ထိုင်း ဝန်ကြီးချုပ်သစ်ကြောင့် မြန်မာအမျိုးသမီးများ အားတက်

ထိုင်း ဝန်ကြီးချုပ်သစ်ကြောင့် မြန်မာအမျိုးသမီးများ အားတက်  

ထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီး၀န်ကြီးချုပ် အဖြစ် မစ္စ ယင့်လပ်ရှင်နာ၀ပ် အရွေးချယ် ခံခဲ့ရခြင်းသည် မြန်မာ့ နိုင်ငံရေး လောက၌ လှှုပ်ရှားနေသော အမျိုးသမီးထုအတွက် အားတက်စရာ ကိစ္စတခုုဖြစ်သည်ဟု နိုင်ငံရေးလောကတွင် ဦးဆောင် နေသည့် မြန်မာအမျိုးသမီးများက ဆိုသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံ ပြည်သူများ၏ ထောက်ခံမှုဖြင့် မစ္စယင့်လပ်မှာ ပထမ ဆုံးအမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာ သည်ကို ကြိုဆိုပြီး အိမ်နီးချင်း နိုင်ငံများ နှင့် ဆက်ဆံရေး ကောင်းမွန်စေရန် ဆောင်ရွက်နိုင်မည်ဟု ထင်မြင်ကြောင်း ရန်ကုန်အခြေစိုက် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောသည်။



“အိမ်နီးချင်းနိုင်ငံမှာအမျိုးသမီး ၀န်ကြီး ချုပ်တဦး နေရာရလာတာ နိုင်ငံရေးလောကအတွက် ဂုဏ်ယူစရာ ကောင်းပါတယ်။ ကျမတို့ နိုင်ငံမှာလည်းပဲ စစ်တပ်အစိုးရ မဟုတ်တော့တဲ့အတွက် အမျိုးသမီး ခေါင်းဆောင်တွေက ရှေ့တန်းနေရာတွေ ရလာတော့မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

အသက် ၄၄ နှစ်အရွယ် ကလေးတယောက် မိခင် မစ္စယင့်လပ်သည် နိုင်ငံရေးသမားတဦး မဟုတ်သော်လည်း နိုင်ငံရေး သိပ္ပံဘာ သာရပ်ဖြင့် ဘွဲ့ရထားသည့် စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်ပြီး အဂတိ လိုက်စားမှုဖြင့် ၀ရမ်းထုတ်ခံထား ရသော ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ၀ပ်၏ ညီမအငယ်ဆုံးလည်း ဖြစ်သည်။ သူသည် နိုင်ငံရေး လောကသို့ ၀င်လာပြီး သီတင်းပတ် ၆ ပတ် အကြာ၌ ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။

၁၉၉၁ ခုနှစ်တွင် စီမံခန့်ခွဲမှု မဟာဘွဲ့ကို အမေရိကန်နိုင်ငံ ကင်တက်ကီပြည်နယ် တက္ကသိုလ်မှ ရရှိခဲ့ပြီး ရွေး ကောက်ပွဲ မ၀င်ခင် ကာလအထိ ၎င်း၏ အစ်ကို တည်ထောင်ထားသော ဆက်သွယ်ရေး ကုမ္ပဏီကြီး တခုဖြစ်သည့် Shin Co - orporation ၏ အုပ်ချုပ်မှု ဒါရိုက်တာအဖြစ် တာ၀န်ယူခဲ့သည်။

မစ္စယင့်လပ်အား အမျိုးသမီး၀န်ကြီးချုပ်တဦး အနေဖြင့် အများစုက ကြိုဆိုသော်လည်း ၎င်း၏ အစ်ကိုဖြစ်သူ ၀န်ကြီးချုပ် ဟောင်း သက်ဆင်သည် ယခင်မြန်မာစစ်အစိုးရနှင့် စီးပွားရေးကိစ္စများကို နီးကပ်စွာ လုပ်ဆောင် ခဲ့သောကြောင့် ယခုသူသည်လည်း စီးပွားရေး ကိစ္စများကိုသာ အလေးထား လုပ်ဆောင်လိမ့်မည်ဟု ခန့်မှန်း ကြသည်။

၀န်ကြီးချုပ်သစ်၏ နိုင်ငံရေး လုပ်ငန်းစဉ်များ၌ မစ္စတာသက်ဆင်၏ သြဇာလွှမ်းမိုးမှုများ နောက်ကွယ်တွင် ရှိနေမည်ဟု အများက ထင်မြင်နေခြင်းသည် မစ္စယင့်လပ်အတွက် စိန်ခေါ်မှုတခု ဖြစ်နေသည်။

ဇူလိုင် ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော ထိုင်းနိုင်ငံ ရွေးကောက်ပွဲ၌ မစ္စယင့်လပ် ဦးဆောင်သော ဖုယာ့ထိုင်း ပါတီသည် ၀န်ကြီးချုပ်ဟောင်း အဖီဆစေ်၀့ချာချီ၀ ဦးဆောင်သော ဒီမိုကရက်တစ် ပါတီအား အပြတ် အသတ် အနိုင်ရကာ အမတ်နေရာ ၂၆၂ နေရာရခဲ့၍ ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံ၏ ဘုရင်ကိုယ်တိုင် ၀န်ကြီးချုပ်အဖြစ် အသိအမှတ်ပြု ပေးခဲ့သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မစ္စယင့်လပ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်း အပေါ် ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်ရန် မျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာဒုက္ခသည်များကို မေတ္တာ၊ စေတနာ အပြည့်ဖြင့် စောင့်ရှောက်ပေးစေလိုကြောင်း ပြောဆိုထားသည်။

ထိုင်းနိုင်ငံတွင် အခြေစိုက်၍ မြန်မာအမျိုးသမီးများ အခွင့်အရေးအတွက် လှုပ်ရှားနေသူ ဒေါ်ခင်ဥမ္မာကလည်း မစ္စယင့်လပ်ကို၀န်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြောက်ခြင်းအား ကြိုဆိုကြောင်း၊ ထိုင်းနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တန်ဖိုးထားမှု အတွက်လည်း ဂုဏ်ယူကြောင်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်တွင် ဦးဆောင်မှုပြုနိုင်သော အမျိုးသမီး နိုင်ငံရေးသမား အများအပြားရှိသော်လည်း ယနေ့အချိန်ထိ နေရာပေးခြင်းမခံရမှု အပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ မြန်မာအမျိုးသမီးများသည် နိုင်ငံရေး အခန်းကဏ္ဍ၌ ခေတ်အဆက်ဆက်က ပါ၀င်ခဲ့ကြပြီး ဦးနေ၀င်း ဦးဆောင်ခဲ့သည့် စစ်တပ်အစိုးရလက်ထက်မှ ယနေ့အချိန်အထိ အမျိုးသမီး များကို ဘေးဖယ်ထားခြင်း ခံနေရကြောင်း ဒေါ်ခင်ဥမ္မာက ပြောသည်။

“မြန်မာ စစ်တပ်သာ ကတိတည်မယ်၊ လူ့အခွင့်အရေး၊ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားခဲ့မယ် ဆိုရင် မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ နေရာရတာ ၁၉၉၀ ကတည်းကပါ။ မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံထက် အမျိုးသမီး နိုင်ငံရေးသမား အများအပြား ရှိတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် ခိုင်မာသည့် ဥပဒေတရပ် ပြဌာန်းထားရန် လိုအပ်နေကြောင်းလည်း သူက ဆက်ပြောသည်။

“မြန်မာ့နိုင်ငံရေး နယ်ပယ်က အမျိုးသမီးတွေအတွက် ကန့်သတ်မှုတွေ များနေဆဲပေမယ့် ရတဲ့နေရာက ထိုးဖောက်ရုန်းထွက်ဖို့၊ လုပ်သင့်တာ နောက်မဆုတ်ဘဲ လုပ်ကြဖို့နဲ့ အမျိုးသမီးဆိုပြီး အားငယ်တဲ့ စိတ်တွေကို အမျိုးသမီးထု လူကြီး၊ လူငယ် အားလုံးက ဖယ်ရှားနိုင် ကြမယ်ဆိုရင် ရှေးတန်း နေရာတွေရလာမှာပါ” ဟု ရန်ကုန်ရှိ ၈၈ မျိုးဆက် နိုင်ငံရေး အကျဉ်းသူ ဟောင်း မခင်မိုးအေးက ဆိုသည်။

ဒေါ်သန်းသန်းနုကလည်း နိုင်ငံရေးကိစ္စ တခုတည်းသာ လုပ်ဆောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အာဏာ လွှဲမပေးခဲ့ခြင်းသည် အမျိုးသမီး တဦး ဖြစ်ခြင်းကြောင့်ဟု မယူဆကြောင်း၊ စစ်တပ် အနေဖြင့် ၎င်းတို့ အာဏာလက်မဲ့ ဖြစ်မည်ကို စိုးရိမ်၍ အာဏာ လွှဲမပေး ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“လွှတ်တော်ထဲမှာ အမျိုးသမီးနိုင်ငံရေးသမား ၁၀၀ လောက်ပဲရှိသေးတယ်။ ၀န်ကြီးအဖွဲ့မှာလည်း ဒု - ၀န်ကြီး ၂ ယောက်ပဲ
ပါသေးတယ်။ ဒီတော့ အမျိုးသမီး နိုင်ငံရေးသမားတွေ များလာအောင်စည်းရုံးရေးတွေ လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာအမျိုးသမီးများသည် နိုင်ငံရေးလောက၌ ရှေးတန်းနေရာ မရရှိသော်လည်း အိမ်ထောင်စုတခု၏ ကိစ္စအ၀၀ကို ဆုံးဖြတ်ချက် ချသူများသည် အမျိုးသမီးများသာ ဖြစ်ကြောင်း၊ နိုင်ငံရေးလောကတွင်လည်း အလားတူဖြစ်လာအောင် အမျိုးသမီးများက ဆက်လက် လုပ်ဆောင်သွားကြပါက သြဇာလွှမ်းမိုးနေသော အမျိုးသားများနှင့် ရင်ဘောင်တန်းနိုင် လိမ့်မည် ဖြစ်ကြောင်း ဒေါ်သန်းသန်းနုက ပြောသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection