ငါးမည်ရ Facebook နှင့် ဇူကာဘတ် အလည်အပတ်ခရီး
ဂမ္ဘီရ စာရေးဆရာများ သုံးနှုန်းရေးသားလေ့ရှိသော တစ်နေ့သ၌ အင်တာနက်လောကရှိ Social Network Website များအနက်မှ အယုတ်အလတ် အမြတ်မရွေး လူသုံးအများဆုံးဖြစ်သော Facebook အမည်ရှိ ဝက်ဘ်ဆိုက်ကို တည်ထောင်သူ မာ့ခ်ဇူကာဘတ်သည် ၎င်း လက်ဆော့ခြေဆော့ လုပ်ခဲ့သည့် ဝက်ဘ်ဆိုက်ကြီးအား မည်သည့်နိုင်ငံမှ လူဦးရေမည်မျှသုံးစွဲပါသနည်းဟု စစ်တမ်းကောက်၍ ၎င်း၏ Facebook အား သုံးစွဲမှုအများဆုံး နိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်ကာ ၎င်း၏အရှိန်အဝါသြဇာကို ပိုမိုတိုးတက်အောင် မားကတ်တင်းဆင်းရလျှင် သင့်မြတ်လှပေမည်ဟု တွေးတောမိလေသည်။
ထိုငတိသည် ဥာဏ်များသည့်အလေ့အထ ရှိသည့်အတိုင်း ရှေးဦးမဆွ ကလည်း ထိုသို့ထူးခြားဆန်းပြားသော လုပ်ရပ်မျိုးကို လူစိတ်ဝင်စားအောင် ခဏခဏပြုလုပ်လေ့ရှိသူ တစ်ဦးလည်းဖြစ်သည်။ ဥပမာဆိုရလျှင် တလောက ၎င်းလူသုံးအများဆုံးဝက်ဘ်ဆိုက်ကြီးကို တည်ထောင်ခဲ့မိ သဖြင့် ၎င်း၏ လူပျိုလှည့်ချိန်များ၊ ဈေးဝယ်ထွက်ချိန်များ၊ နိုက်ကလပ် တက်ချိန်များ ဆုံးရှုံးရသည်ဟု အကြောင်းပြ၍ Facebook ကြီးကိုပိတ်ပစ်လိုက်တော့မည်ဟု သတင်းလွှင့်ကာ လူအများဝမ်းနည်းကာ အအိပ်အစား ပျက်အောင် မဏ္ဍပ်တိုင်တက်ပြသည့် ဖြစ်ရပ်မျိုးရှိခဲ့ဖူးသည်မှာ အထင်အရှားပင်ဖြစ်သည်။ သို့ဖြစ်၍ ယခုလို သူ့ဆိုရှယ်နက်ဝါ့ခ်ဆိုက်ကြီးအား လူသုံးအများဆုံးနိုင်ငံသို့ သွားရောက်၍ မားကတ်တင်းဆင်းရန် ကြံစည်မှုမှာ သူ့အတွက်တော့ များစွာထူးဆန်းလှသော စိတ်ကူးမျိုးမဟုတ်ပါချေ။
ထူးဆန်းဖွယ်ရာ ကောင်းသည်မှာကား Facebook အားလူဦးရေအများဆုံး အသုံးပြုသည့်နိုင်ငံကို စစ်တမ်းတစ်ခုပြုစုလိုက်ရာတွင် လူသုံးအများ ဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးတွင်ရပ်တည်နေသည်ကား အင်္ဂလန်မဟုတ်၊ အမေရိကန်မဟုတ်၊ အာရှတိုက်၏ နိုင်ငံငယ်လေးတစ်ခုဖြစ်သော မြန်မာနိုင်ငံ ပင်ဖြစ်ကြောင်း ထူးထွေတည့်အံ့ရာသော် စစ်တမ်းအဖြေကို တွေ့ရှိရလေတော့သည်။ မျက်ကပ်မှန်များ မှားတပ်မိလေသလား စဉ်းစား၍ အထပ်ထပ် အခါခါပြန်လည် စစ်ဆေးပါသော်လည်း အဖြေကမပြောင်းလဲ။ လူတကာကို အံ့သြအောင်လုပ်လေ့ရှိသော ငချွတ်ကလေးဇူကာဘတ်လည်း ပြန်လည်၍ အံ့သြရသည့်အဖြစ်ကိုရောက်ကာ မြန်မာနိုင်ငံ၌ သူ၏ Facebook ကို ဘယ်လောက်အထိ အားပေးသုံးစွဲကြသနည်းဟု သိချင်စိတ်များ ထောင်းထောင်း ထ၍ ရရာလေယာဉ်လက်မှတ်ဆွဲ၍ မြန်မာနိုင်ငံသို့ ချက်ချင်းလက်ငင်း မားကတ်တင်းလာဆင်းရသည့် အဖြစ်အထိ ရောက်ရှိလေသည်။
မြန်မာနိုင်ငံရောက်မဆိုက်ပင် အင်တာနက်ဆိုင်တကာ လှည့်လေရာ ခရီးသွားဟန်လွဲ အံ့ဖွယ်သရဲအဖြစ်တစ်ခုကို တွေ့ရလေသည်။ အင်တာနက် သုံးနေသော မိန်းကလေးတစ်ဦးအနားသို့အရောက် အမှတ်မထင်ကြည့်မိရာတွင် Google မှအလကားမတ်တင်း ဝန်ဆောင်မှုပေးထားသည့် Google Talk ကို Account ငါးခုလောက်ပြိုင်ဖွင့်ထားသည်ကို မြင်၍မေးကြည့်လေရာ ထိုမိန်းကလေးမှ ဇူကာဘတ်အား “ဘယ်တောကတက်လာတဲ့ ခပ်တုံးတုံးငနဲပါလိမ့်” ဟူသောအကြည့်ကိုကြည့်၍ တစ်ခုကရုံးသုံးအကောင့်၊ တစ်ခုက ကိုယ်ရေးကိုယ်တာအကောင့်၊ တစ်ခုက အီစီကလီသီးသန့်၊ တစ်ခုက ကိုကိုနဲ့ပြောဖို့စသဖြင့် အွန်လိုင်းပေါ်တွင် မအားမလပ်အောင် ကိုယ့်ကိုယ်ကို အလုပ်ပေးတတ်ကြသည့် မြန်မာအွန်လိုင်းယူဇာတို့၏ “ဇ” ကို စတင်မြင်တွေ့ရလေကာ ဒီလိုသာလူတိုင်းသုံးကြရင်ဖြင့် Google ကုမ္ပဏီတော့ သူရို့လက်ချက်နှင့် မွဲရချည်ရဲ့ဟု Google CEO အားစိတ်ထဲမှ ကျိတ်၍ သနားမိလေသည်။ ထို့နောက်မိမိ၏ လာရင်းကိစ္စဖြစ်သော လူကြိုက်အများဆုံး Facebook အကြောင်း လှည့်လည်စနည်းနာ၍ အွန်လိုင်း တက်နေသူများအကြား မယောင်မလည်စုံစမ်းရာတွင်တော့ ပို၍ပို၍ပင် အံ့သြရသည့်အဖြစ်ကို ရောက်ရပါလေပြီ။ ၎င်းဆိုက်ကို တည်ထောင်ရန် အကြံအစည်ရချိန်မှစပြီး လူစိတ်ဝင်စားမည့်နာမည်မျိုးအား ထင်ရှားကျော်ကြားသည့် ဗေဒင်ပညာရှင်အပေါင်းနှင့် တိုင်ပင်၍ စဉ်းစားပါသော်လည်း နာမည်ပေးရန် မတတ်သည့်အဖြစ်ကို ရောက်သည့်အဆုံး ၎င်းကျောင်းသားဘဝက စာအုပ်နှင့်မျက်နှာမခွာပဲ စာကျက်ခဲ့ရသည့်အဖြစ်သာ ခေါင်းထဲ ရောက်လာကာ Face နှင့် Book အားကြံကြီးစည်ရာ ပေါင်းသင်းစေပြီး Facebook ဟု ဖြစ်ကတတ်ဆန်း အမည်ပေးခဲ့မိသည့် ဝက်ဘ်ဆိုက် မှာမြန်မာနိုင်ငံတွင်တော့ တစ်နေရာတွင် နာမည်တစ်မျိုးဖြစ်နေကာ နာမည်ငါးမျိုးဖြင့် ကျော်ကြား၍ တချိန်ကအထင်ကရမြို့ဖြစ်သည့် ငါးမည်ရ ပြည်ရွှေဘို ကဲ့သိုပင် ငါးမည်ရ Facebook ဖြစ်၍နေလေသည်။
ဘုန်းကြီးကျောင်းသားများ၊ မူလတန်းကျောင်းသားများ သုံးစွဲကြသည့်အမည်မှာ “ဖေ့စအေဘုတ်ခ” ဖြစ်ကြောင်း သိရချိန်တွင် ဇူကာဘတ်မှာ “ဟင်” ခနဲအော်မည်၍လည်းကောင်း၊ အချို့ခေါ်ဝေါ်ပုံမှာ “ဖေ့ဘုတ်” ဖြစ်ကြောင်းသိရချိန်တွင် “ဟယ်” ခနဲ မြည်တမ်း၍လည်းကောင်း၊ ဘိုလိုမှုတ်ရတာ မကောင်းဟုဆိုကာ လူအချို့၏ မြန်မာမှုပြုခေါ်ပုံကျတော့ “မျက်နှာစာအုပ်” ဟုဆိုချိန်တွင် “ဟာ” ဟူ၍လည်းကောင်း၊ မြန်မာမှုပြုထားတာကိုပင် ထပ်မံဆန်းသစ်၍ ဂေါ်လီကျကျခေါ်ပုံမှာ “အခွက်ဘုတ်အုပ်” ဟုသိရချိန်တွင် “ဟိုက်” ဟုလည်းကောင်း၊ အချို့များခေါ်ဝေါ်ပုံကျတော့ “ဖေ့ဘွတ်” ဟုဆိုချိန်တွင် “အို” ဟုလည်းကောင်း စိတ်ထောင်းကိုယ်ကျေ ဖြစ်ရသည့်ကြားထဲ သူ့အနေဖြင့် Face Book ဟုသာ အမည်မှည့်ခဲ့လျှင် ယခုလောက်ဆို “ဖေဖေ့ ဘွတ်ဘွတ်” ဖြစ်ကာ အတော်ပင် နံစော်နေလောက်ပြီဟု ကံသေကံမ တွက်ချက်လိုက်လေသည်။ ဒီလောက်တောင် ဖြစ်နေလို့လည်း မြန်မာနိုင်ငံဟာ ဖေ့ဘုတ်သုံးရာတွင် ထိပ်ဆုံးရောက်နေတာ ဖြစ်ရမည်ဟု စဉ်းစားမိတော့မှ ကျေနပ်ခြင်းအဖြစ်သို့ ရောက်လေ၏။ ဇူကာဘတ်မှာလည်း ဒီလောက်အံ့သြရတာတောင် နာမည်ပေးရုံရှိသေးတာ Facebook ကိုသူကိုယ်တိုင်ပင် မခန့်မှန်းတတ်အောင် ဘယ်နည်းဘယ်ပုံများ သုံးစွဲကြသလဲဟု ထပ်မံလေ့လာစပ်စုရန် စိတ်အားထက်သန်လေတော့သည်။
တစ်နေရာအရောက် ညောင်တစ်ပင်အောက်တွင် လူစုစုရုံးရုံးဖြင့် ၎င်းအပင်မှာ ရှိခိုးပူဇော် ဆုတောင်းနေကြသည်ကို မြင်ပြီး ယောကျာ်းတွေရော၊ မိန်းမတွေရော တစ်အုပ်လုံးကြီး သားဆုပန်ကြတာတော့ မဖြစ်တန်ရာဟု တွေးတောဆင်ခြင်၍ ကျိုးကြောင်းတီးခေါက်ကြည့်ရာတွင် လာမည့်တစ်လ၊ နှစ်လအတွင်း ဖေ့ဘုတ်အား အပြီးအပိုင် ပိတ်ပစ်တော့မည် ကြားကြ၍ ထိုသို့မဖြစ်အောင် ညောင်ပင်စောင့် ရုက္ခစိုးဆီ လာရောက် ဆုတောင်း နေကြသည်ကို သိရှိရလေသည်။ ထို့အပြင် လာမည့်လအတွင်း ဖေ့ဘုတ်ဆိုက်ကြီး ပျက်စီး၍ အွန်လိုင်းရှိလူများ နေစရာဘုံပျောက်မည့်ကိစ္စကို ၂၀၁၂တွင် ကမ္ဘာပျက်မည်ဆိုသည့်ကိစ္စထက်ပင် ပို၍ကြောက်လန့်ကြကြောင်း သိရလေသည်။ ထိုမျှဖြင့်မကျေနပ်နိုင်သေးသည့် ဇူကာဘတ်လည်း ထပ်မံ၍ စုံစမ်းရာတွင် သူ၏ဖေ့ဘုတ်အား အသုံးပြု၍ အချို့က ထိုနေရာမှာပင် သင်္ကြန်ကျလိုက်၊ သီတင်းကျွတ်လိုက်၊ ဟက်ပီးနယူရီးယားလုပ်လိုက်ကြ၍ ၁၂ရာသီ ပွဲလမ်းသဘင်အစုံအား တစ်နေရာထဲတွင်ပင် လက်ခံကျင်းပနေကြကြောင်းကို သိရပြန်၍ ထိုမျှအသုံးချတတ်သော မြန်မာနိုင်ငံမှ ဖေ့ဘုတ်ကာများကို များစွာလေးစား ချီးကျူးချင်စိတ်များ တဖွားဖွားပေါ်လာလေတော့သည်။
ဒါတင်မကသေး သူကိုယ်တိုင် အင်တာနက်ဆိုင်တစ်ဆိုင်တွင် ထိုင်၍ Facebook ထဲဝင်ကြည့်မိလေသည်။ facebook.com ရိုက်၍ခေါ်သောလည်း မိနစ်အနည်းငယ် ကြာသည့်တိုင်အောင် ဘာဆိုဘာမှပေါ်မလာပဲ အဖြူထည်အတိုင်း ဖြစ်နေသောအခါ သူမရှိတုန်းအခိုက် သူ၏ Facebook ကြီးအား ဟိုမှာကျန်ခဲ့သော သူ့တပည့်တပန်းများ တကယ်ပင်ပိတ်ပစ်လိုက်ပြီလား ဟုတွေး၍ လန့်ဖျပ်ရသည့်အဖြစ်ကို ရောက်ရလေသည်။ သို့သော်လည်း ဇူကာဘတ်ထက် အင်တာနက်အကြောင်းကို ပို၍နားလည်သော အင်တာနက်ဆိုင်မှ စတပ်ဖ်ကလေးက Facebook ပျက်သွားတာ မဟုတ်ကြောင်း၊ ရှေ့တိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်ဆိုသလို ကော်နတ်ရှင်က အရှိန်ယူနေတာဖြစ်ကြောင်း ရှင်းပြမှပင် “ဟူး” ခနဲ သက်မချနိုင်လေသည်။ သို့ဖြင့် မြန်မာနိုင်ငံတွင် ဘယ်လိုများ ဖေ့ဘုတ်ကို သုံးကြသနည်းဟု ဖေ့ဘုတ်ထဲဝင်၍ လေ့လာကြည့်မိသောအခါ မျက်လုံးပြူးစရာ ကိစ္စအများအပြားကို တွေ့ရလေတော့သည်။
ထိုအရာများအနက်တစ်ခုမှာ ဖေ့ဘုတ်၏ နာမည်ကျော်ဂိမ်းဖြစ်သည့် မာဖီးယားဆော့ရတာပျင်းလာ၍ မြန်မာဖြစ် လမ်းမတော်ဖိုးတုတ်ဟူသည့် ဂိမ်းအသစ်ရေး၍ဖေ့ဘုတ်တွင် တင်ရန်ဖွဲ့စည်းထားသော Group ကိုလည်းကောင်း၊ ဓာတ်ပုံတင်သည့်နေရာရှိ မိန်းမလှလေးတစ်ယောက်၏ ပုံအောက်တွင် “မိုက်တယ်ဗျာ” “မမသိပ်လှတာပဲ” “ဒါမျိုးလေးကတွေ့ရခဲတယ်” ဆိုသည်မှအစပြု၍ “ဂလု” “ရှလွတ်” အဆုံး ပုရိသအပေါင်း ကာလသားခေါင်းတို့၏ ကောမန့်ပေါင်း တစ်သောင်းလောက်ကို လည်းကောင်း၊ “မောင်အာပလာရာဇာဘာညာကွိကွ” “မောင်မှမချစ်ရင်သေပစ်မယ်” စသဖြင့် ကျိုက်ထီးရိုးဝါးသေနတ်များတွင် ရေးလေ့ရှိသည့်စာတန်းများလို ပုံစံဖြင့် ဘယ်နိုင်ငံမှာမှမတွေ့နိုင်သော အထူးအဆန်းနာမည် ဂွတ်ရှယ်များ ကိုလည်းကောင်း ပါးစပ်အဟောင်းသား ဖြစ်လောက်အောင် တွေ့ရပြန်လေသည်။ ထို့အပြင် မြန်မာနိုင်ငံ၌ လူကုန်ကူးမှု ခေတ်စားလာခြင်းအလေ့မှာ ဖေ့ဘုတ်တွင်ပါဝင်သည့် ဂိမ်းဖြစ်သည့် Friend for Sale ကိုစတင်ဆော့ကြသည့် အချိန်မှစ၍ ဖြစ်ပေါ်ခေတ်စားလာကြောင်း သိရလေသည်။ ဒါတင်ပဲလား မဟုတ်သေး ဖေ့ဘုတ်ထဲရှိ Farm Ville ဟုခေါ်သည့် လယ်ကွင်းခေါင်ခေါင်ထဲတွင် တစ်နေကုန် စိုက်၍မဆုံး၊ ပျိုး၍မဆုံး လယ်သမားလုံးလုံး ဖြစ်နေကြသည့် ဖြစ်အင်ကို လည်းကောင်း၊ Restaurant City ကို ရှိသမျှ မုန့်ဖိုးအကုန်ခံဆော့ရာမှ ပိုက်ဆံပြတ်သော်လည်း မဆော့ရမနေနိုင်သည့်အဆုံး ကြုံရာစားသောက်ဆိုင်တွင် စားပွဲထိုးလုပ်၍ ရသည့်လုပ်အားခဖြင့် ဇွဲနပဲကြီးကြီး ဆက်ဆော့ကြသည်ကိုလည်းကောင်း အံ့သြထူးဆန်းဖွယ်ရာ မျက်မြင်ကိုယ်တွေ့ ကြုံရပြန်လေသည်။
ဒါတင်မကသေး ဖေ့ဘုတ်သုံးကြသူများ၏ အနီးအနား မယောင်မလည် ကပ်ကြည့်ရာတွင်လည်း တစ်နေကုန် အွန်လိုင်းတက်၍ ဖေ့ဘုတ်ထဲတွင် ဧည့်စာရင်းတိုင်ကာ ဘာမှလုပ်စရာမရှိသည့်အဆုံး ဘယ်သူ့ Status အောက်ရောက်ရောက် Like Button လျှောက်နှိပ်၍နေသူများ၊ ဖေ့ဘုတ် ပျက်မည့်သတင်းကြားပြိး မပျက်ခင် အချိန်ရှိခိုက် လုံ့လစိုက်၍ တွေ့သမျှ မိန်းကလေးများ၏ ပုံများကို ခိုး၍တဖုံ၊ ပေါ်တင်တစ်မျိုး Download လုပ်သည့် ကိုကိုများအားလုံးကို မခြွင်းမချန် တွေ့ရ၍ မြန်မာ Facebooker များသည် ဖေ့ဘုတ်တည်ထောင်ခဲ့သည့် မိမိကိုယ်တိုင်ထက်ပင် ဖေ့ဘုတ်အား သုံးတတ်နေကြပြီ ဖြစ်ပါကလားဟု တွေးမိ၍ ဇူကာဘတ်မှာ ၎င်းဖေ့ဘုတ်၏ အနာဂတ်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းနဲ့ပင် ရပ်တည် နိုင်လောက်ပါပေသည်ဟု စိတ်ချခြင်းအဖြစ်ကို ရောက်ရှိပြီး မားကတ်တင်းဆင်းခြင်းအမှုကို ရပ်ဆိုင်းကာ နေရပ်သို့ ခေါင်းမော့ရင်ကော့ပြီး ပြန်ကာမှပင် ဖေ့ဘုတ်စီအီးအို သူဌေးကလေး ဇူကာဘတ်၏ လေ့လာရေးခရီး နိတ္တိတံလေသည်။
နေရပ်ပြန်ရောက်လတ်သော် ကြွားဝါလိုစိတ်ကို မထိန်းချုပ်နိုင်သော ငတိလေး ဇူကာဘတ်သည် မြန်မာနိုင်ငံရှိ ဖေ့ဘုတ်ကာများအကြောင်းကို နိုင်ငံ တကာသို့ “ဖွ” လိုက်လေရာ ကမ္ဘာ့လူသုံးအများဆုံး ဆိုရှယ်ဆိုက်အဖြင့် ဖေ့ဘုတ်ကို ကျော်တက်ချင်ကြသည့် ဒိတ်ဒိတ်ကြဲ Developer များမှ ထိုသောအခါမှ မြန်မာသုံး ဝင်းဖောင့်၊ ဝိဇ္ဇာဖောင့်၊ ဇော်ဂျီဖောင့်၊ တပ္ပသီဖောင့်၊ သူယောင်မယ်ဖောင့်၊ ယူနီကုတ်ဖောင့်၊ ဧရာဖောင့်၊ ကျော်ထူးဖောင့် အစရှိသည့် ဖောင့်မျိုးစုံကို download လုပ်ပြီးသကာလ မြန်မာနိုင်ငံရှိ အင်တာနက်ယူဇာများ သီးသန့်လက်မလည်တမ်း သုံးစွဲနိုင်ရန် မြန်မာ ဗားရှင်းဖြင့် ထုတ်လွှင့်မည့် ဆိုရှယ်ဆိုက်ပေါင်းစုံကို သူ့ထက်ငါ အပြိုင်အဆိုင် အလုအယက် ရေးသားထုတ်လွှင့်ရန် ကြိုးပမ်းကြလေတော့သတည်း။
ပြီးပါပြီ
February ၅ ရက်နေ့ထုတ် Net Guide ဂျာနယ်က ဇေယျတုရေးတဲ့ ဆောင်းပါးပါ။