ADSL အင်တာနက်လိုင်းများကို ကျပ်ငါးသိန်းဖြင့် ရောင်းချဖွယ်ရှိ
ပြင်ပပေါက်ဈေး ကျပ်သိန်း ၂၀ ဝန်းကျင်တွင်ရှိသော ADSL (Asymmetric Digital Subscriber Line) အင်တာနက်လိုင်း များအား ငွေကျပ် ၅ သိန်းဖြင့် ဝယ်ယူနိုင်ရန် အလားအလာများ ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။ “ငွေကျပ် ၅သိန်း ADSL အင်တာနက်လိုင်း ရောင်းဖို့အတွက် သက်ဆိုင်ရာကို တင်ပြ ထားပါတယ်။ ခွင့်ပြုချက်ရရင်တော့ ရောင်းမှာပါ။ ဘယ်တော့ လောက် စရောင်း ဖြစ်မလဲတော့ မသိသေးဘူး” ဟု သတင်းအချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ အဆိုပါ အင်တာနက်လိုင်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့ကသာ ရောင်းချလျက် ရှိပြီး မူရင်းဈေး ကျပ် ၁၅ သိန်းခန့်ရှိကြောင်း၊ တစ်ဆင့်ခံ အနေဖြင့် လိုက်လံတပ်ဆင်ပေးသော ကုမ္ပဏီများတွင် ဝယ်ယူပါက ပြင်ပ ပေါက်ဈေး ကျပ်သိန်း၂၀ ဝန်းကျင် တွင် ရှိကြောင်း သိရသည်။ “အော်တိုတယ်လီဖုန်းလိုင်းရှိလို့ ADSL အင်တာနက်လိုင်း ရမယ်လို့တော့ သေချာ မပြောနိုင်ဘူး။ ကြိုတင်စရံ ပေးရင်တော့ ဖုန်းလိုင်းနံပါတ်မှာ အင်တာနက်တပ်လို့ရ မရဆိုတာ စစ်ပေး လို့ရတယ်။ ပေါက်ဈေး အနေနဲ့ကတော့ ကျပ်သိန်း ၂၀ လောက် ကုန်ကျပါမယ်” ဟု ADSL အင်တာနက် လိုင်းများ လိုက်လံ တပ်ဆင်ပေးသည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ADSL အင်တာနက် လိုင်းများသည် အမြန်နှုန်း 256 Kbps မှ 2048 Kbps အထိ အသုံးပြုနိုင်သော အင်တာနက်လိုင်းများဖြစ်ကြပြီး လစဉ်ကြေးကို အမြန်နှုန်းအပေါ် မူတည်၍ ပေးသွင်းရကြောင်း သိရသည်။ ငွေကျပ် ၅ သိန်းဖြင့် ADSL အင်တာနက် လိုင်းများကို ရောင်းချလာပါက ယခုလက်ရှိ ရောင်းချလျက်ရှိသော အင်တာနက်လိုင်းအနက် ADSL အင်တာနက်လိုင်းမှာ ဈေးနှုန်း အနိမ့်ဆုံး အင်တာနက်လိုင်း တစ်ခုအဖြစ် ပြောင်းလဲလာ မည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်( ၇) ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://www.khitlunge.net.mm/