အဓိကရန်သူထား ချေမှုန်းသွားရန် KIO ကြေငြာချက်ထုတ်ပြန်

မူးယစ်ဆေးဝါးအား အဓိကရန်သူထား ချေမှုန်းသွားရန် KIO ကြေငြာချက်ထုတ်ပြန်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က မူးယစ်ဆေးဝါးအားအဓိကရန်သူထားတိုက်ဖျက်သွားရန် ရွေးကောက်ပွဲ ကျင်းပဖို့ ၄ ပတ်ကျော်လိုတော့ချိန် ယခုလ အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း KIO ထိန်းချုပ်ဒေသနှင့် မြန်မာစစ်အစိုးရ ထိန်းချုပ် ဒေသပါ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲ ဆင်နွှဲသွားမည်ဟု KIO မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ (Drug Eradication Committee-DEC) ပြောခွင့်ရ ဆလန်ကဘါး နော်ဘူ ပြောသည်။


အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထား၍ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချီ ရောင်းဝယ်ဖောက်ကား၊ သယ်ဆောင်သူများ နှင့် မူးယစ်ဆေးဝါး သုံးစွဲသူအားလုံးကို ပိတ်ပင်တားမြစ်လိုက်ကြောင်း ကြေငြာချက်တွင် ဖော်ပြသည်။

သတိပေးချက်များကို လိုက်နာခြင်းမရှိသော မည်သူ့ကိုမဆို စာရင်းပြုစုပြီး ထိရောက်စွာ ဖမ်းဆီးအရေးယူ မှုပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေငြာချက်တွင် သတိပေးထားသည်။

KIO အဖွဲ့ဝင်များပါသက်ဆိုင်ပြီး ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆလန်ကဘါး နော်ဘူ ဆက်ပြောသည်။

နော်ဘူ က “မူးယစ်ဆေးဝါးဟာ ကချင်လူမျိုး နဲ့ လူသားအားလုံးရဲ့ အဓိကရန်သူ ဖြစ်တဲ့အတွက် သူ့ကို တိုက်ဖျက်သွားဖို့ စီမံချက်အသစ်ချမှတ်ရခြင်းဖြစ်တယ်” ဟုပြောသည်။

အဖွဲ့ဝင် ၁၀ ဦးပါ DEC ကော်မတီကို ဦးဆောင်ရန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဦးစီးချုပ် (Chief of Staff) ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင် အား ပြီးခဲ့သည့် စက်တင်ဘာ ၂၈ တွင် ကော်မတီမှ ခန့်အပ် ခဲ့သည်။

နောက်တနေ့ စက်တင်ဘာ ၂၉ တွင် ဗိုလ်ချုပ်ဂမ်ရှောင်က “ဘာကြောင့် ကေအိုင်အိုမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပြုလုပ်ရခြင်းအကြောင်းကို” ကချင်ပြည်နယ်အရှေ့ဘက် တရုတ်နယ်စပ်အနီး ကေအိုင်အို မြို့တော် လိုင်ဇာတွင် လူထု ရာပေါင်းများစွာကို ရှင်းပြခဲ့သည်။

ဗိုလ်ချုပ်ဂမ်ရှောင် သည် ၁၉၉၀ သူ ဖါးကန့်အခြေစိုက် KIA တပ်ရင်း ၆ ၏ တပ်ရင်းမှူး ဖြစ်ခဲ့စဉ် ဖါးကန့် ကျောက်စိမ်းမှော်အတွင်း မူးယစ်ဆေးဝါးနှင့်ဆက်နွယ်ပတ်သက်သူအားလုံးဖမ်းဆီးပြီး အထက်အမိန့်အတိုင်း သေနတ်ဖြင့်ပစ်သတ်သည်အထိ ပြင်းပြင်းထန်ထန်အရေးယူခဲ့သော မှတ်တမ်းရှိခဲ့သည်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၁၉ ရက် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်အနီး စစ်အစိုးရအကာအကွယ်ပြုထားသည့် ပြည်သူ့စစ်အဖွဲ့များ၏ လျှို့ဝှက်ဘိန်းချက်စခန်းအသစ်တစ်ခုကို ၎င်းဒေသ KIA တပ်မဟာ ၄ က ရှာဖွေတွေ့ ရှိပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

