ကျောက်မျက် အရောင်းပွဲ ပြည်တွင်း ဝယ်လက် ပိုများ
နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့သည့် ၄၉ ကြိမ်မြောက် ကျောက်စိမ်း၊ ကျောက်မျက် ပုလဲ အထူးရောင်းချပွဲ၌ နိုင်ငံခြားသားများ အထူးသဖြင့် တရုတ် ကျောက်ကုန်သည်များထက် ပြည်တွင်းကျောက်ကုန်သည်များ၏ ၀ယ်ယူမှုက ယခုအကြိမ်တွင် ပိုမိုများပြားကြောင်း သိရသည်။
ပြပွဲသို့ သွားရောက်သည့် ပြည်တွင်းကျောက်ကုန်သည် ဦးညီညီနိုင်က “ဒီတခါ တရုတ်တွေ ပြပွဲလာကြ ပေ မယ့်အခါတိုင်းလောက်ဈေးမပေးတော့ဘူး၊ ပြည်တွင်း ကုန်သည်တွေကပဲ ဈေးအောင်ကြတယ်” ဟု ဆိုသည်။
ထိုသို့ဖြစ်ရခြင်းမှာ တရုတ်အစိုးရက ၎င်းတို့နိုင်ငံသား ကျောက်ကုန်သည်များ ၀ယ်ယူလာသည့် ကျောက်၏ တန်ဘိုး အပေါ်၌ ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံ မည်ဟု ပြဋ္ဌာန်းလိုက်သောကြောင့် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
တရုတ်ကုန်သည်များမှာ ၎င်းတို့အစိုးရသို့ ပေးဆောင်ရမည့် အခွန်ငွေကိုပါ တွက်ချက်၍ လေလံဈေးကို ပေးရသည့်အတွက် လေလံပွဲတွင် ပြည်တွင်းကုန်သည်များကို မယှဉ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ယခင်အရောင်းပြပွဲများ၌ ကျောက်စိမ်းအတွဲများ၏ ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်ကုန်သည်များက ဈေး အမြင့် ဆုံး ပေးကာ ၀ယ်ယူသည်ကို တွေ့ရသည်ဟု ဦးညီညီနိုင်က ပြောသည်။
ယမန်နေ့က ထုတေ်၀သည့် အစိုးရ သတင်းစာတွင် တရုတ်လူမျိုး ကျောက်စိမ်းကုန်သည် Mr. Cai Xiaowu က ကျောက်စိမ်းအတွဲများကို ဈေးအများဆုံးပေးကာ ၀ယ်ယူသည်ဟု ဖော်ပြထားပြီး ပတ္တမြား၊ နီလာ စသည့် ကျောက်မျက်ရတနာများ ၀ယ်ယူမှုတွင် Ruby Dragon ကုမ္ပဏီမှ ပြည်တွင်းရတနာကုန်သည် ဦးမောင် မောင်နိုင်က အများဆုံး ၀ယ်ယူသူဆုကို ရရှိခဲ့ကြောင်းသိရသည်။
ကျောက်မျက်ရတနာ အရောင်းပြပွဲများကို မြန်မာဆိုရှယ်လမ်းစဉ်ပါတီ (မဆလ) အစိုးရ လက်ထက် ၁၉၆၄ ခုနှစ်မှ စတင်ကာ တနှစ်တကြိမ်ပြပွဲများ ကျင်းပပြီး နိုင်ငံခြားသားများကိုသာ ရောင်းချခဲ့ရာ ၁၉၉၇ ခုနှစ် စစ်အစိုးရလက်ထက်ရောက်မှ နိုင်ငံသားများကို ၀ယ်ယူခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၀၄ ခုနှစ်တွင် တနှစ်လျှင် သုံးကြိမ်အထိ အရောင်းပြပွဲများ ပြုလုပ်ခဲ့ရာ ယခု ၄၉ ကြိမ်မြောက် အထူးရောင်းချပွဲတွင် ကျောက်စိမ်းအတွဲ ၂၂၃၁၇ တွဲ၊ ကျောက်မျက် အတွဲ ၂၄၈ တွဲ၊ ပုလဲအတွဲ ၃၅၅ တွဲကို တင်ပြရောင်းချခဲ့သည်။
ယခုတကြိမ် ပြုလုပ်သည့် ရောင်းချပွဲသည် သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် ပထမဆုံး ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲကို ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ကျောက်မျက်ပွဲများသည် အစိုးရ၏ ဘဏ္ဍာကို အဓိက ဖြည့်တင်းပေးနေသည့် ရောင်းချပွဲများဖြစ်ပြီး ၄၇ ကြိမ်မြောက်ပြပွဲ၌ အမေရိကန်ဒေါ်လာ ၁.၄၄ ဘီလီယံ (ကျပ်သန်း ၁၄၀၀ ၀၀၀ ) ရောင်းချခဲ့ရကြောင်း သတ္တုတွင်း ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြပွဲ၌ ကျောက်စိမ်းများ ရောင်း၀ယ်ရာတွင် အိတ်ပိတ် တင်ဒါစနစ်၊ ဈေးပြိုင်လေလံစနစ်ဟု စနစ်နှစ်မျိုး ကျင့်သုံး၍ ရောင်း၀ယ်သည်။
ပြည်တွင်း ကျောက်စိမ်းကုန်သည်များ အနေဖြင့် ချိတ်ပိတ်တင်ဒါစနစ်ထက် ဈေးပြိုင် လေလံစနစ်ဖြင့် ရောင်း၀ယ်မှုကို ပိုမို ကြိုက်နှစ်သက်ကြောင်း ယခုပြပွဲတွင် ကျောက်စိမ်းအတွဲများကို ပြပွဲတင်ရောင်းချသည့် ပြည်တွင်းကျောက်စိမ်းကုန်သည် ဦးမောင်မောင်ခင်ကလည်း ဆိုသည်။
“တင်ဒါစနစ်ကတော့ ပစ္စည်းကြည့်၊ ပေးမယ့်ဈေးနှုန်းရေး၊ ပုံးထဲထည့်။ လေလံကျတော့ အပြိုင်အော်ဟစ် ေဈေးပေးတော့ ပိုပြီး စိတ်လှုပ်ရှား ရတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
သို့သော် ရောင်း၀ယ်ရာတွင် အစိုးရက ပြဋ္ဌာန်းထားသည့် ရောင်း၀ယ်မှု ဆိုင်ရာ ဥပဒေများ၌ ပျော့ကွက် ဟာကွက်များ ရှိနေသည့် အတွက် ပြပွဲတင်ရောင်းချသည့် ပြည်တွင်းကုန်သည်များတွင် နစ်နာမှုများလည်း ရှိနေသည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
အစိုးရက ကျောက်စိမ်းနှင့် ကျောက်မျက် ၀ယ်ယူသည့် နိုင်ငံခြားသား ကုန်သည်များကို ၀ယ်ယူလိုသည့် ကျောက်အား လက်ငင်းငွေချေရန် မလိုဘဲ ၂ လအကြာမှသာ လာရောက် စရံငွေ ပေးနိုင်ကြောင်း၊ ၃ လအကြာမှသာ အပြီးသတ် ငွေချေပြီး ကျောက်ကို ယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ထိုအချက်ကို အခွင့်ကောင်းယူကာ နိုင်ငံခြားသားကုန်သည်များသည် လာရောက်ယူငင်ခြင်း မပြုတော့ဘဲ ရောင်း၀ယ်မှု စည်းကမ်းကို ဖောက်ဖျက်မှုများ မကြာခဏ ကြုံနေရသည့်အတွက် ပြည်တွင်း ကုန်သည် များသည် အချိန်၊ ငွေ စသည့် ရင်းနှီးမြုပ်နှံမှု အပိုင်းတွင် နစ်နာမှုများ ရှိနေသည်ဟု ဦးမောင်မောင်ခင်က ဆိုသည်။
ထိုသို့ ရောင်း၀ယ်မှု စည်းကမ်းဖောက်ဖျက်သည့် ပြည်ပကုန်သည်များကို နာမည်ပျက်စာရင်းသွင်းကာ ပြည်၀င်ခွင့် ဗီဇာပိတ်ပင်မည်ဟု အစိုးရက ပြဋ္ဌာန်းထားသော်လည်း အထူးသဖြင့် စည်းကမ်းချိုးဖောက်သည့် တရုတ်ကုန်သည်များသည် နာမည်အမျိုးမျိုး၊ မှတ်ပုံတင်အမျိုးမျိုး၊ နိုင်ငံကူးလက်မှတ် အမျိုးမျိုးဖြင့် ပြပွဲသို့ လာရောက်နေသည်ကိုလည်း မြင်တွေ့နေရကြောင်း ၎င်းက ပြောသည်။
တရုတ်နိုင်ငံ ကွမ်ကျိုး (ကန်တုံ) ကျောက်မျက်ပြပွဲတွင်မူ လေလံ ၀င်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် လေလံအောင်လျှင် စရံငွေအဖြစ် ကျောက်မျက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ပေးရသည်။
ပြည်တွင်းကျောက်မျက်ကုန်သည် တဦးဖြစ်သည် ဦးညီညီနိုင်ကလည်း ပြည်ပကုန်သည်များ၏ ရောင်း၀ယ်မှုစည်းကမ်း ဖောက်ဖျက်မှုမှာ မှန်ကန်ကြောင်း၊ ပြီးခဲ့သည် ၄၈ ကြိမ်မြောက်ပြပွဲတွင် ၎င်းပြသခဲ့သည့် ကျောက်စိမ်းအား တရုတ်ကုန်သည်တဦးက ယူရို ၁၀ သန်းဖြင့် ၀ယ်ယူမည်ဆိုခဲ့သော်လည်း ယခုအထိ လာရောက်ယူဆောင်ခြင်း မရှိသေးကြောင်း ပြောသည်။
“အရောင်းအ၀ယ်မှာ ပါးစပ်နဲ့ ၀ယ်ပြီး ၃ လလောက်ကြာတဲ့အထိ လာပြီးမယူဘူးဆိုတော့ ရင်းနှီးထားတဲ့ ငွေတွေ၊ အချိန်တွေ နစ်နာတာပေါ့” ဟု ဦးညီညီနိုင်က ဆိုသည်။
အစိုးရအနေဖြင့် ကျောက်မျက်ပြပွဲများကို ပြုလုပ်နေသော်လည်း ပြည်တွင်းကုန်သည်များ၏ နစ်နာနေမှုများ ကိုလည်း လျစ်လျူရှု မထားသင့်ဟု ၎င်းက ဆက်ပြောသည်။
ကျောက်စိမ်းတွင် ဂျေဒိုက် (Jadeide – Jade) နှင့် နက်ဖရိုက် (Nephrite- Jade) ဟု နှစ်မျိုးရှိရာ ဂျေဒိုက် ကိုသာ ကျောက်စိမ်းအဖြစ် သတ်မှတ်ကြောင်း၊ မြန်မာနိုင်ငံမှ ထွက်သည့် ဂျေဒိုက်ကျောက်စိမ်းသည် အရည် အသွေးကောင်းမွန်ပြီး အဖိုးအတန်ဆုံး ဖြစ်ကြောင်း သိရသည်။
ကျောက်စိမ်းကို တရုတ်လူမျိုးများက အလွန်ကြိုက်နှစ်သက်ပြီး အမြတ်တနိုး ၀တ်ဆင်ကြသည့်အတွက် မြန်မာနိုင်ငံမှ ကျောက်စိမ်း အရိုင်းတုံးများကို ၀ယ်ယူပြီး ကွမ်ကျိုးမြို့၌ လက်ကောက်၊ လည်ဆွဲစသည့် အချောထည် ပုံအမျိုးမျိုး ထုဆစ်ကာ ရောင်း၀ယ်ကြ သည်။
မြန်မာ့ကျောက်မျက်ရောင်းချပွဲများသို့ တရုတ်၊ ဟောင်ကောင် စသည့် နိုင်ငံများမှ အများဆုံးလာရောက်ကြပြီး၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ရုရှား စသည့်နိုင်ငံများမှလည်း လာရောက်ကြသည်။



