မြန်မာပရိသတ်ကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲပျက်
ကမ္ဘာဖလားခြေစစ်ပွဲ အတွက် မြန်မာနှင့် အိုမန်အသင်းတို့ ယနေ့ညနေက ရန်ကုန်မြို့ သု၀ဏ္ဏကွင်းတွင် ယှဉ်ပြိုင်ရာ မြန်မာအသင်း ၂ ဂိုးရှုံးပြီးချိန်တွင် ပရိသတ်က ကွင်းအတွင်းသို့ ရေသန့်ဗူး၊ ပုလင်း၊ ခဲ၊ ချွန်ထက် သော အရာများနှင့် ပစ်ပေါက်သည့် အတွက် ပွဲပျက်သွားသည်။
သု၀ဏ္ဏကွင်းတွင် ပြုလုပ်သည့် မြန်မာ-မွန်ဂိုးလီးယား ပွဲကို အားပေးနေသည့် မြန်မာ ပရိသတ် (ဓာတ်ပုံ-soccermyanmar.com)
ပွဲစပြီး ၂၁ မိနစ်တွင် အိုမန်အသင်းမှ ကျောနံပါတ် ၂၀ က အဖွင့်ဂိုးကို သွင်းယူလိုက်သည့် အတွက် အိုမန်က တဂိုးအသာဖြင့် ဦးဆောင်နေပြီး ၃၇ မိနစ်တွင် မြန်မာအသင်း ပင်နယ်တီ ပေးခံရသည်။
ပရိသတ် အားပေးသံများ ပိုမို ဆူညံလာပြီး မကြာမီ ကွင်းအတွင်းသို့ ပစ်ပေါက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာ ရာ လုံခြုံရေးတပ်ဖွဲ့၀င်များက ထိန်းသိမ်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ကွင်း လေးဘက်လေးတန်ရှိ လုံခြုံရေး ရဲများကိုပါ ရေသန့်ဗူးများ၊ ထီးများ၊ ချွန်ထက်သော၊ မာကျော အရာ များဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ထိုပစ်ပေါက်မှုကြောင့် အရန်ခုံတန်းတွင် ထိုင်နေသည် အိုမန်ဘောလုံးသမားတဦး၏ ဦးခေါင်းကို ထိခိုက်မိ သွားသည်။ ဒိုင်လူကြီး၊ နှစ်ဘက် နည်းပြ တချို့ နှင့် လူ ၂၀ ခန့် ဒဏ်ရာ ရသွားကြောင်း The Voice ဂျာနယ် အင်တာနက်စာမျက်နှာရှိ သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာ၀န်ရှိသူများက တားမြစ်သော်လည်း ထိုပရိသတ်တို့က ဆက်လက် ပစ်ပေါက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထိုသို့သော ဆူပူမှုများကြောင့် ကမ္ဘာဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်၏ အရေးယူခြင်းကို မြန်မာ ဘောလုံး အသင်းခံရဖွယ်ရှိသည်၊ မြန်မာဘောလုံးအသင်း အိမ်ကွင်း ကစားခွင့် ပိတ်ပင်ခံရဖွယ် ရှိသည့် အပြင် ဒဏ်ငွေပါ ပေးဆောင်ရနိုင်သည်ဟု ဦးဇော်ဇော်က The Voice ဂျာနယ်ကို ပြောသည်။
အိုမန်မြေပေါ်တွင် ပထမအကျော့ ကစားစဉ်က မြန်မာအသင်း၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ရသည့်အတွက် ယခု အိမ်ကွင်းတွင် ပရိသတ်၏ အားဖြင့် အနိုင်ကစားရန် မျှော်လင့်ထားပြီး ပရိသတ်များလည်း တခဲနက် အားပေး ရန် နေ့လယ် ၁၂နာရီ ၀န်းကျင်ကပင် ကွင်းအတွင်း ၀င်ရောက် နေယူထားခဲ့ကြသည်။
ပရိသတ် ကွင်းလုံးပြည့်သွားသည်အပြင် ပွဲမစခင်ကတည်းကပင် လက်မှတ်အတုများ ပျံ့နေသည်အတွက် ကွင်းလျှံထွက်သွားသည်။ မီးရှုးစင်ပေါ်အထိ တက်ရောက်ကြည့်ရှု ပေးရသူများပင် ရှိခဲ့သည်။
မြန်မာအသင်း ကွင်းထဲသို့ ၀င်လာစဉ် ပရိသတ်က "မြန်မာ၊ မြန်မာ" ဟူသော ကြွေးကြော်သံများကို ကွင်းလုံး ညံအောင် ဟစ်အော်ကာ နိုင်ငံတော်သီချင်းကို သီဆို အားပေးသံများဖြင့် ဆူညံနေသည်ကို မြန်မာ့ရုပ်မြင် သံကြား၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် တွေ့ရသည်။ ရုတ်ရုတ်သဲသဲဖြစ်ချိန်တွင် ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်မှုများကို ရပ်လိုက်သည်။
ယခုအခါ အာရှဘောလုံးအဖွဲ့ချုပ် တာ၀န်ရှိသူများက အိုမန်အသင်း အား အနိုင်ပေးလိုက်သဖြင့် အိုမန် အသင်း သည် နှစ်ပွဲပေါင်း ၄ဂိုးပြတ်ဖြင့် အနိုင်ရသွားပြီ ဖြစ်သည်။