တိုရန်တိုတွင် ပြသရန် အသင့်ဖြစ်နေသော အမေစု ရှပ်ရှင်


ဒေါ်အောင်ဆန်းစုကြည်အကြောင်းရိုက်ကူးတဲ့ ရှပ်ရှင် တိုရန်တိုတွင် ပြသရန် အသင့်ဖြစ်နေ
ကနေဒါနိုင်ငံ တိုရန်တိုမြို့တွင် စက်တင်ဘာ ၈ ရက် နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမယ့် ၃၆ ကြိမ်မြောက် တိုရန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော် (Toronto International Film Festival) တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင် ဇာတ်ကား ပြသမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ထို ရုပ်ရှင်ပွဲတော်ကို ယူတူး တေးဂီတအဖွဲ့အကြောင်း ရိုက်ကူးထားတဲ့ From the Sky Down ရုပ်ရှင် ကားနဲ့ ဖွင့်လှစ်မှာဖြစ်ပြီး နိုင်ငံတကာက ရုပ်ရှင် ဇာတ်ကားပေါင်း မြောက်များစွာကို ပြသရန် စီစဉ်ထားကာ ရုပ်ရှင်ပွဲတော် တရား၀င် ဖွင့်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့တွင် ပြုလုပ်မှာ ဖြစ်ပါ တယ်။
 ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားတွင် ရုပ်ရှင်မင်းသမီး မီရှယ်လ် ယို (Michelle Yeoh) က ဒေါ်အောင်ဆန်း စုကြည်အဖြစ် သရုပ်ဆောင်မှာဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်လ် အဲရစ်စ်အဖြစ် ဒေးဗစ် သျှူးလစ်စ် (David Thewlis) က သရုပ်ဆောင် ထားပါတယ်။ ပြင်သစ် ဒါရိုက်တာ လူ့ရှ် ဘေစင် (Luc Besson) က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

The Lady ရုပ်ရှင်ကားကို စက်တင်ဘာ ၁၂ ရက် ည ၉ နာရီခွဲတွင် ရိုင် သွန်မ်ဆင် ခန်းမ (Roy Thomson Hall) ၊ စက်တင်ဘာ ၁၃ ရက်နေ့ မနက် ၁၁ နာရီတွင် အယ်လ်ဂင် ရုပ်ရှင်ရုံရှိ ဗီဇာ ရုပ်ရှင်ပြခန်း (Visa Screening Room (Elgin)) နဲ့ စက်တင်ဘာ ၁၇ ရက်နေ့ ညနေ ၆ နာရီတွင် စကော်တီယာ ဘန့်က် ရုပ်ရှင်ရုံ ၂ (Scotiabank Theatre 2) တို့၌ ပြသမှာ ဖြစ်ပါတယ်။
The Lady ရုပ်ရှင်ဇာတ်ကားကို ရာဘက်ကာ ဖရမ် (Rebecca Frayn) က မူရင်းဇာတ်လမ်းနဲ့ ဇာတ်ညွှန်း ရေးသားပြီး သူ့ခင်ပွန်းဖြစ်သူ အန်ဒီ ဟာရီစ် (Andy Harries) နဲ့ ရာဘက်ကာတို့ ၁၉၉၀ အစောပိုင်း နှစ်များက မြန်မာပြည်ခရီး သွားရောက်ခဲ့ပြီးနောက် စိတ်ကူးရခဲ့တာလို့ သိရပါတယ်။ ထို ဇာတ်ကားကို ကြောက်ရွံ့မှုမှ လွတ်မြောက်ခြင်း (Freedom from Fear) လို့ ကနဦး အမည်တပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်က စတင် ပြင်ဆင်ခဲ့တာ ဖြစ်ကြောင်း၊ အန်ဒီက မီရှယ်လ် ယို (Michelle Yeoh) ကို ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ရန် ကမ်းလှမ်းပြီး ဇာတ်ညွန်းကို ပေးပို့ခဲ့ကြောင်း၊ မီရှယ်လ် ယို က ဒါရိုက်တာ လူ့ရှ် ဘေစင် (Luc Besson) နဲ့ ရိုက်ကူးဖို့ အကြံပြုခဲ့ကြောင်း သိရပါတယ်။

ထို ဇာတ်ကားကို ထိုင်းနိုင်ငံတွင် ရိုက်ကူးနေစဉ်အတွင်း ၂၀၁၀ နို၀င်ဘာလက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ရာ ရုပ်ရှင်မင်းသမီး မီရှယ်လ် ယို ဟာ မြန်မာပြည်ကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၁ ဇွန်လ ၂၂ ရက်နေ့မှာတော့ မြန်မာအစိုးရက မီရှယ်လ် ယို ကို မြန်မာပြည်၀င်ခွင့်ဗီဇာ ပိတ်ပင်ခဲ့ပါတယ်။

The Lady ရုပ်ရှင်ကားဟာ မြန်မာနိုင်ငံက အထင်ကရခေါင်းဆောင်တဦးအကြောင်း ရိုက်ကူးထားတဲ့၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသတဲ့ ပထမဆုံး ရုပ်ရှင်ကား ဖြစ်ပါတယ်။ ထို ရုပ်ရှင်ဇာတ်ကားကို ကနေဒါ နိုင်ငံ တိုရန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသပြီးနောက် တောင်ကိုရီးယားနိုင်ငံ ဘူစန်းမြို့တွင် အောက်တိုဘာ ၆ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပြုလုပ်မယ့် ဘူစန်း ရုပ်ရှင်ပွဲတော်တွင်လည်း ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။ ထို့နောက် ၂၀၁၁ နို၀င်ဘာ ၃၀ ရက်နေ့တွင် ပြင်သစ်၊ ၂၀၁၁ ဒီဇင်ဘာ ၁ ရက်နေ့တွင် ဂရိစ်၊ ၂၀၁၁ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် နယ်သာလန်နဲ့ ၂၀၁၂ မတ်လ ၁၅ ရက်နေ့တွင် ဂျာမဏီနိုင်ငံများ၌ စတင်ပြသရန် စီစဉ်လျက်ရှိပါတယ်။ ကနေဒါနိုင်ငံ စီဘီစီသတင်းက တိုရန်တို ရုပ်ရှင်ပွဲတော်တွင် ပြသမယ့် ရုပ်ရှင်ကားများအနက် ကြည့်ရှုလိုတဲ့ ရုပ်ရှင်ကားများနဲ့ ပတ်သက်တဲ့ အွန်လိုင်း သဘောထားကောက်ယူမှု ပြုလုပ်ခဲ့ရာ The Lady ရုပ်ရှင်ကားဟာ ၅၇.၃၈ ရာနှုန်းနဲ့ စိတ်၀င်စားမှု အများဆုံး ရရှိနေတာကို တွေ့ရပါတယ်။ The Lady ရုပ်ရှင်ကားဟာ ဘူစန်း ရုပ်ရှင်ပွဲတော်တွင်လည်း ပရိသတ် စိတ်၀င်စားခံရမယ့် ရုပ်ရှင်တကား ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုမှုများလည်း ရှိနေပါတယ်။

ကိုးကား
http://www.michelleyeoh.info/Movie/thelady.html
http://www.cbc.ca/news/yourcommunity/2011/08/which-tiff-film-are-you-most-excited-to-see.html
http://en.wikipedia.org/wiki/The_Lady_%282011_film%29
http://en.wikipedia.org/wiki/2011_Toronto_International_Film_Festival
http://tiff.net/filmsandschedules/tiff/2011/thelady




POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection