၈ လေးလုံးနှစ်ပတ်လည်ပွဲ စုစည်းငြိမ်းချမ်းစွာ ကျင်းပ

၈ လေးလုံးနှစ်ပတ်လည်ပွဲ စုစည်းငြိမ်းချမ်းစွာ ကျင်းပ  

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က လူထုအုံကြွမှုကြီး ဖြစ်ခဲ့သည့်  ၈ လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ် ပွဲကို ရန်ကုန်မြို့တွင် ယနေ့ ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးသမားများ၊ အနုပညာရှင်များ၊ စိတ်၀င်စားသူများ ရာနှင့်ချီ၍ တက်ရောက်ကြောင်း သိရသည်။

ယင်းအထိမ်းအမှတ်ပွဲ ကြည့်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်းနှင့် ကမ်းနားလမ်း ထောင့်ရှိ သာဓု ပရိယတ္တိ စာသင်တိုက်၌ ယနေ့ နံနက် ၉ နာရီခွဲတွင် စတင်ကျင်းပသည်။

အခမ်းအနားတက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်က လာမည့် မြန်မာ့နိုင်ငံရေးတွင် ယခုကဲ့သို စုစု စည်းစည်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် အပြုသဘောဆောင်ပြီး ဆက်လက် လျှောက်လှမ်းသွားလိုကြောင်း ပြောဆိုခဲ့သည်ဟု အခမ်းအနားကို ဦးဆောင်ကျင်းပသူတဦးဖြစ်သည့် မခင်မိုးအေးက ဧရာ၀တီကို ပြောသည်။

အဆိုပါ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် အနုပညာရှင် တဦးဖြစ်သူ ကိုရဲလွင်က ပြုလုပ်ခဲ့ပြီး နိုင်ငံ ရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဖြစ်မြောက် အောင်မြင်ရေး အတွက် ၁ မိနစ် ငြိမ်သက်ခြင်းကို တက်ရောက်လာကြသူများက ပြုလုပ်ခဲ့သည်။

“၈ လေးလုံးအရေးတော်ပုံကြီးဆိုတာ အရမ်းကျယ်ပြန့်တဲ့ ပွဲဖြစ်တဲ့အတွက် ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေ တသီးပုဂ္ဂလ စိတ်၀င်စားသူများနဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲ၀င် ပါတီကလူတွေရော ဖိတ်ကြားထားသူတွေ အကုန်လုံး နီးပါး လာကြပါတယ်။ တက်ရောက်လာတဲ့သူတွေက ၁၀၀၀ ကျော် ရှိမယ်” ဟု မခင်မိုးအေးက ပြောသည်။

အဆိုပါ အခမ်းအနားသို့ ၈၈ မျိုးဆက်ကျောင်းသားများ၊ ၀ါရင့်နိုင်ငံရေး သမားကြီးများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးတင်ဦး၊ ဦး၀င်းတင် အစရှိသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ၊ ၁၉၉၀ ရွေးကောက်ပွဲ၀င် နိုင်ငံရေးပါတီများ၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၀င် နိုင်ငံရေးပါတီ ၃၇ ပါတီမှ ပုဂ္ဂိုလ်များ၊ နာရေးကူညီမှု အသင်း (ရန်ကုန်) မှ အသင်း၀င်များ၊ ကိုဇေယျာသော် အစရှိသည့် စာပေနှင့် အနုပညာရှင်များ တက်ရောက်ကြသည်။

ယနေ့ကျင်းပသော ၈ လေးလုံး အောက်မေ့ဖွယ် အခမ်းအနား ၀ါဆိုသင်္ကန်းကပ်လှူပွဲသည် မြန်မာနိ်ုင်ငံတွင် အရပ်သားအစိုးရသစ် တက်လာပြီးနောက်ပိုင်း ပထမဆုံး ကျင်းပခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ် ကလည်း ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ၈၈ မျိုးဆက်ကျောင်းသားများဦးစီးပြီး ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ခြောက်ထပ်ကြီး ဘုရား၀င်းရှိ သိပ္ပံ ကျောင်းတိုက်တွင် ကျင်းပခဲ့ဖူးသည်။

ယခု ၈ လေးလုံး နှစ်ပတ်လည်နေ့သည် တဦးတယောက်က ဦးဆောင်ကျင်းပခြင်းမျိုး မဟုတ်ဘဲ တဦးချင်းစီ၏ အသိစိတ်ဖြင့် အားလုံးစုပေါင်း ဦးဆောင်မှုဖြင့် လုပ်ဆောင်ခဲ့ကြောင်း၊ ယနေ့ အခမ်းအနားတွင် အားလုံး စုစည်းညီညွတ်မှုကို ပြသနိုင်ခဲ့ပြီဖြစ်ကြောင်း မခင်မိုးအေးက ပြောသည်။

“အခုလို ငြိမ်းငြိမ်းချမ်းချမ်း စုစုစည်းစည်းနဲ့ ၂၃ နှစ်ကြာမှာ အခုလိုမြင်ရ တွေ့ရလို့ ရှေ့လာမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ် အလားအလာတွေအတွက် ကျမတို့ တော်တော်လေး ၀မ်းမြောက်ကြည်နူးမိပါတယ်” ဟု အခမ်းအနား တက်ရောက်လာသူ တဦးက ပြောသည်။

ယနေ့အခမ်းအနားတွင် ပင့်သံဃာ ၁၀ ပါးအပါအဝင် သံဃာ ၁၃၈ ပါးအား ဝါဆိုသင်္ကန်း ကပ်လှူပြီးနောက် သံဃာများကို ဆွမ်းကပ်လှူခြင်း၊ ၈ လေးလုံး အရေးတော်ပုံအပါအဝင် ဒီမိုကရေစီရေးအတွက် ခေတ်အဆက်ဆက် အသက်ဆုံးရှုံးခဲ့ကြသည့် ရဟန်း ရှင်လူ ကျောင်းသားပြည်သူများအတွက် ရေစက်ချ အမျှပေးဝေခြင်းများ ပြုလုပ်ကြသည်။

အခမ်းအနားကျင်းပရာ သာဓုကျောင်းတိုက်နှင့် အနည်းငယ် အလှမ်းေ၀းသောနေရာတွင် အစိုးရဘက်မှ လုံခြုံရေးကားများ ချထားသော်လည်း အခမ်းအနားကို အေးချမ်းစွာဖြင့် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

“လုံခြုံရေးအခြေအနေက အေးအေးချမ်းချမ်းရှိပါတယ်။ သူတို့ဘက်ကလည်း လုပ်စရှာရှိတာလုပ်တယ်။ ဒါပေမယ့် ဘာမှ ပြဿနာမရှိပါဘူး” ဟု မခင်မိုးအေးက ပြောသည်။

ယနေ့ကျရောက်သည့် ၈ လေးလုံး ၂၃ နှစ်ပြည့်အတွက် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကလည်း နိ်ုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသတွင် အစိုးရ၏ ထိုးစစ်များနှင့် ဒီမိုကရေစီလှုပ်ရှားသူများအပေါ် ဖိနှိပ်နေမှုများ ချက်ချင်းရပ်တန့်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေးအပါအ၀င် သက်ဆိုင်သူအားလုံး ပူးပေါင်းပါ၀င်သော သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတို့ကို တိုက်တွန်းထားသည်။

၈ လေးလုံး လူထုအုံကြွမှုတွင် ရှေ့တန်းမှ ဦးဆောင်ပါ၀င်ခဲ့ကြသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသော ကိုမင်းကိုနိ်ုင်၊ ကိုကိိုကြီး၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး အစရှိသည့် ကျောင်းသားခေါင်းဆောင်များမှာ အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ် နှစ်ရှည်ကျခံနေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၃ နှစ်က ကျောင်းသားများစတင်ခဲ့သည့် လူထုအုံကြွမှုကြီးတွင် ရဟန်းရှင်လူ ပြည်သူများ၊ အစိုးရ၀န်ထမ်းများက ၃ လကျော်ကြာ တပါတီ အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသည်။

၃ လ အကြာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ပါတီစုံဒီမိုုကရေစီ စနစ်ဖြင့်သွားမည်ဟု ကမ္ဘာသိကြေညာကာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခြင်း မရှိခဲ့ပေ။

၈ လေးလုံးလူထုအုံကြွမှုကြီးတွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၃၀၀၀ ကျော်သေဆုံးခဲ့ သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ အဆိုပါ သေဆုံးခဲ့ရသောကိစ္စများအတွက် ယခုလက်ရှိ အရပ်သား အစိုးရအနေဖြင့် မည်ကဲ့သို့ စုံစမ်း အရေးယူမှုမျိုး လုပ်ဆောင်သွားမည်ကို မသိရပေ။

သို့သော်လည်း မြန်မာနိ်ုင်ငံဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့၏ ဥက္ကဋ္ဌ၊ အင်ဒိုနီးရှားနိုင်ငံမှ လွှတ်တော်အမတ် တဦးဖြစ်သူ အီဗာ ခုဆုမ ဆုန္ဒရီ (Eva Kusuma Sundari) က မြန်မာအစိုးရသစ်အနေဖြင့် ၂၀၁၄ ခုနှစ် အတွက်အလှည့်ကျ အာဆီယံဥက္ကရာထူး ကြိုးပမ်းနေချိန်တွင် ၈ လေးလုံးကာလ အပါအ၀င် စစ်အစိုးရလက်ထက်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုများနှင့် ယခင်စစ်အစိုးရမှ ကျူးလွန်ခဲ့သော ပြစ်မှုများကို တရားနည်းလမ်းကျ ကိုင်တွယ်ဖြေရှင်း အရေးယူပြီး ကမ္ဘာကို ပြသရန်လိုသည်ဟု ပြောကြောင်း ယနေ့ထုတ် ဂျကာတာပို့စ်သတင်းတွင် ဖော်ပြထားသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection