်းယခေတ် တစီးရှင် သီဟသူ (၆၇၄-၆၈၄)သည် တစ်စီးရှင်-ဟူသော အမည်ကို ခံယူလိုသည်။ ထို့ကြောင့် စမုံမြစ်တွင် မျောပါလာသော ဆင်ဖြူမ (အသေကောင်)ကိုပင် ဆယ်ယူရန် ညှပ်လုပ်ကာ စက်ဖြင့် ထူပြီး ရတနာကတင်၍ စီးတော်မူသည်-ဟု ရာဇ၀င်တွင် အထင်အရှား ဆိုထား၏။

ဆင်ဖြူရသော မင်းများကိုလည်း ဆင်ဖြူမရသော မင်းများက ခံ့ညားရိုသေတတ်ကြသည်။ ဥဇနာမင်း (၆၈၄-၇၀၄) သည် ကျော်စွာမင်း (၇၀၄-၇၁၂) အား ဆင်ဖြူငါးစီးရသည်ဟု ကြားသောကြောင့် ညီ,မခေါ်ဖူးဘဲ ညီခေါ်သည်ဟု ဆို၏။

ဟံသာ၀တီ မင်းတရားကြီးသည် ယိုးဒယားသို့ စစ်နှစ်ကြိမ် ချီတက်သည်။ ပထမအကြိမ် တက်ခြင်းမှာ ယိုးဒယားတွင် ဆင်ဖြူလေးစီး ရှိသည့်အနက် တစီးတောင်းသည်ကို မရသောကြောင့် ချီတက်ခြင်းဖြစ်သည် ဟု ရာဇ၀င်များတွင် ပြဆိုထား၏။

အမြင့်မြတ် အကြီးကျယ်ဆုံး---

မြန်မာမင်းများ လက်ထက်တော်အခါက ဆင်များကို ထူးဆင်၊ ထူးဆင်မတော်၊ စီးစုဆင်မတော်၊ စီးတော်ကြီး၊ ရွေးဆင်၊ ၀င်းဆင်၊ ထမ်းဆင်တော်၊ ၀န်ရည်ဆင်တော်၊ မှိန်သစ်ဆင်တော်၊ ကျင်းဆင်၊ ဆင်မင်း စသည်ဖြင့် ခွဲခြားထားသည်။ ထိုအထဲတွင် ဆင်မင်းမှာ အမြင့်မြတ် အကြီးကျယ်ဆုံးဖြစ်၏။

ဆင်အမှုထမ်း---

မြန်မာမင်းများလက်ထက်တော်အခါက ဆင်၀န်၊ အောက်မား၀န်၊ ဆင်မှူး၊ ဆင်စာချီ၊ ဆင်ကဲ၊ ဆင်တိုင်အမှုထမ်း၊ ရွေလွန်အမှုထမ်း၊ ကျုံးမှူး၊ ယရည်း၊ ဆင်အစီရင်၊ ဆင်ဆေးသမား၊ ဆင်ဆော်၊ ဆင်အမှုထမ်း စသည်ဖြင့် အရာထမ်း၊ အမှုထမ်းများကို စေ့ငအောင်ခန့်ထား စီမံခဲ့ကြောင်း သိရှိရ၏။

ဆင်၀န်ဖြစ်ထိုက်သူတွင်

(၁) တိရစ္ဆာန်တို့အား သားသမီးကဲ့သို့ သနားချစ်ခင်ခြင်း။

(၂) သင့်တော်သော အစားကို သိခြင်း။

(၃) တိရစ္ဆာန်ဆေး၀ါး ကုသရေး၌ လိမ္မာခြင်း။

(၄) ယဉ်ကျေးအောင် ဆုံးမတတ်ခြင်း။

(၅) ဇာတ်အင်္ဂါလက္ခဏာတို့ကို သိတတ်ခြင်း စသော လက္ခဏာ ၅-ချက် ရှိရမည်ဟုဆို၏။

ထို့ပြင်လည်း ဆဒ္ဒန်ဆင်မင်း၀န်-ဟူ၍လည်းကောင်း၊ ဆင်မင်း၀န်ထောက်-ဟူ၍လည်းကောင်း၊ ဆင်မင်း နာခံ၊ ဆင်မင်းစာရေးကြီး၊ ဆင်မင်းနောက်ထိုင်၊ ဆင်မင်းမြတ်ပို့ စသည်ဖြင့် သီးသန့်ခန့်ထား စီမံကြောင်း ကိုလည်း သိရှိရ၏။

မင်းတုန်းမင်းတရားကြီး လက်ထက်---

မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင် မောရိယ ပစ္စယနာဂရာဇာ-ဆင်မင်းအတွက် ဆင်မင်း၀န်အပြင် လခ-၁၂၀-စား၊ ဆင်မင်းနာခံ လေးဦးခ ၁၂၀-စား၊ စာရေးကြီး လေးဦး၊ လခ-၃၀၀-စား ဆင်မင်း နောက်တော်ထိုင် ဆယ်ဦး။ ဆင်မင်းနှင့် (ဆင်ဖြူတော်များ) မြတ်ပို့ လခ ၇၅-ကျပ်စား အမှုထမ်း ၇-ဦး စသည်ဖြင့် ရှိခဲ့ကြောင်း သိရ၏။

ဆင်ဖြူတော်အကြောင်း သိကောင်းစရာ---

ရှေးမြန်မာမင်းများ လက်ထက်တော်အခါက ဆင်ဖြူတော်ကို ကြိုဆိုသည့် အခမ်းအနားနှင့် အကြောင်းအရာများ၊

ဆင်ဖြူတော်ကို သိမ်းယူသည့် အခမ်းအနားများနှင့် အကြောင်းအရာများ၊

ဆင်မင်းနန်းတော် ဆောက်လုပ်၍ ပုံအကြောင်းအရာများ၊

ဆင်ဖြူတော်များ ကံကုန်လျှင် သင်္ဂြိုဟ်သည့် အခမ်းအနားများ၊

ဆင်ဖြူတော်ကို ခေါင်းဆေးသင်္ကြန်တော် ခေါ်ပုံ အခမ်းအနားနှင့် အကြောင်းအရာများ၊

ဆင်ဖြူတော်ကို တန်ဆာဆင်သပုံ အကြောင်းအရာများကို ရာဇ၀င်တော်ကြီးနှင့် ဆိုင်ရာစာတမ်းများတွင် အကျယ်တ၀င့် ပါရှိ၏။

ကုန်းဘောင်ခေတ် ဘိုးတော်ဗဒုံမင်းတရားကြီး လက်ထက်တွင် အလွန်ထင်ရှား ကျော်စောသော နိဗ္ဗနပစ္စယနနာဂရာဇာ-ဆင်မင်းအကြောင်းနှင့် ဆင်ဖြူတော်မ သီရိမလ္လာမဟာသုဘတ္တာ-အကြောင်းများကို ရာဇ၀င် ခန်းများနှင့်ဆို်င်ရာ စာတမ်းများတွင် အကျယ်တ၀င့် ရေးသားဖော်ပြထား၏။

သုတေသနပြုသင့်---

အထက်ထော်ပြပါ ဆင်ဖြူတော် အကြောင်းအရာများမှာ မပြည့်စုံသေးပေ။ ဆင်ဖြူတော်အကြောင်း နိဒါန်း မျှသာဖြစ်၏။

ကမ္ဘာပေါ်ရှိတောတောင်တိုင်း၌ ဆင်များရှိသည် မဟုတ်ပေ။ အာရှနှင့် အာဖရိက တောတောင်များ၌သာ ဆင်များကို တွေ့ကြရသည်။ ယင်းသို့ ဆင်များကို တွေ့ရှိသည့်တိုင်အောင် ဆင်ဖြူတော်မှာ အလွန်ရရှိခဲသော ရတနာတပါးဖြစ်၏။

ဆင်နှင့်ပတ်သက်၍ ဗေဒင်လာ ဆင် ၃၈၊ ဟေမ၀န်နေ ဆင် ၄၄၊ ကျွမ်းဆင် ၈၁-မှစ၍ ဆင်အမျိုးအစားပေါင်း များစွာရှိသည်။ ထို့အပြင်လည်း ရုပ်ပုံနှင့်တကွ ဆင်ကျမ်းများနှင့် ဆင်ဖြူတော်အကြောင်း မူကွဲများစွာလည်း ရှိသေးသည်ဆို၏။

ဆင်ဖြူတော်များအကြောင်းကို ရာဇ၀င်များ၌၄င်း၊ ဆိုင်ရာစာတမ်းများ၌၄င်း၊ ရှေးစာဟောင်း ပေဟောင်းများ၌၄င်း ပါရှိသည်များကို စုစည်း၍ ပညာရှင်များက သုတေသနပြုပြီး စာတအုပ် ကျမ်းတစောင်အဖြစ် ပြုစုထားသင့်ပေသတည်း။

ကျမ်းကိုးစာရင်း။ ။

(၁) ဆရာကြီး ဦးဘိုးမြစ်၏ လောကဟိတရာသီကျမ်း၊(၁၂၆၅-ခုနှစ် တော်သလင်းလတွင် ပုံနှိပ်)

(၂) ဆရာကြီး ဦးသာဂရ စီစဉ်ရေးသားသည့် သုတသန္နိစယမူကျယ်ကျမ်း။

(၃) ၀ဏ္ဏကျော်ထင် ဦးသာတင်၏ ဆင်ဖြူတော်ရတနာ (ဆောင်းပါး) ယဉ်ကျေးမှုစာစောင်

အတွဲ ၃၊ အမှတ် ၅၊ ၁၉၅၉-ခုနှစ် အောက်တိုဘာလ။

အားလုံးသတ္တဝါ ချမ်းသာပါစေ။

သုတေသီ မြင့်ထွန်း (ငွေတာရီမဂ္ဂဇင်း ၂၀၀၃-ခု ဖေဖော်ဝါရီလ)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection