ဧရာ၀တီအရေး ဒေါ်အောင်ဆန်းစုကြည် ပြောပြီ
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာ၀တီမြစ်ကြီး အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် ပူးပေါင်း ဖြေရှင်းရန် လိုအပ်ကြောင်း ပန်ကြားချက်တစောင်ကို ကြာသပ တေးနေ့တွင် ရေးသား ထုတ်ပြန်လိုက်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် အခမ်းအနား တခု၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဧရာ၀တီမြစ်တွင် ပြဿာနာပေါင်းစုံ ဖြစ်ပေါ်လာ ရခြင်းမှာ စနစ်ကျသည့် စီမံကိန်းများ မရှိခြင်း၊ ထိမ်းသိမ်းမှုဆိုင်ရာ ဥပဒေများကို မလိုက်နာခြင်း၊ သဘာ၀ပတ်၀န်းကျင် ဆိုင်ရာ အသိပညာနှင့် ဗဟု သုတ အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် ပန်ကြားချက် တွင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားသည်။
“ဧရာ၀တီမြစ်နှင့် ဆက်စပ်၍ ဖြစ်ပေါ်လာသော သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ အတတ် ပညာဆိုင်ရာ နှင့် နိုင်ငံရေးဆိုင်ရာ ပြဿနာအလုံးစုံကို ကျွန်ုပ်တို့အားလုံး ပူးပေါင်းခြင်းဖြင့် အောင်မြင်စွာ ဖြေရှင်းနိုင်ကြပါမည်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ထားသည်။
မြစ်တလျှောက် အငြင်းပွားဖွယ်ရာ ရေအားလျှပ်စစ်စီမံကိန်းများအပြင် သစ်တောပြုန်းတီးခြင်း၊ မြစ်ရေညစ် ညမ်းခြင်း စသည့် ဧရာ၀တီကို အန္တရာယ်ပေးနေသည့် အကြောင်းအရာများစွာကို ပန်ကြားချက်တွင် ဖော်ပြ ထားသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးတွဲ ဆောင်ရွက်သည့် ဆည် ၈ ဆည် စီမံကိန်း သို့မဟုတ် မြစ်ဆုံစီမံကိန်းကြောင့် ဧရာ၀တီမြစ်အစပိုင်း ကချင်ပြည်နယ် မြစ်ဆုံဒေသရှိ ကျေးရွာ ၆၃ ရွာ နှင့် ဒေသခံ တသောင်းကျော် နေရာပြောင်းရွှေ့ရမည်ဖြစ်ပြီး ဒေသခံများ သင့်လျော်သည့် လျော်ကြေး ရရှိရန် မသေချာကြောင်း ထောက်ပြ ထားသည်။
စီမံကိန်းကြောင့် အကျိုးအမြတ်များ ရရှိသော်လည်း ဆိုးကျိုးများ ရှိပုံကို ထောက်ပြထားပြီး နောက်ဆက်တွဲ ပြဿနာများကို မြန်မာနှင့် တရုတ် အာဏာပိုင်တို့ ရှောင်ရှားလိုကြမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။
စီမံကိန်းအတွက် ငွေကြေးအမြောက်အများ သုံးစွဲရမည်ကို သတိထားမိကြောင်း၊ အမျိုးသားရေးနှင့် နိုင်ငံ တကာ သဟဇာတဖြစ်ရေးကို ရှေ့ရှုကာ သက်ဆိုင်သူ အားလုံးက စီမံချက်ကို ပြန်လည် သုံးသပ်ပြီး မလိုလား အပ်သော အကျိုးဆက်များကို ရှောင်ရှားလျက် ဧရာ၀တီမြစ်ကို ကာကွယ်လိုသူ အားလုံး၏ စိုးရိမ်စိတ်များ ဖြေဖျောက်နိ်ုင်မည့် အဖြေတခုကို ပူးပေါင်း ရှာဖွေကြရန်လည်း တိုက်တွန်းထားသည်။
“မဟာမြစ်ကြီး” ဟု အဓိပ္ပာယ်ရသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ဧရာ၀တီမြစ်သည် ဂေဟ စနစ် ပြောင်းလဲ သွားပါက မြန်မာနိုင်ငံမြောက်စွန်းနေ တိုင်းရင်းသား လူမျိုးစုများမှ မြစ်၀ကျွန်းပေါ်ဒေသ ဆန်စပါး စိုက်ပျိုး သူများအထိ ထိခိုက်ကြမည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် လကုန်ပိုင်းက တိုင်းရင်းသားဒေသ စစ်ပွဲများ ရပ်တန့်ရေးအတွက် ကြား၀င် ဆောင်ရွက်ပေးလိုကြောင်း ကြေညာစဉ်က ကဲ့သို့ပင် ယနေ့ ထုတ်ပြန်သည့် ဧရာ၀တီမြစ်အတွက် ပန်ကြားချက်ကိုလည်း NLD ပါတီ ခေါင်းဆောင်အနေဖြင့် မဟုတ်ဘဲ တသီးပုဂ္ဂလ အနေဖြင့် ထုတ်ပြန်ခြင်း ဖြစ်သည်။
မြစ်ဆုံဆည် စီမံကိန်းဒေသသည် စင်္ကာပူနိုင်ငံခန့် အရွယ်အစား ရှိပြီး ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံကာ ၂၀၀၉ ခုနှစ် မှ စတင် ဆောက်လုပ်နေသည်။ ၁၀ နှစ် ကြာမည့် ထိုစီမံကိန်းကြောင့် သဘာ၀ ပတ်၀န်းကျင်၊ ယဉ်ကျေးမှု အမွေအနှစ်၊ စီးပွားရေး၊ လူမှုရေးတို့ ထိခိုက် ပျက်စီးမည်ဟု ပြောဆို ကန့်ကွက်နေသည့် ကြားက ထိုစီမံကိန်း ဆက်လက် လည်ပတ်နေခြင်း ဖြစ်သည်။ စီမံကိန်းနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်တွင် တရုတ်-မြန်မာ ကျွမ်းကျင်ပညာရှင်ပေါင်း ၁၀၀ ကျော် ပါ၀င်သည့် စူးစမ်း လေ့လာရေးအဖွဲ့က ၆ လကြာ သုတေသန လုပ်ခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာခြင်းမရှိဟု သိရသည်။
လေ့လာ သုတေသနပြုချက်များတွင် စီမံကိန်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုး အလွန် များပြားနိုင်ကြောင်း ထောက်ပြထားကြသည်ဟု ဆိုသည်။
သို့သော်လည်း အင်္ဂါ နှင့် ဗုဒ္ဓဟူးနေ့ထုတ် အစိုးရ သတင်းစာများတွင် စီမံကိန်းကြောင့် ဆိုးကျိုးများဖြစ် လာမည် ဟူသော ေ၀ဖန်ချက်များမှာ လုပ်ကြံပြောဆိုချက်များ ဖြစ်ကြောင်း၊ နိုင်ငံအတွက် စိုးရိမ်စရာ မရှိသည့် စီမံကိန်းဖြစ်ကြောင်း တုံ့့ပြန် ရေးသားထားသည်။
ဤအတောအတွင်း ဧရာ၀တီမြစ်အတွက် ရတက်မအေးသူ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ ထုတ်ဖော်ပြောဆိုမှု၊ ေ၀ဖန်မှုများ အဆက်မပြတ် ထွက်ပေါ်နေသည်။
လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေကြသူများထဲတွင် သတင်းစာဆရာ လူထုစိန်၀င်း၊ ကဗျာဆရာ မောင်စိန်၀င်း(ပုတီးကုန်း) ၊ Eleven Media Group စသည့် ထင်ရှားသူများ၊ အဖွဲ့များ ပါ၀င်သည်။
ဟစ်ဟော့ပ် အဆိုတော်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ဇေယျာသော်က “ဧရာ၀တီမြစ်ကြီး စီးဆင်းနေသမျှ ကာလပတ်လုံး ကျနော်တို့ နိုင်ငံရဲ့ သွေးတွေဟာလည်း ဒီမြစ်ထဲမှာ စီးဆင်းလာသလို ခံစားရပါတယ်။ အဲဒါကြောင့် ဧရာ၀တီမြစ်နဲ့ ပတ်သက်ပြီး နိုင်ငံကို ချစ်သလို ဧရာ၀တီမြစ်ကိုလည်း ထပ်တူ ချစ်ပါတယ်။ တန်ဘိုးလည်း ထားပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံဟု ဆိုလိုက်သည်နှင့် ဧရာ၀တီက အမြဲ ဒွန်တွဲပါလာကြောင်း၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုသည် ဧရာ၀တီမြစ်ကြီးနှင့် ခွဲခြား၍ မရကြောင်း ဇေယျာသော်က ဆက်ပြောသည်။
ဧရာ၀တီမြစ်အား ဖျက်ဆီးနေခြင်းကို ကန့်ကွက်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ အမေရိကန်နိုင်ငံရောက် ကိုမောင်မောင်၀မ်းက ပြောသည်။
အမျိုးသားရေးတာ၀န်တခုအနေဖြင့် “ဧရာ၀တီကို ကယ်တင်ကြ” ရန် ပြောဆို ဆွေးနွေးသံများက အင်တာ နက် လူမှုကွန်ရက် စာမျက်နှာများတွင် ပိုမိုကျယ်လောင်လာကြောင်း တွေ့ရသည်။