KIO လက်နက်မချသည့်အတွက် ၎င်းအဖွဲ့ဝင်များ စစ်အစိုးရပိုင်နက်သို့ သွားလာလှုပ်ရှားမှုအားလုံးကို ပြီးခဲ့ သည့်စက်တင်ဘာမှ ပိတ်ပင်ထားစဉ် KIO မုူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှု စံချိန်တင်လာခြင်း
၁၉၉၄ နောက်ပိုင်း ကချင်လူငယ်ထုအတွင်းမူးယစ်ဆေးဝါးသုံးစွဲမှုသည် ကချင်လူမှုပတ်ဝန်းကျင်နှင့် အဖွဲ့ အစည်းများအကြား အဓိက လူမှုရေးပြဿနာဖြစ်လာသည်။ ဘိန်း၊ ဘိန်းဖြူ၊ ရာမ နှင့် အခြားမူးယစ် ဆေးဝါးများ ကချင်ပြည်နယ်အတွင်း စံချိန်တင် ပေါ်များစွာ တွေ့ရှိလာသည်။

မြစ်ကြီးနားတက္ကသိုလ် အိမ်သာတခု နံရံတွင် ကပ်ထားသော MDM (ကမ္ဘာ့ဆရာဝန်များအဖွဲ့) မှ အထူးပြုလုပ်ပေးတဲ့  မူးယစ်ဆေးဝါး ဆေးထိုးအပ်များ ထည့်ရန်ပုံး။ 



မူးယစ်ဆေးဝါးအမျိုးမျိုးကို အစိုးရအခြေခံပညာကျောင်းများ၊ တက္ကသိုလ်များနှင့် မြို့ကြီး ကျေးရွာမကျန် ရပ်ကွက်တိုင်း လွယ်လင့်တကူ ရယူနိုင်ကြောင်း သိရသည်။

စုစုပေါင်းကချင်လူငယ်ထု၏ ၆၀ နှုင့် ၇၀ ရာခိုင်နှုန်းကြားသည် အနည်းဆုံးမူးယစ်ဆေးဝါး တစ်မျိုးသုံးစွဲ နေပြီး ၎င်းနှင့် ဆက်စပ် ၍ မိသားစု၊ လူမှုပတ်ဝန်းကျင် နှင့် အဖွဲ့အစည်းများ ကြား ပြဿနာများစွာ ပေါ်ပေါက် နေကြောင်း ဆလန်ကဘါးနော်ဘူ ရှင်းပြသည်။

မြစ်ကြီးနားတက္ကသိုလ်တွင် ပြင်သစ်အခြေစိုက် ကမ္ဘာ့ဆရာဝန်များအဖွဲ့ (Medicine du Monde) MDM က အသုံးပြုပြီးဆေးထိုးအပ်များထည့်သွင်းရန် စာတိုက်ပုံးကဲ့သို့ အထူးပြုလုပ်ထားသော အပေါက်တစ်ခုပါပုံးအား တက္ကသိုလ်ကျား/မ ရေအိမ်တိုင်းတွင်ပြုလုပ်ထားပေးပုံကို ဓာတ်ပုံနှင့်တကွ ကချင်သတင်းဌာနက ၂၀ဝ၉ တွင်အစီရင်ခံစာ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားအပါအဝင် ဝိုင်းမော်၊ မိုးကောင်း၊ ဗန်းမော်၊ ဖားကန့် တို့တွင် MDM နှင့် ဟော်လန်အခြေစိုက် နယ်စည်းမခြားဆရာဝန်များ (Artsen Zonder Grenzen) AZG တို့က မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူများနှင့် HIV ကူးစက်သူများအတွက် ဆေးထိုးအပ်များအခမဲ့ ပေးဝေခြင်း ပြုလုပ် လျက်ရှိကြောင်း MDM နှင့် AZG ဝန်ထမ်းများမှသိရသည်။

၂၀ဝ၄ ခုနှစ်တွင် KIO က EEDY (Education and Economy Development for Youth)ထူထောင်ပြီး ကချင်လူငယ်များအား ကချင်သမိုင်း သင်ကြားပေးသည့်အစီအစဉ်ကို စတင်ပြုလုပ်ခဲ့ပြီးတပြိုင်နက် ကချင် လူငယ်များအား မူးယစ်ဆေးဝါးဖြင့် တန်ပြန်တိုက်ခိုက်ခြင်းကို စစ်အစိုးရက ပြုလုပ်ခဲ့သည်ဟု ဆလန်နော်ဘူ ပြောသည်။

၂၀ဝ၃ နောက်ပိုင်း ကချင်လူငယ်လူဦးရေအများဆုံးရှိရာ မြစ်ကြီးနားမြို့နှင့် မြစ်ကြီးနားတက္ကသိုလ်တွင် ဘိန်းမဲ၊ ဘိန်းဖြူ၊ ရာမ (မြင်းဆေး) များ လွယ်ကူစွာရရှိလာနိုင်ပြီး လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု တစ်ဟုန်ထိုး တိုးပွားလာခြင်းဖြစ်ကြောင်း မြစ်ကြီးနားကချင်လူမှုအတိုင်းအဝိုင်းကဆိုပါသည်။

KIO ၏မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသမိုင်း
၁၉၆၁ မှ ၁၉၉၀ ထိ “ဘိန်းကင်းစင်သည့်ပြည်နယ်” (Opium Free State) တစ်ခုအဖြစ် KIO ဥက္ကဌ ဟောင်း မရန်ဘရန်ဆိုင်းက ကမ္ဘာသို့မကြေငြာခင်ထိ KIO က ဘိန်းခွန်တရားဝင်ကောက်ခံသည်။ ယင်း ကြေငြာချက် နောက်ပိုင်း ၎င်းတို့ထိန်းချုပ်ရာဒေသအတွင်း မူးယစ်ဆေးဝါးပိတ်ပင်မှုများကို ကချင်ပြည်နယ် နှင့် ရှမ်းပြည် မြောက်ပိုင်းတဝန်းပြုလုပ်ခဲ့သည်။

၁၉၆၄ ခုနှစ်ကတည်းက KIO သည် မူးယစ်ဆေးဝါးပိတ်ပင်မှုကို စတင်ပြုလုပ်ခဲ့သော်လည်း မြန်မာစစ်အစိုးရ နှင့်ဖြစ်သောပြည်တွင်းစစ်ကိုပိုပြီးအားစိုက်နေရသဖြင့် စီမံကိန်းအကောင်အထည်မဖော်နိုင်ခဲ့ကြောင်း သိရ သည်။

စက်တင်ဘာ ၁၉ နေ့က KIA တပ်မဟာ ၄ မှ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်အနိးရှိ မြန်မာစစ်အစိုးရ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များပိုင် ဘိန်းဖြူထုတ်လုပ်ရေးစခန်းတခုကို ရှာတွေ့ပြီး မီးရှုဖျက်ဆိးခဲ့သည်။ ဓါတ်ပုံ - KIO

တဖန် ဧပြီ ၁၅၊ ၁၉၉၁ တွင် KIO သည် မူးယစ်ဆေးဝါးပပျောက်ရေးဥပဒေ ချမှတ်ခဲ့သည်။ ထိုဥပဒေအရ ဘိန်းခွန်ကောက်ခံမှု ရပ်တန့်ပြီး ကချင်ပြည်တွင်မူးယစ်ဆေးဝါး ပပျောက်ရန်လုပ်ဆောင်နေသည်မှာ ယခု အချိန်ထိဖြစ်သည်။ သို့သော် ၁၉၉၄ ငြိမ်းချမ်းရေးယူပြီးနောက် ဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးကို အာရုံစိုက်နေရသောကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် အခက်အခဲနှောင့်နှေးကြန့်ကြာမှုများဖြစ်ပွား ခဲ့ပြီး ဘိန်းစစ်ဆင်ရေးအားနည်းခဲ့ရကြောင်း KIO အရာရှိများပြောသည်။

ထို့အပြင် ၂၀ဝ၂-၂၀ဝ၄ ခုနှစ်တွင် ဝိုင်းမော်မြို့နယ်အတွင်း ကချင်ပြည်နယ်အရှေ့ဘက် တရုတ်နယ်စပ် အနီး တွင် ဘိန်းခင်းများဖျက်ဆီးခြင်းကို စစ်အစိုးရနှင့်လက်တွဲ၍ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection