အရှိန်လွန်လာသော ပဲခူးမြစ်ရေကြောင့် လယ်ဧကထောင်ကျော်ပျက်
၄ ရက်တာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေကြီးကာ မြေနိမ့်ရပ်ကွက်အချို့သို့ ရေဝင်ရောက် လာသောကြောင့် အိမ်ထောင်စု ၂ဝဝ ကျော် ဘေးကင်း ရာသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရပြီး လယ်ဧက ၁၂ဝဝ ကျော် စိုက်ထားသမျှ ပျက်စီးခဲ့ရသည်ဟုသိရသည်။ ဇူလိုင် ၂၁ ရက်တွင် ပဲခူးမြို့ရှိ ကျွန်းသာယာ၊ ကလျာဏီ၊ ဇိုင်းဂနိုင်း မြောက်ပိုင်းနှင့် ကျောက်ကြီးစုရပ်ကွက်တို့သို့ ရေများစတင်ဝင်ရောက် လာခဲ့ပြီး ၂၂ ရက်နေ့ တွင် လည်း ရေဆက်တက်လာသဖြင့် နေအိမ်တွင် မည်သို့မှနေထိုင်၍မရတော့သော ကျွန်းသာယာရပ် ကွက်သား များမှာ ရေဘေးကင်းရာ ဘုန်းကြီးကျောင်းများသို့ ၂၃ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ပစ္စည်းမမက်နိုင်၊ လူလွတ်ရွှေ့ ပြောင်းကျန်ရပ်ကွက် ၃ ခုတွင် အိမ်ကြီးအိမ်ကောင်း နှစ်ထပ်အိမ်များသဖြင့် အပေါ်ထပ်တွင် နေထိုင်ကြ၍ရသောကြောင့် မပြောင်း ရွှေ့ရသော်လည်း ကျွန်းသာယာရပ်ကွက်မှာ အခြေခံ လူတန်းစားများပြီး တစ်ထပ်အိမ်ဖြင့်သာ နေထိုင်ကြရ သောကြောင့် ရွှေ့ပြောင်းရခြင်းဖြစ်သည်။ ရေလွတ်ရာ ပြောင်းရွှေ့ကြသူများမှာ အဝတ်အစားနှင့် အိုးခွက် ပန်းကန်တစ်နိုင်သာ ယူဆောင်သွားကြပြီး ကျန် ပစ္စည်းများ ကို ထုပ်ပိုးကာ အိမ်ခေါင်တိုင်များတွင် ချည်ထားခဲ့ရသည်ကို တွေ့ရသည်။ ”ဒီနေ့ မနက် နောက်ထပ် အိမ်ထောင်စု ၄ဝ လောက် ဘုန်းကြီးကျောင်း ထပ်ရောက်လာတယ်။ ၂၃ ရက်နေ့က လူ ၁ဝ ယောက်ကို ထမင်းထုပ် ၄ ထုပ်ပဲရတယ်။ ဒီနေ့တော့ ရပ်ကွက်တွေက ထမင်းထုပ်လာပို့မယ်ပြောတယ်။ တစ်ယောက် တစ်ထုပ် တော့ရမယ်ထင်တယ်။ ဆန်ရှိတဲ့လူတွေက ဘုန်းကြီးကျောင်းမှာ ချက်စားကြတယ်” ဟု ကျွန်း သာယာရပ်ကွက်မှ ရေဘေးသင့်ပြည်သူတစ်ဦးက ဇူလိုင် ၂၄ ရက်နေ့ မနက်တွင် ပြောသည်။
လယ်တွေ ရေမြုပ် ပဲခူးမြို့ဝန်းကျင်ရှိ လယ်ဧက ၁၂ဝဝ ကျော်သို့ ဇူလိုင် ၂၁ တွင် ရေစတင်ဝင်ခဲ့သည်။ မိုးရေ၊ ချောင်း ရေများ စုပြုံဝင်ရောက်ခြင်းကြောင့် ဇူလိုင် ၂၄ တွင် လုံးဝနစ်မြုပ်ကာ စိုက်ထားသောစပါးပင်များ ရေမြုပ်ပျက်စီးခဲ့ရပြီဟု ပဲခူးမြို့နယ် ဘုရားသုံးဆူရွာမှ လယ်သမားတစ်ဦးက ပြောသည်။”အကုန် ကုန် ပါပြီ ဗျာ။ ဘာစကားမှ မပြောချင် လောက်အောင် စိတ်ဆင်းရဲနေရပါပြီ” ဟု အောက်စီးတီးရွာမှ လယ်သမား တစ်ဦးက ဆိုသည်။ရေကျသွားပြီး ၂ လကြာမှသာ စပါးမျိုး ပြန်ချရမည်ဖြစ်ပြီး တစ်ဧကလျှင် ကျပ် ၅ဝဝဝဝ ခန့် ထပ်ကုန်ကျမည်ဟု သိရသည်။”တစ်ဧကကို ပျိုး ၂ တင်းခွဲ ကုန်တယ်။ မျိုးစရိတ်က ကျပ် ၁ဝဝဝဝ။ ပျိုးနုတ်ခ၊ ကောက် စိုက်ခနဲ့ဆို စုစုပေါင်း ကျပ်၅ဝဝဝဝ ပေါ့။ မနှစ်က မိုးစပါးလည်း ရှုံးတယ်။ နွေမှာစိုက် တဲ့ပဲလည်း ရှုံးတယ်။ အခု လုပ်နေတာက စပါးပေးနဲ့ ငွေချေးပြီး လုပ်ထားတာ။ အခု ထပ်ရှုံးပြန်ပြီဗျာ။ ပထမအကြွေးက မကျေ သေးဘူး။ နောက်အကြွေး ထပ်ယူရဦးမယ်လေ။ ကျွန်တော်တို့ ဆီမှာ ကုမ္ပဏီ အထောက်အပံ့တွေလည်း ဘာမှမရဘူး”ဟု ဘုရားသုံးဆူရွာမှ လယ်သမားတစ်ဦးက ပြောသည်။
ရေလွှမ်းခံရသော လယ်မြေများမှာ မြို့ဦးခင်၊ ဘုရားသုံးဆူ၊ စီစ ကုံး၊ ကရင်ပိုင်း၊ စာလေးကွင်း၊ ကွေ့တန်း ရှည်၊ အထက်စီးတီးနှင့် အောက်စီးတီးရွာဝန်းကျင်မှ လယ် များဖြစ်သည်ဟု ၄င်းက ပြောသည်။ ”အဆိုးဆုံး ကတော့ ဘုရားသုံးဆူနားက ရိုးကိုပိတ်ပြီး စက်သုံးဆီဆိုင်ဖွင့်လိုက်တာပဲ။ ရိုးကိုပိတ်လိုက်တော့ ရေက ဆက်မစီးတော့ ဘဲ လယ်ကွင်းတွေထဲ ပြန်ဝင်တယ်။ ဆည်ကကျတဲ့ရေနဲ့ ချောင်းရေပါ ပေါင်းလိုက်တော့ အကုန်မြုပ်ပေါ့” ဟု ၄င်းက ထပ်လောင်းပြောသည်။ယခုနှစ် ရေမြုပ်၍ စပါးစိုက် ထားသမျှ ပျက်ခြင်းသည် အဆိုးရွားဆုံးအနေ အထားဖြစ်ကြောင်း၊ ရိုးပိတ်လိုက်ခြင်းအပေါ် ရွာသားများစုပေါင်း၍ သက်ဆိုင်ရာသို့ တိုင်ရန် စီစဉ်ထား ကြောင်း သိရသည်။
မိသားတစ်စု၏ ရေဘေးဒုက္ခ ဓာတ်ပုံ-ခင်မောင်ဝင်း (ရွှေအင်းသား)
ပင်လယ်နဲ့မခြား ပဲခူးလယ်များ ဓာတ်ပုံ-အောင်ဇော်
ရေကြီးခြင်းသည် ငွေစီးခြင်း
ယင်းသို့ ရေကြီးခြင်းကြောင့် ရေဘေးဒုက္ခရောက်သူများနှင့် စိုက် စပါးဆုံးရှုံးခဲ့ခြင်းကြောင့် မှိုင်တွေနေ သူများရှိသလို ရေကြီးသဖြင့် နေ့စဉ်ဝင်ငွေကောင်းနေသူများလည်း ရှိသည် ကို တွေ့ရသည်။”ကားတစ်စီးကို ကျပ်၅ဝဝဝနဲ့ တွန်းပေး တယ်။ ၂၄ ရက်နေ့ မနက်မှာ ရေထဲနစ်နေတဲ့ကား များလာလို့ ပိုတွန်းရတယ်။ ၅ ယောက်အဖွဲ့ ၁ဝ ဖွဲ့ကျော်လောက်ရှိတယ်။ ကလေးအဖွဲ့တွေလည်းပါတယ်။ မနက် ၇ နာရီလောက်က စတွန်း တာ။ အခု ၁၁ နာရီ လောက်အထိ ၆ စီးဆိုတော့ ၆ဝဝဝ ရပြီပေါ့။ ကိုယ့်အဖွဲ့ သူ့အဖွဲ့ နားလည်မှုနဲ့ တွန်းကြ တယ်။ ၁ဝ မိနစ်လောက်တော့ တွန်းရတယ်” ဟု ပဲခူးမြို့မှ ကိုတောက်ထွန်းက ပြောသည်။ ကျွန်းသာယာ ရပ်ကွက်ထိပ်ရှိ ရန်ကုန်-မန္တလေး ကားလမ်းမပေါ်တွင် ပေါင်လယ်လောက် အထိ ရေရှိနေ သောကြောင့် ကားအများစုမှာစက်သတ်၍ လူအားဖြင့်တွန်းကြကြောင်း သိရသည်။ထို့ပြင် ပဲခူးမြို့ရှိ ရေလွှမ်းနေရာများတွင် လှေများလည်း အငှား သွက်သည်ဟု သိရသည်။ ရန်ကုန်-မန္တလေး လမ်းမပေါ်မှ ရပ်ကွက်တွင်းသို့ ဝင်သူများ နှင့် ဟင်းလျာထွက်ဝယ်သူများမှာ လှေငှားစီးနေရသည်ဟု ပဲခူးမြို့ခံ တစ်ဦးက ဆိုသည်။”တစ်ယောက် ကျပ် ၂ဝဝနဲ့ အိမ်ဝေးရင် နည်းနည်းပိုပေးပေါ့။ လှေက အလှည့်ကျစနစ်နဲ့ ထွက် ကြတယ်။ မနေ့ကတော့ ကျပ် ၆ဝဝဝ ရတယ်” ဟု ကိုထွန်းထွန်း အောင်က ပြောသည်။ ကိုထွန်းထွန်းအောင်သည် ပဲခူး ကောလိပ် တက်နေသူ ကျောင်း သားတစ်ဦးဖြစ်ပြီး ကျောင်းပိတ်နေစဉ် မုန့်ဖိုးရ ရန် လှေအငှားလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် အမျိုးသမီးကြီး အချို့သည်လည်း ဈေးဖိုးရရန်အတွက် လှေထွက်ဆွဲနေကြသည်ဟု ၄င်းက ပြောသည်။ ကျွန်းသာယာရပ်ကွက်မှ ရေ ဘေးသင့်ပြည်သူ ယောကျာ်းသားအများစုမှာ မိသားစုကို ဘုန်းကြီးကျောင်းတွင် ထားရစ်ခဲ့ကာ မိသားစုဝင်ငွေရရန်အတွက် တံငါလုပ်ငန်းကို ဆောင်ရွက်နေကြရသည်ဟုသိရသည်။ပဲခူး-ရန်ကုန်လမ်းမနှင့် ကျွန်းသာယာရပ်ကွက်ကြားရှိ ပဲခူးမြစ်မှ ခွဲထွက်လာသော ချောင်းတွင် ယကွင်းထောင်ကာ ရသမျှငါးများကို ရောင်းခြင်း၊ ပဲပြုတ်နှင့်လဲခြင်းနှင့် ဆန်နှင့်လဲခြင်းတို့ဖြင့် ဝမ်းစာရှာဖွေနေကြသည်ဟု ကျွန်းသာယာမှ ကိုထွန်းထွန်းဝင်းက ပြောသည်။”ရေတက်တော့ငါးအရများတယ်။ မနေ့က ကျပ် ၈ဝဝဝ လောက် ရတယ်” ဟု ၄င်းကပြောသည်။ရေဘေးသင့်ပြည်သူ ကိုသိန်းအောင်ကလည်း မိန်းမနှင့် ကလေးအား ဘုန်းကြီးကျောင်းတွင် ထားခဲ့ကာ ဆိုင်ကယ်တက္ကစီ ထွက် ဆွဲလျက်ရှိသည်။ ”အရင်က ၅ဝဝ တန်ခရီးက ၁ဝဝဝ လောက်ဖြစ်သွားတော့ တော်တော်ရတယ်။ ၂၄ ရက်နေ့က ဆီဖိုးဖယ်ပြီး ၁ဝဝဝဝ လောက်ရတယ်”ဟု ကိုသိန်းအောင်ကပြောသည်။
ခါတော်မီ ကားတွန်းဈေးကွက် ဓာတ်ပုံ-အောင်ဇော်
ဒုက္ခကြားမှ ဝမ်းရေးအတွက် ငါးရှာ ဓာတ်ပုံ-ခင်မောင်ဝင်း (ရွှေအင်းသား)
ရေပြန်မကျသေး
ဇူလိုင် ၂၅ ရက် မနက်တွင် ရေမကျသေးသည့်အပြင် ပိုမိုတက်လာသည်ဟု ထင်ကြောင်း၊ ၂၇ ရက်နေ့လောက် ရောက်မှသာ ပြန်ကျနိုင်မည်ထင်ကြောင်း ပဲခူးမြို့ခံ တစ်ဦးကပြောသည်။ရန်ကုန်မှ ပဲခူးဘုန်းကြီး ကျောင်းသို့ သွားရောက်ဆေးကုပေးသူ ဆရာဝန်တစ်ဦး က ”၂၄ ရက် မနက် ၇ နာရီလောက်မှာ ဆလွန်း ကားတောင် ဖြတ်လို့မရဘူး။ ညနေပိုင်း ရန်ကုန်ပြန်တော့ ရေကတော် တော်များနေပြီ။ လှေတွေလည်းတွေ့တယ်။ ထမင်းထုပ် တွေ ဝေနေတယ်လို့ကြားတယ်။ ရေဘေးသင့်ပြည်သူ ချင်း ကူညီရိုင်းပင်းကြတာလည်း တွေ့ရ တယ်”ဟုဆို သည်။ ပဲခူးမြစ်ရေသည် ဇူလိုင် ၁၅ ရက်နေ့တွင် ပထမအကြိမ်မြင့်တက်ခဲ့သည်။ ဇူလိုင် ၂၃ ညနေတွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ် ၉၁ဝ စင်တီမီတာသို့ စတင် ရောက်ရှိခဲ့သည်။ယင်းသို့ ရေကြီးမှု ကြောင့် ပဲခူး အထက-၄၊ အလက-၅၊ အထက-၂ နှင့်မူလတန်းကျောင်းများမှာ ဇူလိုင် ၂၄ မှစကာ ပိတ်ထား ခဲ့ရသည်။ ”ရေကျပြီးရင် သန့်ရှင်းရေးလုပ်ရဦးမှာဆိုတော့ နောက် ၅ ရက် လောက် ကျောင်း ပိတ်ထားရမယ်နဲ့ တူတယ်”ဟု အထက-၄ မှ ဆရာမတစ်ဦးက ပြောသည်။
အောင်ဇော်
ပဲခူးမြို့မှ လှေတက္ကစီ ဂိတ် ဓာတ်ပုံ-ခင်မောင်ဝင်း (ရွှေအင်းသား)