ကျောင်းတွေမှာ နိုင်ငံရေးပညာ သင်သင့်သလား


ကျောင်းတွေမှာ နိုင်ငံရေးပညာ သင်သင့်သလား

နိုင်ငံရေးပညာဆိုတာ ကျွန်တော်က "Political Education" ကို ပြောတာပါ။ အစဉ်အလာ ပညာသင်ကြား မှု ပုံစံထဲကို နိုင်ငံရေးဆိုင်ရာ သဘောတရားလေးတွေ ထည့်သွင်းသင်ကြားပြီး လူငယ်တွေကို နိုင်ငံရေး ပညာပေးခြင်းကို ဆိုလိုပါတယ်။

နိုင်ငံရေးပညာဆိုတာ လူတိုင်း သိနားလည် ထား သင့် တဲ့ ပညာပါ။ နိုင်ငံရေးဆိုတာနဲ့၊ နိုင်ငံရေး ဆိုင်ရာ ကိုယ်ကျင့်တရားတွေ ''စံ'' တွေကို နားမ လည်ပြန် ရင်လည်း သူများပြောတိုင်း ယုံပြီး၊ ရမ်းကား တတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ပညာရေးနဲ့ နိုင်ငံရေးကိုဖော်ဆောင်နိုင်တဲ့ နည်းလမ်း နှစ်သွယ်ကတော့ အစဉ်အလာပညာရေး (Formal Education) နဲ့ စာသင်ခန်းများအတွင်း အသိတရား ရှိအောင် ဆရာတွေက သင်ကြားမယ်၊ အစဉ် အလာအတိုင်း မဟုတ်တဲ့ ပညာရေး (Informal Education) နဲ့ လူငယ်လှုပ်ရှားမှု၊ အသင်းအဖွဲ့ စိတ်ဓာတ်စတာတွေကို စနစ်ကျစွာ ပညာပေးတာမျိုးတွေ လုပ်သင့်ပါတယ်။

နိုင်ငံရေးပညာဆိုတာ နိုင်ငံရေးရဲ့ အနှစ်သာရတွေကို ဖျက်ဆီးဖို့ မဟုတ်ဘူး။ နိုင်ငံရေးကို စိတ်ပါဝင်စား သည်ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ သိသင့်သိထိုက်တဲ့ သဘောတရားတွေကို ပြည်သူတစ်ယောက် အနေနဲ့ သိရှိထားအောင် လေ့ကျင့်သင်ကြားပေးခြင်းလို့လည်း မှတ်ယူနိုင်ပါတယ်။

နိုင်ငံရေးပညာဆိုတာကို ''နိုင်ငံသားနှင့်ဆိုင်သောပညာ'' တစ်နည်းအားဖြင့် ''ပြည်သူ့နီတိ'' လို့ လည်း သတ်မှတ်နိုင်ပါသေးတယ်။ နိုင်ငံရေးပညာဆိုတာ ပညာသင်ကြားခွင့်ရတဲ့ အသိုက်အဝန်းထဲမှာ သာမဟုတ်ပါဘူး၊ ပညာသင်ကြားခွင့်မရတဲ့ အသိုက်အဝန်းကြားမှာလည်း ပညာပေးလို့ရပါတယ်။

နိုင်ငံသားဆိုင်ရာ ပညာရေးဆိုတာ နိုင်ငံသားတစ်ယောက် သိသင့်သိထားထိုက်တဲ့၊ လိုက်နာ စောင့်ထိန်း အပ်တဲ့၊ ကျင့်ကြံအားထုတ်အပ်တဲ့ ပညာရေးလည်းဖြစ်ပါတယ်။ ဒီပညာရေး သဘောတရားဟာ လွတ်လပ် တဲ့ ဒီမိုကရေစီဆိုင်ရာ သဘောတရား၊ အခွင့်အရေးတွေနဲ့လည်း အများကြီး သက်ဆိုင်နေတယ်။ ဖိစီး အုပ်စိုးမှုတွေ၊ တင်းကျပ်ချုပ်နှောင်မှုတွေ များလွန်းရင် ဒီမိုကရေစီဆန်တဲ့ ပညာရေးစနစ်မျိုးကို အကောင် အထည် ဖော်နိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံရေးဆိုင်ရာ သဘောတရားတွေကို သင်ကြားတော့မယ်ဆိုရင် သင်ကြားတဲ့ အကြောင်းအရာတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ၊ လုပ်ထုံးလုပ်နည်း၊ တရားဥပဒေရေးဆိုင်ရာတွေနဲ့ပါ ဆက်စပ်ရေးဆွဲရပါတယ်။ နိုင်ငံတစ်နိုင်နဲ့တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အငြင်းပွားဖွယ်ရာဖြစ်စေနိုင်တဲ့ အချက်အလက်တွေကို ရှောင်ရှားရပါတယ်။ အများစုလက်ခံနိုင်တဲ့ သဘောတရား၊ မျှတတဲ့အမြင်တွေကို ပြဋ္ဌာန်းရပါတယ်။

နိုင်ငံရေးပညာနှင့်ရှေ့အလားအလာများ 
နိုင်ငံရေးကို ပညာရေးတစ်ခုအနေနဲ့ သတ်သတ်မှတ်မှတ် သင်ကြားတာ အနောက်ဒီမိုကရေစီအုပ်စု နိုင်ငံ တွေမှာပဲ ခေတ်စားတယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးဆိုင်ရာ အလားအလာ တွေကို ကြည့်ရင် အနောက်စံ တွေနဲ့ပဲ သတ်မှတ်လို့ ရကောင်းမယ်ထင်တယ်။ သူတို့နိုင်ငံ တွေရဲ့ စံနဲ့ လုပ်ဆောင်မှုတွေအတိုင်း အခြား သော နိုင်ငံ နဲ့လူမျိုးတွေမှာ အံဝင်ခွင်ကျဖြစ်အောင် လိုက်လံလုပ်ဆောင်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီ ဆန်ဆန် စဉ်းစားမယ်ဆိုရင်တော့ ဒီမိုကရေစီနည်းကျ ပညာရေးဆိုတာ တန်းတူညီမျှ ဘယ်နေရာမှာမှ အခြေချဖို့ မဖြစ်နိုင်သေးဘူး။

နိုင်ငံတစ်ငံမှာ နိုင်ငံရေးအတွက် ပညာပေးမယ်လို့ စဉ်စားလိုက်ရင် ပထမဦးဆုံးထည့်တွက်ရမှာက အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံပြည်သူတွေရဲ့ ဦးဆောင်မှုနဲ့ နောက်လိုက်မှုအပိုင်းကို ထည့်သွင်းစဉ်းစား ကြရလိမ့် မယ်။ လူထုပညာရေးဆိုတာ ဒီမိုကရေစီနည်းကျကျဖြစ်စေမှာလား၊ ပေးသူက ထိုက်တန်စွာ ပေးပြီး၊ ခံယူမယ့်သူတွေကရော ထိုက်ထိုက်တန်တန်ဖြစ်ရဲ့လား ပြန်စဉ်းစားကြရလိမ့်မယ်။


ဗြိတိန်နိုင်ငံမှာဆိုရင် လူ့မလိုင်အတန်းအစားတွေအတွက် အီတန်နဲ့ ဟာရိုးလို့ခေါ်တဲ့ ပုဂ္ဂလိက ကျောင်းတွေ ရှိတယ်။ နိုင်ငံအုပ်ချုပ် မင်းလုပ်မယ့်ပုဂ္ဂိုလ်တွေကို သီးခြားရွေးထုတ် လေ့ကျင့် သင်ကြားပေးတဲ့ ကျောင်း တွေလို့ ပြောနိုင်တယ်။ အဲဒီကျောင်းတွေကို တက်နိုင်ဖို့ဆိုတာ အခြေခံကျောင်း တွေမှာ ကတည်းက နိုင်ငံရေး အတွက် ဦးတည်ပြီး မွေးထုတ်လိုက် တာတွေပဲ တက်ခွင့်ရှိတဲ့ အထူးနိုင်ငံရေး ကျောင်းတွေ လို့တောင် ပြောနိုင်တယ်။

ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးပညာဆိုတာ ကျောင်းသင် ဘာသာရပ်တွေထဲမှာ သင်ရိုးညွှန်းတမ်း အနေနဲ့ ထည့်သွင်း ပြီးတော့ သင်ကြားရေးဖြစ်တယ်။ အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံတွေမှာတောင် ဒီလို သင်ကြား ရေးနဲ့ ပတ်သက်ပြီး မတူတဲ့အမြင်တွေနဲ့ ဆွေးနွေးငြင်းခုံနေဆဲ ဖြစ်တယ်။ တစ်ချို့က ကျောင်းတွေမှာ နိုင်ငံရေးသင်လိုက်ရင် နိုင်ငံရေးသမားတွေဖြစ်သွားပြီး နိုင်ငံအုပ်ချုပ်ရေးမှာ ဝင်ရောက် စွပ်ဖက်ချင်သူတွေ များလာမှာပေါ့လို့ သုံးသပ်ကြတယ်။

လူငယ်တွေက လူကြီးတွေ အလုပ်ကိုလာပြီး စိတ်ဝင်စားနေရင် လူကြီးတွေဘာလုပ်ကြမလဲဆိုတဲ့ တစ်ဖက် သတ်အမြင်နဲ့ ကျောင်းတွေမှာနိုင်ငံရေးပညာ သင်ကြားရေးနဲ့ ပတ်သက်ပြီး မျက်စိပွင့်သွားမှာကို စိုးရိမ်ကြ တဲ့ သူတွေလည်းရှိကြတယ်။

တတိယအချက်အနေနဲ့က နိုင်ငံရေးပညာကို ကျောင်းတွေမှာသင်ကြားရေးဆိုတာ အများကြီး ကျယ်ဝန်းတဲ့ သဘောတွေကို ဆောင်နေပါသေးတယ်။ ကျဉ်းမြောင်းတဲ့အမြင်နဲ့ကြည့်ရင် နိုင်ငံရေးကိုသိရင် အငြင်းပွားစရာ ပြဿနာတွေ ချည်းဖြစ်နေလိမ့်မယ်။

အရာရာကို ပုံမှန်မသုံးသပ်တော့ဘူး၊ ဝေဖန်စဉ်းစား သုံးသပ်တဲ့ ဉာဏ်တွေရှိလာနိုင်တာမျိုးဟာ ယနေ့ခေတ် ပညာရေးရဲ့ ဦးတည်ထားတဲ့လမ်းကြောင်းဆိုတာ မေ့နေရင်တော့ ကျောင်းစာထဲကို နိုင်ငံရေးဆိုတာလည်း ထည့်သွင်းလာစရာ မလိုတော့ပါဘူး။

နိုင်ငံရေး ဆိုတာ ဆန့်ကျင်ရေး၊ တိုက်ခိုက်ရေး မဟုတ်ဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ထိန်သိမ်းစောင့်ရှောက်ရေး၊ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိရေး၊ သာတူညီမျှစိတ်ထားရေး၊ လူမျိုးဘာသာ အဆင့် အတန်းမခွဲခြားရေး၊ နိုင်ငံရေးဆိုတာ ကမ္ဘာ့အရေးဆိုတာမျိုးတွေ သင်ကြားသူတွေက သင်ကြား နိုင်အောင် အားထုတ်နိုင်မှသာ နိုင်ငံရေးပညာကို ထည့်သွင်းသင်ကြားရကျိုးရှိမှာ ဖြစ်ပါတယ်။
နောက်ဆုံးအဆင့်အနေနဲ့ကတော့ လူငယ်တစ်ယောက်ကို ဘယ်သူကမှ ဖြစ်စေသတည်း လုပ်လို့ မရဘူး။ ဆရာဝန်တွေချည်း ဖြစ်စေသတည်း၊ အင်ဂျင်နီယာတွေချည်း ဖြစ်စေသတည်း၊ ကျောင်းဆရာတွေချည်း ဖြစ်စေသတည်း လုပ်လို့မရပါဘူး။

လူငယ်တိုင်း သူ့ယုံကြည်ချက်၊ ခံယူချက်၊ ပတ်ဝန်းကျင်တွေ အလိုက် ပြောင်းလဲသွားနိုင်တာဖြစ်လို့ အခြေခံ သိသင့်သိထိုက်တဲ့အချက်တွေကို သိသွားအောင်အားထုတ် ပေးပြီး ရွေးချယ်ခွင့်ကို သူတို့ ဆုံးဖြတ်ချက် အတိုင်း ရှိစေတာ အကောင်းဆုံးအဖြေလို့ ယူဆပါတယ်။

နိုင်ငံရေးပညာဆိုတာ ပုံမှန်ပညာရေး၊ ပုံမှန်မဟုတ်တဲ့ ပညာရေးနှစ်မျိုးစလုံးနဲ့ ဆက်စပ်နေတယ်။ ပုံမှန်ပညာရေးဆိုတာ စာသင်ခန်းထဲမှာ သင်တဲ့ပညာရေးကိုပြောတာဖြစ်ပြီး၊ ပုံမှန်မဟုတ်တဲ့ ပညာရေး ဆိုတာ ပြဋ္ဌာန်းချက်တွေကိုကျော်လွန်ပြီး ကျောင်းဆိုတဲ့ ဘောင်ကနေကျော်ကာ လှုပ်ရှားဆောင်ရွက်မှု တွေကို ခေါ်ဆိုပါတယ်။

အနောက်နိုင်ငံတွေမှာတော့ ပုံမှန်မဟုတ်တဲ့ ပညာရေးဆိုတာ ကျောင်းကော်စီ၊ ကျောင်းလူမှုရေး အဖွဲ့၊ တက္ကသိုလ်ကောလိပ်အသင်း၊ ကျောင်းသတင်းစာ၊ ကျောင်းကလပ်အသင်းစတဲ့ အသင်းအပင်း အဖွဲ့အစည်းအတွင်းမှာ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်မှုတွေကိုခေါ်တယ်။ အများအားဖြင့်တော့ လူငယ် လှုပ်ရှားမှုအသွင်နဲ့ ဆောင်ရွက်တဲ့ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

လူငယ်တွေကို ဘာကြောင့်နိုင်ငံရေး သင်ပေးသင့်သလဲ
လူငယ်တွေကို နိုင်ငံရေးပညာသင်ပေးသင့်တယ်၊ မသင်ပေးသင့်ဘူးတိုတာ ပြဿနာတစ်ရပ် အနေနဲ့ ရှိနေဆဲပါ။ ကျောင်းတွေမှာ နိုင်ငံရေးကိုပညာပေးရမယ်ဆိုတာ လိင်ပညာပေးဖို့ပြောရသလို ကြောက်ရွံ့ နောက်တွန့်နေတတ်ကြတာ များတယ်။

လူငယ်ဆိုတာ တားဆီးပိတ်ပင်ရင် ပိုလုပ်ချင်တယ်၊ မသိတာကို စမ်းသပ်ကြည့်ချင်တယ်၊ မှန်တာ မှားတာဖြစ်စေ သူတို့ယုံကြည်သူရဲ့ စကားကို နားထောင် တတ်တယ်။ ဒါကြောင့် တားဆီးမယ့်အစား ဖွင့်ပေးပြီး အကျိုးအကြောင်း၊ အဆိုးအကောင်းသိစေတာဟာ ဆင်ခြင်တုံတရားကို လမ်းဖွင့်ပေးရာ ရောက်ပြီး အကျိုးများစေနိုင်တဲ့ကိစ္စဖြစ်လို့ ကျွန်တော့် အမြင်ကတော့ အမှားတွေကို တားဆီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လမ်းဖွင့် ပေးသင့်တယ်လို့ထင်ပါတယ်။

ကျွန်တော် အင်တာနက် Web site တွေထဲဝင်ကြည့် ရင် Professor's House ဆိုတဲ့ site တစ်မှာ Teaching Children about Politics ဆိုတဲ့ ဆွေးနွေးချက် တစ်စောင် ကိုသွားတွေ့လိုက်ပါတယ်။ သူတင်ပြထားတဲ့ အချက်တွေထဲက ကောက်နုတ်တင်ပြရရင်.....

လူငယ်ဆိုတာ စပ်စုတတ်တယ်ဗျ။ အရာရာ သူတို့သိချင်ကြတယ်။ သူတို့သိချင်တာကို ဆရာတွေက ဘာတွေပေးပြီးပြီလဲလို့ မေးကြည့်ချင်တယ်။ နိုင်ငံရေးကို ကျောင်းတွေက မပြောတော့ အိမ်က မိဘတွေဆီကနေ ပြန်စူးစမ်းနေကြရတယ်။ ခေတ်မိဘတွေကလည်း သိတယ်မဟုတ်လား၊ သတင်းစာ တောင် မဖတ်နိုင်လောက်အောင် ရှာရဖွေရ သောကတွေ ဝေနေကြတာကြောင့် သူတို့သိချင်တဲ့ အချက် အလက်တွေကို ဘယ်မှာပေးနိုင်လို့လဲ။

ဒီတော့ စူးစမ်းချင်တဲ့ကလေးတွေ ကိုယ်ပိုင် ဆုံးဖြတ်ချင်သလို ဆုံးဖြတ်ပြီး သတ်မှတ်ချက်သလို သတ်မှတ်ကာ၊ ကောက်ချက်ချလိုက်တာကို ကျွန်တော်တို့ အပြစ် ပြောကြမလား။ နိုင်ငံရေးဆိုတာ ဘာပါလိမ့်ဆိုတဲ့ အတွေးနဲ့ ကလေးတစ်ယောက် တံခါးဝရောက်လာတာကို ဖွင့်ပေးမလား၊ ပိတ်ထားမလား ဆုံးဖြတ်ရခက်တဲ့ အနေအထားလို့ ပြောရမယ်။

လူငယ်တွေဆိုတာ နိုင်ငံရေးပညာဆိုတာ ပျင်းစရာကောင်းပါတယ်ဗျာလို့ အများစုက သတ်မှတ် ထားကြတာ။ နိုင်ငံရေးဆိုတာ အရေးပါမှန်း၊ နိုင်ငံရေးအတွေးအမြင်တွေရှိတာ တိုင်းပြည်အနာဂတ်အတွက် ကောင်းမှန်း ခံယူကြတယ်ဆိုရင် လူငယ်တွေကိုသာမက လူကြီးတွေကိုပါ ပညာပေးရမယ့်ခေတ်လို့ ပြောရမယ်။
အမေရိကမှာ လူငယ်အတော်များများ သံသယဖြစ်နေကြတာက သူတို့မိသားစုဝင်ထဲက တစ်ယောက်ယောက်ဟာ ဘာကြောင့် အီရတ်စစ်ပွဲမှာ သွားတိုက်ပေးနေရတာလဲဆိုတဲ့ ပြဿနာပါ။ အီရတ်မှာစစ် သွားတိုက်တာ ဘာကြောင့်လဲဆိုတဲ့ ပြဿနာကို မိဘတွေတောင်မသိတော့ ကလေးတွေကို ရှင်းပြဖို့ဆိုတာ အဝေးကြီး။

ဒီတော့ စစ်ဆိုတာကို ကောက်ချက်ချချင်သလိုချ၊ ကျူးကျော်တာလား၊ ကူညီတာလား ပိုင်းဖြတ်ချင်သလို ပိုင်းဖြတ်ပြီး ပတ်ဝန်းကျင်ကကောင်းတယ်ပြောတဲ့ ပတ်ဝန်းကျင်ဆိုရင် ကောင်းတယ်၊ မကောင်းဘူး ပြောတဲ့ ပတ်ဝန်းကျင်ဆိုရင် မကောင်းဘူးဆိုပြီး မျက်စိမှိတ်လက်ခံနေ ကြရတာ ဖြစ်ပါတယ်။
လူငယ်တွေကို အဝေးကြီး မသင်ပေးရင်နေပါ ဘဝနေနည်းဆိုတဲ့ လူတော်လူကောင်းတစ်ယောက် ဖြစ်အောင် နေထိုင်တတ်ဖို့လေ့ကျင့်ပေးရင်တော်ပါပြီ။ တာဝန်ယူတတ်စိတ်၊ သစ္စာရှိစိတ်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ဆိုတာတွေကတော့ နောက်တစ်ပိုင်းပေါ့။

နိုင်ငံရေးဆိုတာ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူ စရာမလိုဘူး၊ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ ပိုင်းဖြတ်လို့ရကြောင်း လေ့ကျင့်ပေးနိုင်ရင် ဘယ်သူ့ တိုက်တွန်း နှိုးဆော်တာကိုမှ လူငယ်တွေလ က်ခံကြမှာမဟုတ်ဘူး။

လူတစ်ယောက်ကို ရွေးချယ်တယ်ဆိုတာ အပြောနဲ့ ရွေးသင့်သလား၊ အလုပ်နဲ့ရွေးသင့်သလား၊ ဘယ်လို ခေါင်းဆောင်မျိုးကိုရွေးချယ်သင့်တယ် ဆိုတာတွေဟာ မွေးရာပါ တတ်လာတာ မဟုတ်ဘူး။ တွေးတတ်၊ ရွေးတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးမှရလာမှာ။
နိုင်ငံရေးဆိုတာ ဘယ်လိုယှဉ်ပြိုင်ရတယ်၊ ဘယ်လိုအပြန်အလှန်ဆွေးနွေးငြင်းခုံရတယ်၊ အငြင်းပွား စရာ ပြဿနာတွေ ဘယ်လိုရှိတယ်ဆိုတာတွေဟာ သူတို့ကိုယ်ပိုင်ဉာာဏ်နဲ့ ပိုင်းဖြတ်နိုင်ရင် အလိမ်ခံရစရာ အကြောင်းမရှိပေဘူး။
လူငယ်တွေကို နိုင်ငံရေးအသိ နိုင်ငံရေးသဘောတရား ဆိုတာတွေကို စာအုပ်ကြီးအတိုင်း အတင်း ရိုက်သွင်းတာထက်၊ ဆွေးနွေးငြင်းခုံစေတဲ့နည်းကို ကျင့်သုံးစေရင် ပိုပြီးသိလွယ်၊ နားလည် လွယ်တယ်။ သတင်းတွေ စောင့်နားထောင်တာနဲ့၊ သတင်းစာတွေ ကောက်လှန်ပြီး စိတ်ဝင်စားမှု အရှိန်မြင့်တာက နောက်တစ်ပိုင်းပါ။

လူငယ်တွေကို မေးရမှာ အားနာတတ်အောင်၊ ထပြီးဆွေးနွေး အပြန်အလှန် ပြောရမှာကို မလုပ်ဝံ့အောင် ချိုးနှိမ်ထားတာမျိုးတွေကို မလုပ်သင့်ဘူး။ ဆရာပြောတာအမှန်၊ ဆရာဟာ ဘယ်တော့မှ မမှားဆိုတဲ့ အတွေးမျိုးတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာမှာ ချန်ထားခဲ့ရမှာ။ ကိုယ်က ကောင်းတယ်ထင်လို့ ကောင်းတယ်ပြောလိုက်တာကို ဘာကြောင့်ကောင်းရတာလဲခင်ဗျာဆိုတဲ့ တုံ့ပြန်သံကို ဆရာတွေ နားစွင့်နေကြရမှာ။

လူငယ်တွေကို ပြုစုပျိုးထောင်ရာမှာ မိဘတွေကို ရိုသေလေးစားတတ်အောင်လည်း ပြောဖို့လို လာပြီ။ လွတ်လပ်ခွင့်ရှိတယ်လို့ သူတို့ကိုသင်ပေးတာ ရမ်းကားခွင့်၊ မိုက်ရိုင်း စော်ကားခွင့်လို့ အဓိပ္ပာယ်မျိုး မသက်ရောက်ဖို့ လိုတယ်။
အဖေနဲ့ အမေဟာ နိုင်ငံရေးကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူတို့လွှမ်းမိုးမှုအောက်ကနေ လွတ်လပ်စွာ တွေးခေါ်နိုင်အောင်လောက်ပဲ လုပ်ပေးပါ။ လွတ်လပ်စွာ စော်ကားခွင့်တော့ မပေးကြပါနဲ့။
လူငယ်နှင့်အသင်းအဖွဲ့စိတ်ဓာတ်
နိုင်ငံရေးကို ပညာပေးရာမှာ လူငယ်ဆိုင်ရာအသင်းအဖွဲ့မျိုးတွေ ဖွဲ့စည်းပြီးလှုပ်ရှားတာ အကောင်းဆုံး စည်းရုံးလုပ်ဆောင်တာလို့ ဆိုရမယ်။ အထူးသဖြင့်တော့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံတွေမှာ လူငယ်ဆိုင်ရာ အဖွဲ့အစည်းမျိုးတွေ အများကြီး လိုအပ်ပါတယ်။ လူမှုရေးပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေမှာ လူငယ်တွေရဲ့ အင်အားကို အများကြီး လိုအပ်ပါတယ်။

ဒီလိုနေရာမှာ အသိတရားရှိတဲ့ လူငယ်တွေရဲ့ အင်အားကိုပြောတာပါ။ အသိတရားမရှိ သူများပြောတိုင်း ယုံပြီး ဝေလေလေ လိုက်လုပ်ချင်တဲ့ လူငယ်တွေရဲ့အားကို ပြောတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း တိုင်းပြည်ရဲ့ အရန်အင်အားလို့ လူငယ်တွေကို ရည်စူးပြီး သုံးခဲ့ကြတာပေါ့။

ကျွန်တော်ပြောချင်တဲ့ လူငယ်တွေရဲ့ အသင်းအဖွဲ့စိတ်ဆိုတာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင်ဖို့ဖြစ်လာရင် ကူညီယိုင်းပင်းချင်တဲ့စိတ်၊ စစ်မှုထမ်းဖို့ လိုအပ်လာပြီဆိုရင် ပျော်ရွှင်စွာ သွားချင် တဲ့စိတ်၊ အားကစားစိတ်ဓာတ်၊ အပန်းဖြေအပျော်ခရီး ပူးပေါင်းထွက်ခြင်း၊ လူမှုရေးလုပ်ငန်း တွေမှာ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခြင်း၊ ပညာကိုမြတ်နိုးစွာ လေ့လာသင်ယူဖို့ အချင်းချင်း ကူညီစောင့်ရှောက် ခြင်းစတဲ့ စိတ်ဓာတ်တွေကို ပြောတာပါ။ ဒါတွေလည်းနိုင်ငံရေးတွေပါပဲ။

လူမှုရေးလုပ်တယ်ဆိုတာ နိုင်ငံရေးလုပ်တာဆိုတာမျိုးလည်း သူတို့ သဘောပေါက်ထားရလိမ့်မယ်။ နောင်ဆိုရင် နိုင်ငံရေးပါတီတွေဆိုတာ လူငယ်တွေ မလွဲမသွေ ရင်ဆိုင်ကြရတော့မှာ။ ဟိုကခေါ် သည်ကခေါ် လာပါဝင်ပါ နှစ်ကျပ်ခွဲလောက်ကို ဖြစ်လာမယ့် နိုင်ငံရေးပါတီခေတ်မှာ ဘယ်ပါတီကို ဘာကြောင့်ဆိုတဲ့ သဘောတရားမျိုး၊ အတွေးမျိုးလောက် ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိရင် ဘယ်လောက်ကောင်းမလဲ။

ပါတီဆိုတာ အစိုးရကို ချဖို့ကွဆိုပြီး ဘုလည်းမသိ ဘလည်းမသိတဲ့ ဝေလေလေအတွေးမျိုး လူငယ် တွေကြားမှာ မပျံ့အောင် နိုင်ငံရေးဆိုတာ ပညာပေးသင့် သလား၊ မပေးသင့်ဘူးလား၊ ဘယ်အချိန်ကစပြီး ပေးကြမှာလဲ စဉ်းစားဆုံးဖြတ်ဖို့ လိုပြီထင်ပါတယ်။

တင်ညွန့်

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection