အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတချို့ ရုပ်သိမ်း

အမေရိကန်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတချို့ ရုပ်သိမ်း


နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူ မှုများအနက် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ကန့်သတ်ချက်တချို့ကို ရုပ်သိမ်းပေးလိုက်ကြောင်း သတင်း ရရှိသည်။

အမေရိကန်အစိုးရ၏ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေအရ အမေရိကန်က ရန်ပုံငွေထည့်ဝင်ထားသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အစရှိသည့် ဘဏ္ဍာငွေကြေး အဖွဲ့အစည်းများမှ မြန်မာ နိုင်ငံကို ငွေကြေးဆိုင်ရာ အကဲဖြတ်မှု၊ နည်းပညာ ထောက်ပံ့မှုများ ပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းလိုက်သည်။

၂၀၁၁ ဒီဇင်ဘာ ၁ ရက်နေ့က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - AP)

အမေရိကန် သမ္မတ အိုဘားမားက ယခုကဲ့သို့ လုပ်ဆောင်ရန် ဖေဖော်ဝါရီလ ၃ ရက်နေ့က နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်အား လွှဲအပ်ထားခြင်း ဖြစ်ပြီး ယင်း ဆုံးဖြတ်ချက်ကို မစ္စ ကလင်တန်က ယမန်နေ့က လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအတွက် တုန့်ပြန် အသိအမှတ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ အမေရိကန်က ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှုများ ဆက်လက်ရှိနေ မည်ဖြစ်သော် ယခု ကန့်သတ်ချက်တချို့ ရုပ်သိမ်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ IMF တို့ထံမှ နည်းပညာနှင့် အကူအညီ ရရှိရေး လမ်းကြောင်းများ လမ်းပွင့် သွားမည် ဖြစ်သည်။

ယခုကဲ့သို့ ကန့်သတ်ချက်တချို့ ရုပ်သိမ်းခြင်းသည် မြန်မာ့စီးပွားရေး အခြေအနေကို ပိုမိုအားဖြည့်လာနိုင်ဖွယ်ရှိပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် ရည်ရွယ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

“အမေရိကန် ပြန်ထောင်စုအနေနဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှာ အားပေး ထောက်ခံရင်း အတူလုပ်ဆောင်စရာများ ဆက်လက်ရှိနေပါသေးတယ်” ဟု ကြေညာချက်တွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို နောက်ကြောင်းပြန်လှည့်ရန် မရှိကြောင်း နှင့် ပိတ်ဆို့ အရေးယူထားခြင်းများကိုအနောက်နိုင်ငံကြီးများက ဖယ်ရှားပေးရန် တိုက်တွန်းကြောင်း အမေရိကန် အခြေစိုက် ဝါရှင်တန်ပို့စ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ကန့်သတ်ချက်တချို့ ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က ကမ္ဘာဘဏ်နှင့် IMF တို့၏ ငွေကြေးဆိုင်ရာ နည်းပညာနှင့် အကဲဖြတ်မစ်ရှင်များ လာရောက်ခြင်းကို အမေရိကန်က ထောက်ခံပြီး အဆိုပါ မစ်ရှင်များအား ငွေကြေးထောက်ပံ့ ပေးနိုင်ရုံသာဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးတို့၊ စွမ်းရည် မရှိတာတို့နဲ့ပတ်သက်ပြီး အကဲဖြတ်မစ်ရှင်တွေ လာမယ် ဆိုရင် အမေရိကန်က အခု ထောက်ခံတယ်။ အမေရိကန်က မြန်မာ့စီးပွားရေးအပေါ် အကဲဖြတ်ချက်တွေက အရေးပါတယ်ဆိုပြီး ထောက်ခံတာ။ သူက အဲဒီမစ်ရှင်တွေလာရင် ငွေကြေးထောက်ပံ့နိုင်တယ်။ ငွေချေး လို့တော့ မရသေးဘူး” ဟု ခင်မောင်ညို (ဘောဂဗေဒ) က ဆိုသည်။

အမေရိကန်ဘက်က လိုလားနေသည့် ကျန်ရှိနေသော နိ်ုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတ စေရေး စသည့်တို့ကို မြန်မာအစိုးရက ဆက်လက် ဖော်ဆောင်ရန် ရှိကြောင်း၊ အမေရိကန်ဘက်က အလွယ်တကူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်း ရုပ်သိမ်းသွားမည် မဟုတ်ဘဲ တဆင့်ချင်းသာဖြစ်ကြောင်း ခင်မောင်ညို (ဘောဂဗေဒ) က ဆက်လက်ပြောသည်။

အမေရိကန် အထက်လွှတ်တော် အမတ်များဖြစ်သည့် မစ်ချ် မက်ကောနဲလ်၊ ဂျွန်မက်ကိန်း ၊ ဂျိုး လီဘာမန်တို့ မြန်မာနိုင်ငံသို့ လာရောက်လေ့လာစဉ်ကလည်း အဆိုပါအချက်များကို ပြောကြားတိုက် တွန်းခဲ့သေးသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် မြန်မာနိုင်ငံကို လွန်ခဲ့သည့် ဒီဇင်ဘာလက လာရောက်လည်ပတ်ခဲ့စဉ်က ကမ္ဘာ့ဘဏ်၏ ဆန်းစစ် လေ့လာရေး မစ်ရှင်များကို ခွင့်ပြုရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်ကလည်း အမေရိကန် ပြည်ထောင်စု၏အရေးယူမှုများ ရုပ်သိမ်းရန် အချိန်ကျ၊ မကျ အစိုးရနှင့် ဥပဒေပြုလွှတ်တော်အကြားဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြောဆိုသွားသေးသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection