ရခိုင် အလံနှင့် အမျိုးသားဝတ်စုံ ပြောင်းလဲရန် ကြံ့ခိုင်ရေးပါတီ ကြိုးပမ်း

ရခိုင် အလံနှင့် အမျိုးသားဝတ်စုံ ပြောင်းလဲရန် ကြံ့ခိုင်ရေးပါတီ ကြိုးပမ်း

ရခိုင်ပြည်နယ်၏ အလံနှင့်ရခိုင်ရိုးရာ ဝတ်စုံကို ပြောင်းလဲပြင်ဆင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ ကြိုးပမ်းမှုအား ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင် ယဉ်ကျေးမှုအဖွဲ့များက ကန့်ကွက် ကြကြောင်း သိရသည်။
လက်ရှိ အသုံးပြုနေသော ရခိုင်ပြည်နယ် အလံ (ဓာတ်ပုံ - နိရဉ္ဇရာ)

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးသာညွန့် က ရခိုင်ပြည်အလံနှင့် ရခိုင်လူမျိုးတို့၏ ရိုးရာဝတ်စုံကို ခေတ်စနစ်နှင့်ကိုက်ညီမှု မရှိတော့သည့်အတွက် ခေတ်နှင့်အညီ ပြောင်းလဲ ပြင်ဆင်ရန် မတ်လ၂၉ ရက်နေ့တွင် ကျင်းပခဲ့ သည့် ရခိုင်ပြည်နယ်လွှတ်တော်၏ ၂၀၁၂-၁၃ ဘတ်ဂျက်ငွေ သုံးစွဲမှု အထူးအစည်းအဝေး၌ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဘတ်ဂျက်ခွဲဝေသုံးစွဲမှု ကိစ္စသည်အရေးကြီးသည့်အတွက် ကြံ့ခိုင်ရေး ပါတီ၏ အဆိုအား လတ်တလော အခြေ အနေအရ အဓိ ကထား ဆွေးနွေးရန် အချိန်မတန်သေးကြောင်း RNDP ပါတီ ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် က ကန့်ကွက်သည့်အတွက် ဆွေးနွေးရန် သင့်မသင့် မဲခွဲဆုံးဖြတ်ခဲ့ရာ RNDP မှ ရှုံးနိမ့်ခဲ့သည်။

မဲခွဲကြရာ RNDP ၁၄ မဲ၊ ကြံ့ခိုင်ရေးပါတီ ၁၃ မဲ၊ စစ်တပ်ကိုယ်စားလှယ် ၁၅ မဲ အသီးသီးရှိခဲ့ပြီး စစ်တပ်နှင့်ကြံ့ခိုင်ရေးပါတီ ပေါင်း ၍၂၈ မဲနှင့်အနိုင်ရသွားကြောင်း သိရသည်။ ထိုအဆိုအား ရုပ်သိမ်းပေးရန် ဧပြီ ၂ ရက်နေ့ အစည်းအဝေး၌ RNDP က ထပ်မံ တင်သွင်းခဲ့ကြောင်းလည်း သိရသည်။

RNDP ပါတီ၏ ဥက္ကဋ္ဌနှင့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “အမျိုးသား ဝတ်စုံနဲ့ပြည်နယ် အလံ ပြောင်းလဲပြင်ဆင်ရေး ကိစ္စဟာ တမျိုးသားလုံးနဲ့ ဆိုင်တာ ဖြစ်တဲ့အတွက် လွှတ်တော် တခုတည်းက ဆုံးဖြတ်လို့ ရမှာ မဟုတ် ပါဘူး” ဟု ဆိုသည်။

ရခိုင်ပြည်နယ်အလံ အား ရှေးရခိုင်ဘုရင်များ အသုံးပြုခဲ့ကြသည့် အလံများ၊ တံဆိပ်များကိုအခြေခံ၍ ရခိုင်သမိုင်း ပညာရှင်များ၊ စာပေပညာရှင်များ စုပေါင်း၍ ၁၉၇၄ ဖွဲ့စည်းပုံနှင့်အညီ ရေးဆွဲသတ်မှတ် ခဲ့ကြကြောင်း၊ ၎င်းကို ပြောင်းလဲ ပြင်ဆင်မည် ဆိုပါက ရခိုင်ပြည်သူ တရပ်လုံး၏ သဘောတူမှု ရမှာသာ ပြင်ဆင်ပိုင်ခွင့်ရှိကြောင်း၊ အာဏာအသုံးပြု၍ အဓမ္မ လုပ်ဆောင်ပါက မလိုလား အပ်သည့် အကျိုးရလဒ်များ ထွက်ပေါ်လာနိုင် ကြောင်း ဒေါက်တာအေးမောင် က ပြောသည်။

၎င်းက“ရှေးရခိုင်ဘုရင်အဆင့်ဆင့် အသုံးပြုခဲ့တဲ့ အနီနဲ့အဖြူရောင်မှာ သီရိဝိစ္စ သင်္ကေတ အစား ခြင်္သေ့ပုံ ဒါမှမဟုတ် အစိမ်း ရောင် စတဲ့ တခြားတခုခု ပြောင်းမယ်ဆိုရင် ရခိုင် လူထု တရပ်လုံးက သပိတ်မှောက် ကြလိမ့်မယ်၊ ဒီအလံကို ဖျောက်ဖျက်ဖို့ ကြိုးစားမယ်ဆိုရင် သမိုင်းတရားခံ ဖြစ်သွားမှာပါ” ဟု ဆိုသည်။

အဆိုရှင် ဦးသာညွှန့်က“ဒီကိစ္စကို ပြောင်းလဲဖို့ အတိအကျ မဆုံးဖြတ်ရသေးပါဘူး၊ ပညာရှင် ၅ ဦးပါတဲ့ အဖွဲ တခုကိုတော့ ဖွဲ့ စည်းပြီးပါပြီ၊ ရခိုင်ပြည်သူတွေအတွက် ခိုင်မာတဲ့ အလံတခုနဲ့ အမျိုးသား ဝတ်စုံတခု ပေါ်ပေါက်ရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့
တင်ပြတာပါ”ဟု ဧရာဝတီ ကို ပြောသည်။

ရခိုင်အလံအား ၁၉၇၄ ခုမှ စတင်အသုံးပြုခဲ့ရာ ယခုအခါ နှစ်ပေါင်း ၃၈ နှစ်ရှိနေပြီ ဖြစ်ကြောင်း၊ ထိုအလံ အပေါ် အမြင်ကွဲပြားမှု အမျိုးမျိုး ရှိနေသည့် အတွက် ပြောင်းလဲ ရန်လိုအပ်သည်ဟု ယူဆကြောင်း ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌဖြစ်သူ ဦးသာညွန့် က ရှင်းပြသည်။

ထိုကိစ္စအား ရခိုင်စာပေနှင့်ယဉ်ကျေးမှု အသင်း (ရန်ကုန်)၊ ရခိုင်သဟာရ အသင်း (ရန်ကုန်)၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှု အ သင်း (စစ်တွေ)တို့မှ လည်း ကန့်ကွက်နေကြပြီး ရခိုင်ပြည်သူများအကြား မကျေနပ်မှု၊ ကန့်ကွက်မှုများ ထွက်ပေါ်နေကြောင်း သိရသည်။

ရခိုင်ရိုးရာ တိုင်းရင်းသား ဝတ်စုံသည် ဆယ်စုနှစ်များစွာပျောက်ကွယ်သွားခဲ့သည့် အတွက် ရခိုင်ယဉ်ကျေးမှု အသင်းများဖွဲ့စည်း ၍ ပြန်လည်ဖော်ထုတ်ထားသည်မှာ နှစ်အနည်းငယ်သာ ရှိသေးကြောင်း၊ လူမျိုးတမျိုး၏ ရိုးရာ ယဉ်ကျေးမှုများအား ပုဂ္ဂိုလ်တ ဦး၊ အဖွဲ့အစည်း တခုတည်းမှ လုပ်ဆောင်၍ မရနိုင်ကြောင်း ရခိုင်စာပေနှင့်ယဉ်ကျေးမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဒေါ်စော ခင် တင့် က ဧရာဝတီ ကို ပြောသည်။

၎င်းက“ဝတ်စုံကိစ္စဟာ အမျိုးသားရေးကိစ္စဖြစ်တဲ့ အပြင် သမိုင်းကြောင်းနဲ့လည်း ဆိုင်တဲ့ အရာပါ၊ ဒါကို လွှတ်တော်မှာ တင်တဲ့ ကိစ္စဟာ မဖြစ်သင့်တဲ့ ကိစ္စပါ၊ လွှတ်တော်အနေနဲ့ ရခိုင်ပြည် ဖွံ့ဖြိုးရေး ကိစ္စတွေ လုပ် စရာတွေအများကြီးပါ”ဟု ဆိုသည်။

ရခိုင်အလံ ပြောင်းလဲရေးနှင့်ရခိုင်အမျိုးသား ဝတ်စုံအား ပြောင်းလဲပြင်ဆင်ရေး ကိစ္စအား လွှတ်တော်မှ ဆွေးနွေးအတည်ပြုရန် ကြိုးစား ပါက ရခိုင်ပြည်သူ တရပ်လုံးမှ ဆန္ဒထုတ်ဖော် ကန့်ကွက်နိုင်ရေး ဆောင်ရွက် သွားမည်ဟု ရွှေသဘာဝဓာတ်ငွေဖြင့် ၂၄ နာရီ လျှပ်စစ် မီးရရှိရေး လှုပ်ရှားမှုအဖွဲ့မှ ဦးဘချမ်းဖြူ က ပြောသည်။

“ဓာတ်ငွေ့နဲ့ ၂၄ နာရီ မီးရရှိရေးကို ရခိုင် တပြည်လုံးက တောင်းဆိုနေချိန်မှာ ကြံ့ဖွံ့က ဒီကိစ္စ ချက်ချင်း အဆိုတင် လာတာက ရခိုင်လူထုကို အာရုံပြောင်းသွားအောင် လုပ်တာလား၊ ဒါမှ မဟုတ်နိုင်ငံရေး ပယောဂ တခုခုပါသလား ဆိုတာစောင့် ကြည့်ရဦး မှာပါ”ဟု ဦးဘချမ်းဖြူ က ဆိုသည်။

ရခိုင်အလံနှင့်ရခိုင်အမျိုးသား ဝတ်စုံအား ပြောင်းလဲရန် ကြိုးပမ်းမှုသည် ကြံ့ခိုင်ရေးပါတီ၏ ရခိုင်ပြည်နယ် တာဝန်ခံ ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးနှင့် ဗဟို အဖွဲ့ဝင် တချို့၏ လမ်းညွန်မှုများကြောင့်ဟု သိရကြောင်း၊ RNDP ပါတီသည် ရခိုင်အလံ၌ ပါရှိသည့် သီရိ ဝိစ္စအမှတ် တံဆိပ်အား အသုံးပြု၍ မဲဆွယ်စည်းရုံး ခဲ့သည့်အတွက် ၂၀၁၀ ရွေး ကောက်ပွဲ၌ အောင်မြင်မှု ရှိခဲ့ခြင်း ကို ကြံ့ခိုင်ရေးပါတီမှ ကျေနပ်မှုမရှိဟု သတင်းများထွက်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန် က ပြော သည်။

“ရခိုင်လွှတ်တော်ထဲမှာ ရှိတဲ့ စစ်တပ်ကိုယ်စားလှယ်တွေဟာ မဲဆန္ဒအရ တင်မြှောက်ထားတာ မဟုတ်ဘူး၊ ဒါကြောင့် အမျိုး သားရေး ကိစ္စကို လွှတ်တော် က ဆုံးဖြတ်ချင်တိုင်း ဆုံးဖြတ်လို့ မရဘူး၊ ပြည်သူကို ဆန့်ကျင် ဆုံးဖြတ်ခဲ့ မယ်ဆိုရင် အဲဒီလွှတ် တော် က ဘာလွှတ်တော် မို့လို့ လဲ လို့ မေးခွန်းပြန်ထုတ် ရပါလိမ့် မယ်”ဟု ဦးဘရှိန် က ဆိုသည်။

ဦးသာညွန့်က ပြောဆိုရာ၌ အလံနှင့်အမျိုးသားဝတ်စုံ ပြောင်းလဲရေး ကိစ္စသည် ကြံ့ခိုင်ရေးပါတီ ဗဟိုမှ ဖိအားပေးမှုကြောင့် မဟုတ်ကြောင်း၊ RNDP ပါတီ၏ ပြောဆိုမှု လည်း မမှန်ကန်ကြောင်း ငြင်းဆိုပြီး၊ ၎င်း၏ အဆိုအား အောင်မြင်မှု ရှိမရှိ ကိစ္စကို အတိ အကျပြောဆို ရန် စောသေးကြောင်း ဧရာဝတီ ကို ပြောသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection