ပြည်သူ မျက်ရည်ကျချိန် မနောပွဲ မလုပ်လိုတဲ့ ကချင်ပြည်

ပြည်သူ မျက်ရည်ကျချိန် မနောပွဲ မလုပ်လိုတဲ့ ကချင်ပြည်

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ၆၄ ကြိမ်မြောက် “ကချင်ပြည်နယ်နေ့” အထိမ်းအမှတ် မနောပွဲတော်ကို မကျင်းပနိုင်ခဲ့ပေ။

ရိုးရာ ထုံးတမ်းစဉ်လာအရ မနောပွဲတော်ကို ပြည်တွင်းပြည်ပမှ ကချင်လူမျိုးများ ရောက်ရှိလာပြီး နှစ်စဉ် ဇန်နဝါရီ ၁ဝ ရက်နေ့ တိုင်း စည်စည်ကားကား ကျင်းပခဲ့သော်လည်း ယခုနှစ်မှာမူ နိုင်ငံရေး မတည်ငြိမ်ခြင်း ကြောင့် မကျင်းပနိုင်ခဲ့ ကြောင်း မနောပွဲဖြစ် မြောက်ရေး ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

“ဒီနှစ်က မနောပွဲက ပြည်သူတွေ မျက်ရည်ကျနေတဲ့အချိန်မှာ ဒုက္ခရောက်ချိန်မှာ မနောပွဲကို မလုပ်တော့ဘူး။ ဒါပေမယ့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို မလုပ်ရင်လည်း မဖြစ်တော့ လူထုအခမ်းအနားလုပ်တယ်။ ညနေပိုင်းမှာ ညစာ စားပွဲပဲ လုပ်မယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ၆၄ ကြိမ်မြောက် “ကချင်ပြည်နယ်နေ့” အထိမ်းအမှတ် မနောပွဲတော်ကို ကျင်းပနေစဉ် (ဓါတ်ပုံ Jinghpaw Kasa)

ဘာသာရေး ခေါင်းဆောင်များ၊ ကချင်ရိုးရာယဉ်ကျေးမှု ခေါင်းဆောင်များ၊ အစိုးရ ဌာနဆိုင်ရာများ အပါအဝင် လူပေါင်း ၆ဝဝ ကျော်က ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ညစာစားပွဲကို ပြည်နယ် မြို့တော်ခန်းမတွင် ပြုလုပ်မည်ဖြစ်သည်။

မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသော စစ်ပြေးဒုက္ခ ရောက်နေသူများ ရှိနေသဖြင့် ယခုနှစ် မနောပွဲကို မကျင်းပ ရခြင်း ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ပြောသည်။

ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ်မူ ပြည်နယ်အစိုးရ ရုံးရှေ့တွင်ပင် ဌာနဆိုင်ရာ ဝန်ထန်းများ၊ ကချင်ရိုးရာ အဖွဲ့ လူကြီးများ၊ မြို့နေ ရပ်မိ ရပ်ဖများကို ခေါ်ယူ၍ ၁၅ မိနစ်ကြာ ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက မိန့်ခွန်းပြောဆိုခဲ့ခြင်းသာ ပြုလုပ်ခဲ့သည်။

ယခင်နှစ်များတွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကချင်လူမျိုးများ၊ အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံရှိ ကချင် မျိုးနွယ်များဖြင့် မနောပွဲတော်ကို စည်ကားစွာ ကျင်းပလေ့ရှိခဲ့သည်။ တေးဂီတ ဖျော်ဖြေပွဲများ မနောအလှမယ် ရွေးပွဲများလည်း ကျင်းပခဲ့သည်။

ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုခြင်း၊ ကချင်ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းသော အားဖြင့် ကချင် မနောပွဲကို နှစ်စဉ်ကျင်းပရခြင်း ဖြစ်သည်ဟု မြစ်ကြီးနားမြို့ခံ ကချင်ရိုးရာ ထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့ဝင် တဦးက ပြောသည်။

“အခု ဒီအခြေအနေဆိုရင် ကချင်ပြည်နယ်နေ့ ဆိုတာတောင် ဖျက်ချင်လာကြတယ်။ ကချင်ပြည်နယ်နေ့ သတ်မှတ်တဲ့ရက်ကို ဂုဏ်ပြုတာ၊ ရိုးရာဓလေ့ကို မပျောက်ပျက်အောင် ထိန်းသိမ်းတဲ့သဘော ကျင်းပတယ်။ အရှေ့အနောက်၊ တောင်မြောက် ကချင်လူမျိုးတွေ စုပြီးတော့ နိုင်ငံရေးအရ တိုင်ပင် ဆွေးနွေးနိုင်တယ်။ ဒါပေမယ့် ဒီနှစ် ကျင်းပမယ် ဆိုရင်တော့ အရှုံးဖြစ်သွားမယ်။ ခုတောင် တိုက်ပွဲဖြစ်နေတာကို တိုက်ပွဲ မဖြစ် သလို ဖန်တီးချင်တဲ့ လူတွေရှိတယ်၊ ပြဿနာ အကြီးကြီး မဟုတ်ဘူးဆိုပြီး လုပ်ချင်တဲ့ လူတွေ ရှိတယ်” ဟု သူက မဇ္ဈိမကို ပြောပြသည်။

မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားခဲ့ပြီး လုံခြုံရေးအရ စိုးရိမ်မှုများ ရှိနေသဖြင့် ယခု ကဲ့သို့ မနောပွဲ မကျင်းပခြင်းမှာ ပို၍ သင့်တော်သည်ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် ၁၉၄၈ ခု ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် ပထမဦးဆုံး သမ္မတ ဦးစပ်ရွှေသိုက် ကိုယ်တိုင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းသို့ တက်ရောက်၍ “ကချင်ပြည် နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ရာမှ နှစ်စဉ် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

၁၉၉၄ ခုနှစ် နဝတ အစိုးရနှင့် KIO အကြား အပစ်အခတ်ရပ်စဲချိန် ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်ထိ နှစ်စဉ် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကို ခမ်းနားစွာ ကျင်းပနိုင်ခဲ့သည်။

သို့သော် KIO က နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ငြင်းဆိုလိုက်သည့် ၂ဝ၁၁ ခုနှစ်တွင် ကျရောက်သော ၆၃ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိန်းအမှတ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဦးဆောင်၍ လေးရက် ကြာ ကျင်းပခဲ့သော်လည်း ယခင်နှစ်များကဲ့သို့ KIO ရဲဘော်များ မတက်ရောက်နိုင်ခဲ့ဘဲ ခေါင်းဆောင်တချို့သာ တက်ရောက်ခွင့် ရခဲ့သည်။

ပြည်ထောင်စု ဖြစ်ပေါ်လာရေးတွင် နှစ်ပေါင်း ၆၄ နှစ်ကြာ ကြိုးပမ်းခဲ့သော်လည်း ပြည်ထောင်စု၏ အနစ်သာရ ကချင်ပြည်နယ်နေ့၏ အနစ်သာရကို ယနေ့ထိ မခံစားနိုင်ခဲ့ရသေးကြောင်း KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန် က ပြောသည်။

“မြန်မာနိုင်ငံမှာ ပြည်ထောင်စုဆိုပြီး ဖြစ်ပေါ်လာတဲ့နောက် ပထမဆုံး ကချင်ပြည်နယ်နေ့ သတ်မှတ်ပေး တဲ့နေ့ပဲ။ ကချင်ပြည်နယ်နေ့ ဖြစ်ပေါ်လာတဲ့ အရင်းအမြစ်က ပြည်ထောင်စုမှာ ကချင်တွေ ဘယ်လောက်ထိ ကြိုးပမ်းခဲ့တယ် ဆိုတာ၊ ဘယ်လောက်ထိ ပြည်ထောင်စုကို လိုလားတယ်ဆိုတဲ့ လက္ခဏာပြထားတယ်။ ဒါပေမယ့် အစိုးရခေတ် အဆက်ဆက်က မျက်ကွယ်ပြုထားတယ်။ ပြည်ထောင်စု အနစ်သာရ ရဖို့ ဒီနေ့ထိ ကျနော်တို့ ပြောနေတာ ဒါတွေပဲ”ဟု သူက မဇ္ဈိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်သို့ ကချင်ပြည်နယ်အတွင်း ထိုးစစ်မဆင်ရန် ၂ဝ၁၁ ဒီဇင်္ဘာ ၁ဝ ရက်နေ့က ညွန်ကြားခဲ့ပြီးနောက် နှစ်ဘက် တိုက်ပွဲများ ၁ဝ၆ ကြိမ်ဖြစ်ပွားခဲ့သည်။

Ref:  မဇ္ဈိမသတင်း

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection