ဟီလာရီကလင်တန် အသုံးပြုတဲ့ဂျက်လေယာဉ်

ဟီလာရီကလင်တန် အသုံးပြုတဲ့ဂျက်လေယာဉ်

ဟီလာရီကလင်တန် အသုံးပြုတဲ့ ဟီလာရီရဲ့ ဂျက်လေယာဉ် ဘယ်လို အစွမ်းထက်သလဲ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အသုံးပြုတဲ့ လေယာဉ်တွေအနက် C-40B အမျိုးအစား ဘိုးရင်းဂျက်လေယာဉ်လဲ အပါအဝင် ဖြစ်ပါတယ်။

 ဟီလာရီ စီးလေ့ရှိသည့် C-40B အထူးဂျက်လေယာဉ်
 C-40B အထူး ဂျက်လေယာဉ်ထဲမှာ အလုပ်လုပ်နေတဲ့ ဟီလာရီ
 ဟီလာရီအတွက် အထူး သံတမန်လုံခြုံရေးအရာရှိ
C-40B ဂျက်လေယာဉ်ဟာ အလျား ပေ ၁၁၀နဲ့ လေးလက်မရှိပီး အမြင့် ၄၁ပေနဲ့ ၂ လက်မ ရှိပါတယ်။
GE-CFM 56-7B27 အမျိုးအစား အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး ရေမိုင် ၄၆၀ဝ ထိ ဆီမဖြည့်ဘဲ ဆက်တိုက် ပျံနိုင်စွမ်းရှိပါတယ်။ မူလအသုံးပြုဖို့ ရည်ရွယ်ချက်က တိုက်ပွဲဝင်မဲ့ အမေရိကန် တပ်မှူးတွေ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေကို သွားလိုရာ ကမ္ဘာ့ဒေသအသီးသီးကို သက်တောင့်သက်သာ စိတ်ချ လက်ချ သယ်ပို့ပေးဖို့ ဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ အရပ်သုံး ဘိုးရင်းဂျက်လေယာဉ် ၇၃၇-၇၀ဝ ကို စစ်သုံးဖြစ်အောင် အမေရိကန်လေတပ် အတွက် ပြုပြင်ထားတဲ့ အထူးဂျက်လေယာဉ်ဖြစ်ပါတယ်။ C-40B ဂျက်လေယာဉ်ကို အမေရိကန် ထိပ်တန်း စစ်အရာရှိတွေ အမေရိကန်အစိုးရ ခေါင်းဆောင်တွေအတွက် မိုးပျံရုံးခန်း ဖြစ်အောင် ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။

ဟီလာရီကလင်တန် စီးလာတဲ့ C-40B ဂျက်လေယာဉ်ပေါ်မှာ အချက်အလက်တွေ ဗီဒီယိုတွေ ပေးပို့ ဖမ်း ယူနိုင်တဲ့ အမြန်နှုန်းကောင်းတဲ့ အင်တာနက်စနစ်တပ်ဆင်ထားသလို အသံနဲ့အချက်အလက် ဆက်သွယ်ရေး စနစ်ကလဲ ရှင်းလင်းကြည်လင်ပြီး လုံခြုံမှုရှိတဲ့ စနစ်မျိုးတပ်ဆင်ထားပါတယ်။

ဒီလေယာဉ်ကို အသုံးပြုတဲ့ တိုက်ပွဲဝင် အမေရိကန်တပ်မှူးတွေအနေနဲ့ လေယာဉ်ပေါ်က အင်တာနက် စနစ်၊ LAN အင်တာနက် ကွန်ယက်ဆက်သွယ်ရေးစနစ်၊ ကောင်းမွန်အောင် ပြုပြင်ထားတဲ့ တယ်လီ ဖုန်းစနစ်၊ ဂြိုလ်တုစနစ်တွေ၊ တီဗွီမော်နီတာတွေ၊ ဖက်စ်ပို့တဲ့စက်တွေ မိတ္တူကူးစက်တွေကိုသုံးပီး ကမ္ဘာ့ဘယ် ဒေသ မှာမဆို စစ်ဆင်ရေးအတွက် အသုံးပြုနိုင်ပါတယ်။ ဟီလာရီကလင်တန် စီးလာတဲ့C-40B ဂျက်လေယာဉ် ကို ကိုယ့်ကိုကိုယ် ခုခံကာကွယ်ဖို့အတွက် လက်နက်တပ်ဆင်ဖို့ လုပ်နေဆဲ ဖြစ်ပါတယ်။

C-40B ဂျက်လေယာဉ်ရဲ့ လေယာဉ်မှူး ခေါင်းခန်းကိုကြည့်ရင်လဲ
  • ဂျီပီအက်စ်စနစ်နဲ့ ပေါင်းစပ်ထားတဲ့ လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေး ကွန်ပြူတာစနစ်
  • နောင် အနာဂတ်မှာသုံးမဲ့ ဂျြိလ်တုဆက်သွယ်ရေးစနစ်အခြေခံ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းစီ
  • မံခန့်ခွဲမှုစနစ် (GATM/FANS) နဲ့ လိုက်ဖက်တဲ့ လေယာဉ်မောင်းစနစ်
  • လေယာဉ်တွေ လေထဲပျံနေစဉ် တစင်းနဲ့တစင်း ပုံမှန်ဒေါင်လိုက်အမြင့်ကို လျှော့ချနိုင်တဲ့စနစ်
  • လေကြောင်းသတိပေးချက်နဲ့ လေယာဉ်ချင်းမတိုက်မိအောင် ရှောင်နိုင်တဲ့စနစ်-၂
  • လေတိုက်နှုန်းခန့်မှန်းစနစ်
  • Head-up Display (HUD) စနစ်လို့ခေါ်တဲ့ လေယာဉ်မှူးမျက်လုံးတည့်တည့်မြင်ကွင်းထဲမှာ ဒိုး
  • ယိုးပေါက်မြင်နေရတဲ့ ဒိုင်ခွက်စနစ်စတဲ့ ခေတ်မီ စနစ်တွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။
လေယာဉ်ထဲမှာလဲ လေယာဉ်အမှုထမ်းတွေ နားနေခန်း၊ အိပ်စင်တွေ တပ်ဆင်ထားတဲ့ ဂုဏ်သရေရှိ ဧည့်သည် တော်တွေအတွက် အခန်း၊ စားဖိုခန်း နှစ်ခု၊ ရုံးခန်းစားပွဲတွေပါတဲ့ business class ထိုင်ခုံတွေ တပ်ဆင်ထား ပါတယ်။

စစ်မြေပြင်မဟုတ်တဲ့ နိုင်ငံမျိုးကို သွားတဲ့အခါမှာသာ C-40B ဂျက်လေယာဉ်ကို အမေရိကန်နိုင် ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က သုံးပေမဲ့ ကဒတ်ဖီကို ဖမ်းမိဖို့ ကြိုးစားနေတဲ့ကာလ မြေပြင်ပစ်ခတ်မှုတွေ စိုးရိမ်ရတဲ့ လစ်ဗျားကို သွားတုံးကတော့ လုံခြုံရေးစနစ် ပိုကောင်းမွန်တဲ့ စစ်သုံး C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဧရာမ ဘိုးရင်းလေယာဉ်ကြီးနဲ့ သွားခဲ့ပါတယ်။
 C-17 အထူးဂျက်လေယာဉ်ကြီး © Awie Badenhorst / Alamy

C-17 ဂလုပ်မာစတာ-၃ အမျိုးအစား ဘိုးရင်းလေယာဉ်ကတော့ ဧရာမဘိုးရင်းဂျက်လေယာဉ်ကြီးဖြစ်ပြီး
စစ်သားတွေ အစားအစာတွေ ထောက်ပို့ပစ္စည်းတွေကို ကမ္ဘာအနှံ့ သယ်ပို့ပေးနိုင်ပါတယ်။

 C-17 လေယာဉ်တွင်း မြင်ကွင်း-၁

အထုူးသဖြင့် စစ်တလင်းဖြစ်နေတဲ့ လစ်ဗျားလိုနိုင်ငံမျိုးက ပစ်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ အသေးစားလက်နက်တွေရဲ့ ရန်ကို ကာကွယ်ဖို့အတွက် C-17 ဂျက်လေယာဉ်ဟာ ကိုယ်ထည်ကြီးမားပေမဲ့ လေထဲကို မတ်စောက်တဲ့ ဒီဂရီအနေအထားမျိုးနဲ့ အတက်အဆင်းလုပ်နိုင်စွမ်းရှိပါတယ်။

C-17 ဂျက်လေယာဉ် အတက်အဆင်းလုပ်နေချိန်မှာ လေယာဉ်မောင်းတဲ့တာဝန်မရှိတဲ့ လေယာဉ် အမှုထမ်း တွေက လေယာဉ်ကို ပခုံးထမ်းဒုံးကျည်နဲ့ပစ်သလားဆိုတာ လေယာဉ် ပြတင်းပေါက် ကနေ ကြည့်နေရ ပါတယ်။ ပခုံးထမ်း ဒုံးကျည်နဲ့ ပစ်တာမြင်ပီဆိုတာနဲ့ လေယာဉ်မှူးတွေကနေ အပူဓါတ်ပါတဲ့ မီးကျည် သေနတ် ကို တည်ကြက်အနေနဲ့ ပစ်လွှတ်ပီး ကာကွယ်ရပါတယ်။


ဂျက်လေယာဉ် အင်ဂျင်ကထွက်တဲ့ မီးခိုးအပူဓါတ်ကို နောက်ယောင်ခံတက်လာတဲ့ မြေပြင်က ပစ်တဲ့ ပခုံးထမ်း ဒုံးကျည်ဟာ လေယာဉ်မှူးတွေ ပစ်ချလိုက်တဲ့ အပူဓါတ် မီးကျည်နောက်ကို ပစ်မှတ်ပြောင်း လိုက်သွားလေ့ရှိတဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး စီးတဲ့ လေယာဉ်ဒုံးကျည်ရန်က လွှတ်ကင်းသွား မှာဖြစ်ပါတယ်။

C-17 လေယာဉ်တွင်း မြင်ကွင်း-၂
C-17 လေယာဉ်တွင်း မြင်ကွင်း-၃

ဟီလာရီကလင်တန်ထက် လုံခြုံရေး အဆင့်ဆင့် ထူပြောလှတဲ့ အမေရိကန် သမ္မတ အိုဘားမားရဲ့ ၂၀၁၁ မေလ အင်္ဂလန်ခရီးစဉ်အကြောင်းကိုလဲ ပြန်ပြောင်း ဖောက်သည်ချပါရစေ

==========================================================
အိုဘားမားရဲ့ ၂၀၁၁ မေလ လန်ဒန် ဘုရင်မနန်းတော်ခရီး လုံခြုံရေး


ပြီးခဲ့တဲ့ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။

လူ ၅၀ဝ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀ဝ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။

အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်းပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦးဆောင်ပါတယ်။

အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိ်ုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါတယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော်တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။

တည်ကြက် လေယာဉ်တစီးခြံရံထားပီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ်ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။
ဒုံးကျည်ကို တည်ကြက်လုပ် လမ်းလွဲခေါ်နိုင်တဲ့ မီးကျည်စနစ်

အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအဝင် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့
ခရီးစဉ်မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ
တီဗီံသမားတွေအတွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး
ပါလေ့ရှိပါတယ်။ သမ္မတ အိုဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။

အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက်
လည်ပတ်ခဲ့ပါတယ်။ ဘာကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့
ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံမလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိ်ုင်ပါတယ်။
အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန်ဒဲလားတို့ အမေရိကန်
သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။

ဘယ်လောက်ဘဲ ဘုရင်မနန်းတော်အရာရှိတွေဘက်က ပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန်
သမ္မတရဲ့ လုံခြုံရေးအရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်
ကနေ သမ္မတကိုယ်ရံတော် လုံခြုံရေးစုံထောက်တွေ ယူလာတဲ့ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်
ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်းပေါက်တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့
တောင်းဆိုလာလို့ နန်းတော်အရာရှိ အံ့အားတသင့် ဖြစ်ကုန်ပါသတဲ့။

ဒီကြားထဲ သမ္မတအိုဘားမားရဲ့ ကိုယ်ရံတော် ထောက်လှမ်းရေးတပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ
စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။

အိုဘားမား လုံခြုံရေးစုံထောက်တွေ သေနတ်တွေ တကားကားနဲ့ အင်္ဂလန်ဘုရင်မ နန်းတော်ထဲမှာ
သူတို့ကိုယ်ပိုင်နန်းတော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ ဆိုတဲ့ တီဗွီဇာတ်လမ်းကြည့်နေရသ
လားထင်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ
သမ္မတကို အရေးပေါ် သွေးသွင်းနိုင်ဖို့ ပစ္စည်းတွေအပါအဝင် ဆေးခန်းအသေးစားလေးတခုကို
ဆေးရုံးသုံးစက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။

နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သောက်ရေသန့်
ကိုတောင် တိုက်ခွင့်မပေးနိုင်၊ သူတို့အမေရိကန်က သယ်လာတဲ့ သမ္မတအိုဘားမား သောက်နေ
ကျ သောက်ရေသန့်ကိုသာ တိုက်မယ်လို့ အိုဘားမား ကိုယ်ရံတော်ထောက်လှမ်းရေးအရာ
ရှိတွေပြောတော့ နန်းတွင်းအရာရှိတွေ အံ့သြသွားပါတယ်။

ဘာကြောင့်လဲလို့မေးတော့ “ ကျွန်တော်တို့သမ္မတ ရေပြောင်းရေလွဲမှာ ဗိုက်နာတာမျိုး အဖြစ်မခံနိုင်လို့ပါ”
လို့ သမ္မတ ကိုယ်ရံတော်တွေက ဖြေပါသတဲ့….။ ဘာပြောကောင်းမလဲ။ အင်္ဂလိပ်သတင်းစာတွေဆိုတာ
ဆွေ့ဆွေ့ခုန်သွားတာဘဲ။ အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရတယ်။
အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင် အိုဘားမားကို မတိုက်နိုင်ဘူး…တဲ့။

ဘာပြောပြော အိုဘားမားအတွက် ခုလို နန်းတော်လုံခြုံရေးလုပ်နေတာတွေဟာ ၂၀ဝ၃ ခုနှစ်က
လာသွားတဲ့ အမေရိကန်သမတ ဂျော့ဒတ်ဗလူဘွတ်လာတုံးကထက်စာရင် အများကြီးတော်ပါသေး
တယ်လို့ နန်းတော်သတင်းရပ်ကွက်က ပြောပါတယ်။

သမ္မတဘွတ်လာတုံးကများဆိုရင် သမ္မတလုံခြုံရေးအဖွဲ့က ဘာကင်ကမ် နန်းတော် ပြတင်းပေါက်
၇၆၀ လုံးကို လဲပေးရမယ် တောင်းဆိုခဲ့သလို မစ္စတာဘွတ် စီးလာတဲ့ ရဟတ်ယာဉ်တွေကလဲ အလွန်ကြီး
မားလွန်းတဲ့အတွက် နန်းတော်က သစ်ပင်တွေ ပန်းပင်တွေ လေဟပ်ပီး ပြားချပ်ကုန်လို့ ဘုရင်
မကြီးတောင် အတော်စိတ်ဆိုးသွားပါသတဲ့။

ထူးခြားတာက အကြမ်းဘက်တိုက်ခိုက်မှုမျိုးစုံကနေ ကာကွယ်နိုင်စွမ်းရှိပါတယ်ဆိုတဲ့ အိုဘားမားစီး
လာတဲ့ The Beast စီးတော်ယာဉ် ကားကြီးဟာ အိုင်ယာလန် ဒပ်ဗလင်မြို အမေရိကန်သံရုံးကအထွက်
တံခါးဝမှာတင် ကားဗိုက်နဲ့ တခါးအထွက် အရှိန်တားတုံးနဲ့ တိုက်ပီး ထိုးရပ်သွားလို့ အင်္ဂလိပ်စာနယ်
ဇင်းတွေက အားမနာတမ်း လှောင်တာ ခံလိုက်ရပါတယ်။

အိုင်ယာလန် အမေရိကန်သံရုံးအထွက် တခါးဝမှာ ထိုးရပ်သွားတဲ့ အိုဘားမား ကားကြီး
အဆိုးထဲက အကောင်းလို့ပြောရရင်တော့ အင်္ဂလိပ်စာနယ်ဇင်းတွေ မသိလိုက်တဲ့ အချက်က အိုဘားမားစီး တဲ့ကားတန်းထဲမှာ The Beast နဲ့ ဆင်တူ တည်ကြက်ကားတွေလဲပါနေတာမို့ ထိုးရပ်သွားတဲ့ကားထဲမှာ အိုဘားမားပါသလား ဘယ်ကားမှာ အိုဘားမားပါသလဲဆိုတာကို အများပြည်သူတွ သံရုံးရှေ့က ကြည့်နေ တဲ့ကြားက မျက်စေ့လည်သွားအောင် သမ္မတ ကိုယ်ရံတော်အဖွဲ့က လုံခြုံရေးစနစ်ကစား သွားခဲ့ပါသတဲ့။
အမေရိကန်သမ္မတ လုံခြုံရေးကို ဘယ်လောက်အလေးထားသလဲ နှိုင်းယှဉ်ကြည့်ဖို့အတွက် ၂၀ဝ၉ ခုနှစ် လန်ဒန် ဂျှီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ အိုဘားမား လာတုံးက ခေတ်ပြိုင် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လုံခြုံရေး စနစ်ကို ပြန်လည် ကူးယူ ဖော်ပြလိုက်ပါတယ်။ (ခေတ်ပြိုင်ဂျာနယ်မရှိတော့တဲ့အတွက် အယ်ဒီတာအဖွဲ့ကို ခွင့်ပြုချက် မတောင်းနိုင်ခဲ့တာ တောင်းပန်ပါတယ်)

========================================================

သမ္မတ အိုဘားမား ဒုံးကျည်၊ ဓါတုလက်နက်ခံနိုင်တဲ့ ယာဉ်စစီးပြီ

(ခေတ်ပြိုင်ဂျာနယ်မှ)

အမေရိကန်သမ္မတ အိုဘားမား ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတက်ရန် လန်ဒန်ရောက်နေစဉ် မည်သည့် အကြမ်း ဖက်မှု မျိုးမျှ မဖြစ်ပွားစေရန်နှင့် သမ္မတကြီးအား မှဲ့တပေါက် မစွန်းစေရန် အိမ်ရှင် ဗြိတိသျှအစိုးရက တာဝန်ယူထားသည်။

အိုဘားမားနှင့်အတူ အရာရှိ (၅၀ဝ) ၊ အထူးထောက်လှမ်းရေး (၂၀ဝ) နှင့် ဆရာဝန်သူနာပြုအဖွဲ့ စသည်တို့ လိုက်ပါလာပြီး အိုဘားမားနှင့်အဖွဲ့ လန်ဒန်တွင် အသုံးပြုမည့် ယာဉ်မျိုးစုံ (၃၅) စီးကိုလည်း အမေရိကန် လေတပ် စီ-၁၇ လေယာဉ်ကြီးဖြင့် တပါတည်း သယ်လာသည်။

လုံခြုံရေး အထူးအစီအစဉ်

သမ္မတအိုဘားမားစီးနင်းသည့် Air Force One အထူးလေယာဉ် အင်္ဂလန်လေကြောင်း ပိုင်နက် ဝင်လာသည်နှင့် RAF အင်္ဂလန်ဘုရင့်လေတပ် တိုက်လေယာဉ်အုပ်စုက အိုဘားမားလေယာဉ် စတင်းစတက် လေဆိပ်ဆင်းသည်ထိ ကာကွယ်စောင့်ရှောက်မည်။

အိုဘားမား၏ Air Force One သမ္မတသုံး အထူးလေယာဉ်မှာ ဘိုးရင်း (၇၄၇) အမျိုးအစားဖြစ်ပြီး လေယာဉ်ပျံသန်းနေစဉ် သမ္မတအလုပ်လုပ်နိုင်အောင် လေယာဉ်အတွင်း စီမံထားသည်။ အားကစား လေ့ကျင့်ခန်း ဝါသနာပါသူ အိုဘားမားအတွက် လေယာဉ်ထဲတွင် အားကစားလုပ်နိုင်ရန်လည်း စီစဉ်ထားသည်။

Air Force One အထူးလေယာဉ်ကို အီလက်ထရို မက်နက်တစ်လှိုင်းကာကွယ်သည့် လုံခြုံရေးပစ္စည်းများ တပ်ထားသည့်ပြင် လေယာဉ်တွင်း ဆက်သွယ်ရေးပစ္စည်းများမှာလည်း နျူကလီးယားလက်နက်တိုက်ခိုက်မှုမှ ထွက်လာသည့် ဓာတ်ရောင်ခြည်ဖြာထွက်မှုကိုပါ ကာကွယ်နိုင်သည်ဆို၏။

လေဆိပ်မှ လန်ဒန်လုံခြုံရေး


အိုဘားမားစီးတဲ့ AirForce One လေယာဉ်

အိ်ုဘားမား စတင်းစတက် လေဆိပ်ရောက်ပြီး မိနစ်ပိုင်းအတွင်း အိုဘားမား၏ Marine One ခေါ် သမ္မတသုံး အထူးရဟတ်ယာဉ် (VH-3D) ဖြင့် လန်ဒန်မြို့လယ်သို့ သွားရောက်ခဲ့သည်။

မရင်းဝမ်း ရဟတ်ယာဉ်သည် အပူဓာတ်ကိုရှာပြီး ပစ်ခတ်သည့် ဒုံးကျည်များကို လမ်းလွွှဲပေးနိုင်သည့် ရောင်ခြည်များ ပစ်လွှတ်နိုင်သည်။ အမေရိကန်သမ္မတလိုက်ပါသည့် မရင်းဝမ်း ရဟတ်ယာဉ်ကို သူ့ချည်း တစီးတည်း မပျံစေဘဲ တိုက်ခိုက်မှုများ ဖြစ်လာပါက မျက်စိလည်စေရန် အမျိုးအစားတူ အခြားရဟတ် ယာဉ်များနှင့် ရောနှောပျံသန်းလေ့ ရှိသည်။

ပျံသန်းသည့် အခါတွင်လည်း မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ ပစ်ခတ်မှု ခက်ခဲစေရန် အမြင့်ပေ (၃၀ဝ) မှ (၅၀ဝ) ကြားပျံသန်းလေ့ရှိပြီး သမ္မတအိုဘားမားစီးသည့် မရင်းဝမ်းရဟတ်ယာဉ် မြေပြင်မှထွက်သည်နှင့် မရင်းဝမ်းနှင့်အတူ ပုံတူအခြားတည်ကြက် ရဟတ်ယာဉ် (၃-၄) စီးက လမ်းတလျှောက် အထက်တက်လိုက် အောက်ဆင်းလိုက်လုပ် ပျံနေခြင်းဖြင့် မည်သည့် ရဟတ်ယာဉ်မှာ သမ္မတပါလာမှန်းမသိအောင် ပရိယာယ်ဆင်ခြင်း ဖြစ်သည်။ ထိုနည်းကို Shell Game ဟု ခေါ်သည်။

စတင်းစတက်လေဆိပ်မှ လန်ဒန်မြို့လယ်ကောင်ရှိ အမေရိကန်သံအမတ်ကြီးအိမ်သို့ အိုဘားမားအား ပို့ဆောင်ပေးရန် ခရီးအတွက် ထိုမရင်းဝမ်းရဟတ်ယာဉ်ကို အမေရိကန်မှ သယ်လာခြင်းဖြစ်သည်။

အိုဘားမား၏ The Beast စီးတော်ယာဉ်

အိုဘားမားရဲ့ စီးတော်ယာဉ်ကား

အမေရိကန်မှ လန်ဒန်သို့ တကူးတက သယ်လာသည့် အိုဘားမားစီးမည့် သမ္မတသုံးကားမှာ The Beast ဟု အမည်ပေးထားသည့် ဇိမ်ခံကားဒီးလက်အမျိုးအစားကားကြီးဖြစ်ပြီး ဂျိ်န်းစဘွန်းစီးသည့် ကားကဲ့သို့ Pump action ဖြင့် ပစ်နိုင်သည့် သေနတ်များ တပ်ဆင်ထားပြီး ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က လေ့ကျင့်ပေးထားသည်။

အမေရိကန်သမ္မတစီးမည့် The Beast ကားကြီးသည် ယခုနှစ်ဆန်းကမှ ထုတ်လုပ်ပြီးစီးခဲ့သည့် ကားသစ်ကြီး ဖြစ်ပြီး အိုဘားမား ပထမဆုံး စတင်သုံးမည့် သမ္မတသုံးကားဖြစ်သည်။ ဒေါ်လာ (၃၀ဝ,ဝ၀ဝ) တန်သည်ဆို၏။ အဆိုပါကားကို အိုဘားမား လန်ဒန်မှာ ခေတ္တရှိနေစဉ် စီးနင်းရန် အသုံးပြုမည်ဖြစ်သည်။

အမေရိကန်သမ္မတစီးသည့် The Beast ကားဘော်ဒီကို (၅) လက်မထူသည့် တိုက်တေနီယမ်နှင့် ကြွေထည်ရော ထားသည့် သတ္တုစပ်ဖြင့် ဆောက်လုပ်ထားပြီး မှန်များကိုလည်း ကျည်ကာမှန်များ တပ်ဆင်ထားသည်။ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်း၊ ဒုံးကျည်နှင့် တိုက်ခိုက်ခြင်းတို့ကိုပင် ကာကွယ်နိုင်သည်ဟုဆိုသည်။

ကားတာယာများကလည်း မပေါက်နိုင်သည့် တာယာများဖြစ်ပြီး ကားထဲတွင် မျက်ရည်ယိုဗုံး၊ ညကြည့်ကင်မရာ အပြင် ဓာတုလက်နက်ဖြင့်တိုက်လာလျှင် လေသန့်အမြန် ထုတ်ပေးနိုင်မည့် အောက်ဆီဂျင်ဓာတ်အိုး စသည့် ပစ္စည်းများလည်း တပ်ဆင်ထားသည်။

အမေရိကန်သမ္မတ အခြံအရံများ


အိုဘားမားရဲ့ မရင်းဝမ်း အထူးရဟတ်ယာဉ်လန်ဒန်၌ အိုဘားမားသွားလေရာ အထူး အမေရိကန် ထောက်လှမ်းရေး (၂၀ဝ) က လိုက်ပါစောင့်ကြပ်နေမည်ဖြစ်ပြီး အိုဘားမားကျန်းမာရေး ရုတ်တရက် ဖောက်လာလျှင် အရေးပေါ် သွေးသွင်းရန် သမ္မတ၏ အေဘီသွေးကို အသင့်ဆောင်ထားသည့် အမေရိကန် ဆရာဝန်များ၊ ခွဲစိတ်ကုဆရာဝန်များနှင့် သူနာပြုဆရာမများပါသည့် ဆေးအဖွဲ့လည်း ပါဝင်သည်။ အိုဘားမားစီးနင်းသည့် The Beast စီးတော်ယာဉ်ကို ကာကွယ်ရန်အတွက် အင်္ဂလန်မှ Specialist Protection Group နှင့် Diplomatic Protection Group မှ လုံခြုံရေးအရာရှိများက ကျည်ကာလင့်ရိုဘာ ကားများစီးပြီး စောင့်ရှောက်မည်။ အဆိုပါ လုံခြုံရေးအရာရှိများသည် (၉) မီလီမီတာ Glock ပစ္စတို သေနတ်များ၊ MP5 ကာဘိုင်သေနတ်များ၊ G9 ရိုင်ဖယ်များ စသည်တို့ကို ကိုင်ဆောင်ထား မည်ဖြစ ်သည်။လန်ဒန်ရဲတပ်ဖွဲ့ ဗဟိုစစ်ဆင်ရေးဌာနခွဲ CO19 မှ လက်ဖြောင့်သေနတ်သမားများက အကြမ်းဖက် မည့် အလားအလာများကို ရှာဖွေနိုင်ရန် အိုဘားမားလာမည့် လမ်းတလျှာက် အဆောက်အဦ ခေါင်မိုးများပေါ်မှာ နေရာယူထားမည်။ အဆိုပါဌာနခွဲမှ ရဟတ်ယာဉ်များကလည်း အိုဘားမား၏ ကားတန်းကို ကောင်းကင်မှ ထက်ကြပ်မကွာ စောင့်ကြည့်နေပြီး အမေရိကန် သမ္မတ ကားတန်း လှုပ်ရှားသွားလာနေသည့် ဓာတ်ပုံများကို လန်ဒန် စကော့တလန်ယာဒ်အဖွဲ့ကြီး ထိန်းချုပ်ရေးဌာနသို့ ပို့ပေးမည်ဖြစ်သည်။

Posted by www.freedomnewsgroup.com

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection