ရန်ကုန်ကို စင်္ကာပူနှင့် တူချင်တယ်ဆိုရင်

ရန်ကုန်ကို စင်္ကာပူနှင့် တူချင်တယ်ဆိုရင်

ခုတလော မီဒီယာတွေမှာ ဖတ်လိုက်ရသည်။ ရန်ကုန်ကို စင်္ကာပူနှင့် တူအောင် လုပ်ရန် သမ္မတကြီးက လမ်းညွှန်မှု ပေးထားသည်ဟူ၍ ဖြစ်သည်။


ထို့အတွက် စင်္ကာပူတွင် ၁၂ နှစ်တာမျှ နေထိုင်ခဲ့သည့် ကျွန်တော့် အတွက် တွေးစရာတွေ ရလာသည်။ တခေတ် တခါက အာရှတွင် ထိပ်တန်းဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့် ရန်ကုန်မြို့တို့ကို စင်္ကာပူ၏ အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်သည့် လီကွမ်ယူက အားကျခဲ့ရသည်ဟု ၎င်းရေးသားသည့် စာအုပ်ထဲတွင် ဝန်ခံထားပြီး စင်္ကာပူရှိ အချို့သော နေရာများတွင် ရန်ကုန်လမ်း၊ ပဲခူးလမ်း၊ မော်လမြိုင်လမ်း စသဖြင့် မှည့်ခေါ်ခဲ့သည့် လမ်းနာမည်များ ခုထိ ရှိဆဲ ဖြစ်သည်။

ခုတော့ သံသရာ ချားတပတ်ပြန်လည်ပြီ ထင်ပါသည်။ ကျွန်တော်တို့၏ ရန်ကုန်ကို အထင်ကြီး အားကျ စိတ်ဖြင့် အတုယူခဲ့ရသည့် စင်္ကာပူကို ကျွန်တော်တို့ ပြန်၍ နမူနာ ယူရချေဦးမည်။ ဤအတွက် ကျွန်တော် စိတ်ဓာတ်မကျပါ။ ရည်မှန်းချက်ကင်းမဲ့စွာ ဖြတ်သန်းခဲ့ကြရသည့် အနေအထားမှ ဦးတည်ချက်များ ရှိလာ၍ စိတ်အား တက်ရပါသည်။ ရည်မှန်းသည့် အတိုင်း လုပ်ဆောင်ကြဖို့တော့ လိုပါမည်။

သွားလာရေးလွယ်ကူ

ဤတွင် စင်္ကာပူနှင့် တူအောင် ဘာတွေ လုပ်ကြမည်လဲဟု မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါသည်။ စင်္ကာပူတွင် လူဦးရေ ၅ သန်းခန့် နေထိုင်သည်။ ကျွန်တော် နေထိုင် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံအရ စင်္ကာပူသည် တစ်နှစ်ထက် တစ်နှစ် လျင်မြန်စွာ တိုးတက် ပြောင်းလဲလာခဲ့သည်ကို တွေ့ရသည်။ ရှေးဦးစွာ စင်္ကာပူရှိ အခြေခံအဆောက်အအုံ (infrastructure) နှင့် ပတ်သက်၍ ပြောပြချင်သည်။

စင်္ကာပူတွင် အဝေးပြေးလမ်းမကျယ်ကြီးများ ရှိသည်။ ရုံးဆင်းရုံးတက်ချိန်တွင် မြို့ပတ်ရထားများ (MRT) ၂ - ၃ မိနစ်ကို တစ်စီးခန့် ရှိသည်။ ရထားနောက်ကျသည်ဟူ၍ မရှိ။ ၃ မိနစ်အကြာတွင် ရထားဆိုက်မည်ဟု ကြေညာထားလျှင် ၃ မိနစ် အတိအကျတွင် ရထားရောက်လာသည်။

ဘတ်စ်ကားများ စီးရသည်မှာ လွယ်ကူအဆင်ပြေသည်။ ဘတ်စ်ကားများ စုပေါင်းရပ်နားသည့် စနစ် (Bus Interchange System) ကို အသုံးပြုထားသဖြင့် တစ်နေရာမှ တစ်နေရာသို့ သွားရာတွင် အဆင်ပြေသည်။ ဥပမာ - ဆူးလေတွင် ကား အတော်များများ ဂိတ်ဆုံး သကဲ့သို့ ဖြစ်ရာ ဆူးလေ Bus Interchange ၊ တာမွေတွင် ဂိတ်စ-ဂိတ်ဆုံးသည့်ကားများက တာမွေ Bus Interchange စသဖြင့် သတ်မှတ်ထားပြီး အဆိုပါ ဘတ်စ်ကားများ စုပေါင်း ရပ်နားရာသည် အများအားဖြင့် ဘူတာရုံများနှင့် အနီးအနားတွင် ရှိသည်။ ထို့ကြောင့် အနီးဆုံးသွားလိုရာ ဘူတာရုံသို့ ရထားစီးပြီး ထိုမှတဆင့် ရပ်ကွက်ကြို ရပ်ကွက်ကြား သွားလိုက်ပြန်လိုက်လုပ်နေသည့် Feeder Bus ဟုခေါ်သည့် ဘတ်စ်ကားများ စီးကာ မိမိအလိုရှိရာသို့ အရောက်သွားနိုင်သည်။

အိုင်ဖုန်းကဲ့သို့ စမတ်ဖုန်းတစ်လုံး ရှိလျှင် ဘတ်စ်ကား နံပါတ်နှင့် လမ်းကြောင်းများကို ကြည့်ရှုနိုင်သည်။ မြို့ပတ်ရထားနှင့် ဘတ်စ်ကားများစီးရန် ကြိုတင်ပိ်ုက်ဆံဖြည့်ထားသော စမတ်ကဒ်များကို အသုံးပြု နိုင်သည်။ ဖြည့်ထားသည့် ပိုက်ဆံကုန်သွားလျှင် ရထားဘူတာရုံများနှင့် ဘတ်စ်ကားများ စုပေါင်းရပ်နား သည့်နေရာ (Bus Interchange) တွင် အေတီအမ်ကဒ်ဖြင့် လည်းကောင်း၊ ပိုက်ဆံဖြင့်လည်းကောင်း ထပ်မံ ဖြည့်သွင်းနိုင်သည်။

လူအရင်းအမြစ်အဓိက

စင်္ကာပူတွင် မည်သည့် သယံဇာတမှ မရှိသည့်အပြင် သောက်သုံးရန်ရေကိုပင် မလေးရှားနိုင်ငံမှ နေ့စဉ် ဂါလန်သန်းပေါင်းများစွာ ဝယ်ယူနေရသည်။ ထို့ကြောင့် အခြား သယံဇာတကြွယ်ဝသည့် နိုင်ငံများကဲ့သို့ သယံဇာတကျိန်စာသင့်နေခြင်း မရှိပါ။ စင်္ကာပူ၏ အဓိက အရင်းအမြစ်သည် လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည့်အတွက် ပညာရေးကို အထူးအားပေးသည်။

ကျောင်းများတွင်လည်း စာကြည့်တိုက်များကို လူကြီးလာစစ်လျှင် ပြသရန်အတွက် မဟုတ်ဘဲ ကောင်းမွန် သပ်ရပ်စွာ ထားရှိပြီး စာအုပ်စာတမ်းများ အတော်ပင်စုံလင်ပါသည်။ ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတ ကြွယ်ဝရေးအတွက် စာကြည့်တိုက်များ မြို့နယ်တိုင်းတွင် ထားရှိသည်။

စာကြည့်တိုက်များမှာ ခနော်နီခနော်နဲ့ စာကြည့်တိုက်ကလေးများ မဟုတ်ပါချေ။ အချို့စာကြည့် တိုက်ကြီး များမှာ ၂ ထပ်- ၃ ထပ် အပြည့် ကဏ္ဍများ စုံလင်စွာ ခွဲထားပြီး စာအုပ်များ သိန်းသောင်းချီ၍ ရှိမည် ထင် သည်။ စင်္ကာပူနိုင်ငံတွင် အမျိုးသား စာကြည့်တိုက် ၁ ခု (၁၆ ထပ် အမြင့်ရှိ) ၊ ဒေသဆိုင်ရာ စာကြည့်တိုက် ၃ ခုနှင့် အခြား ပြည်သူ့စာကြည့်တိုက်ပေါင်း ၂၄ ခု ရှိပါသည်။

၂၀ဝ၇ ဘဏ္ဍာရေးနှစ်အထိ စာကြည့်တိုက် အဖွဲ့ဝင်ထားသူ စုစုပေါင်း ၂ သန်းနီးရှိပြီး စာအုပ်ဌားရမ်းမှု ၂၈ သန်း ရှိခဲ့သည်ဟု သိရသည်။ အဆိုပါ စာကြည့်တိုက်များတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စာအုပ်များ ၅ သန်းကျော်၊ မလေးဘာသာဖြင့် စာအုပ် ၆သိန်း ၂ သောင်းကျော်၊ တရုတ်ဘာသာဖြင့် စာအုပ် ၁ သန်း ၉ သိန်းကျော်၊ တမီးလ်ဘာသာဖြင့် ၃သိန်း ၁ သောင်းကျော် ရှိပြီး စုစုပေါင်း ငှားရမ်းနိုင်သည့် စာအုပ်၊ ဒီဗီဒီ၊ စီဒီ စသဖြင့် အမျိုးအစား စုံလင်စွာ ရှိကာ အရေအတွက်အားဖြင့် ၉ သန်းမျှ ရှိသည်ဟု သိရသည်။ ကောင်းသည်က စင်္ကာပူအရှေ့ပိုင်းရှိ စာကြည့်တိုက်တွင် ငှးလာသော စာအုပ်ကို ကြုံသည့် စာကြည့်တိုက်တွင် အပ်၍ ရသည်။

ထို့ပြင် ငှားလာပြီး ဖတ်၍ မပြီးသေးလျှင်လည်း အင်တာနက်မှ တဆင့် သက်တမ်းတိုး၍ ရသည်။ ထပ်မံ၍ ဖတ်လိုသေးလျှင်လည်း ရက်လွန်ကြေးပေး၍ ဖတ်နိုင်သည်။ မိမိငှားလိုသည့် စာအုပ်ကို သူများငှားသွား လျှင်လည်း ကြိုတင် reserve လုပ်ထားမည်ဆိုပါက အဆိုပါ စာအုပ် စာကြည့်တိုက်ပြန်ရောက်လျှင် အကြောင်းကြားပါလိမ့်မည်။

စာအုပ်အပ်ရန် မေ့လျော့နေပါကလည်း သက်တမ်းမပြည့်မီ ၃ ရက်အလိုတွင် အီးမေးလ်သို့ လည်းကောင်း၊ လက်ကိုင်ဖုန်းသို့လည်းကောင်း အသိပေးသည့်စာ ရောက်လာပါသည်။ မိမိရှာလိုသည့် စာအုပ်ကိုလည်း စာကြည့်တိုက်၏ အင်တာနက်စာမျက်နှာမှ တဆင့် ရှာဖွေနိုင်ပြီး မည်သည့် စာကြည့်တိုက်တွင် ငှားရမ်းနိုင် သည်ကို သိရှိနိုင်သည်။

ပညာတော်သင်များ

စင်္ကာပူကို တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ရောက်အောင် ဦးဆောင်ဦးရွက်ပြုခဲ့ကြသူများသည် ပညာတတ်များ ဖြစ်ကြသဖြင့် နောင်မျိုးဆက်သစ် မပြတ်စေရန် ပညာထူးချွန်သူများကို အထူးပင် အားပေးအားမြှောက်ပြုသည်။ ထူးချွန်ထက်မြက်သည့်သူများကို ပညာတော်သင်များအဖြစ် အနောက်နိုင်ငံများသို့ ဝန်ကြီးဌာနအသီးသီးမှ နှစ်စဉ် အများအပြား စေလွှတ်သည်။ ထို့သို့ သွားရောက် ပညာသင်ကြားပြီး မိမိနိုင်ငံသို့ ပြန်လာလျှင်လည်း ဝန်ကြီးဌာနအသီးသီးတွင် သင့်တော်သည့် နေရာများကို ပေးကာ စဉ်ဆက်မပြတ် အကဲခတ်၍ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် အားထုတ်ကြသည်။

စင်္ကာပူတွင် နှစ်စဉ် ဘဏ္ဍာရေးလျာထားငွေ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပညာရေးဘက်တွင် အသုံးပြုသည်ဟု လေ့လာသိရှိရသည်။ လန်ဒန်အခြေစိုက် International Institute for Strategic Studies မှ ထုတ်ပြန်သည့် မှတ်တမ်းအရ မြန်မာနိုင်ငံတွင်မူ ဝ.၅ ရာခိုင်နှုန်းခန့်သာ အသုံးပြုသည်ဟု ဝမ်းနည်းဖွယ်ရာ သိရသည်။

အဂတိကင်း

ဒါ့အပြင် စင်္ကာပူတွင် ရုံးလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်သလို မည်သည့် အပိုကြေး၊ လက်ဘက်ရည်ကြေးမှ မပေးရသည့်အပြင် ပြက္ခဒိန်ဝယ်ရခြင်း၊ ရန်ပုံငွေထည့်ရခြင်း ဒုက္ခတို့မှ ကင်းဝေးပါသည်။ လိုအပ်သည့် အချက်အလက်များကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများမှ တဆင့် ကြိုတင်ဖတ်ရှုနိုင်သလို ကြေညာချက်များကိုလည်း ရှင်းလင်းတိကျစွာ ဖော်ပြထားသည်။ မလိုအပ်သည့် ကြိုးနီစနစ်များကို အစွမ်းကုန် လျှော့ချထားပြီး လုပ်ကိုင်စရာ ကိစ္စများကို လျင်မြန်စွာ ပြီးစီးနိုင်စေရန် အဓိက ထား၍ ဆောင်ရွက်ကြသည်။ Transparency International မှ ၂၀၁၁ နှစ်တွင် ပြုလုပ်သည့် စစ်တမ်းအရ ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အကင်းဆုံး နိုင်ငံများထဲ၌ ပဉ္စမနေရာကို ရရှိထားပြီး အာရှတိုက်ရှိ နိုင်ငံများထဲတွင် အဂတိလိုက်စားမှု အကင်းဆုံး ဖြစ်သည်။

မြန်မာနိုင်ငံမှာမူ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် အောက်ဆုံးမှ စရေလျှင် မြောက်ကိုရီးယားနှင့် ဆိုမားလီယား တို့၏ အထက်တွင် ရပ်တည်နေကာ အာဖဂန်နစ္စတန်နိုင်ငံနှင့် အတူ အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံများထဲတွင် တတိယနေရာ ရောက်နေသည်။

ကျန်းမာရေးစောင့်ရှောက်မှု

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင်လည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ရလျှင် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများသည် စင်္ကာပူရှိ အစိုးရဆေးရုံ ဆေးခန်းများကိုပင် မမီပါချေ။ ယေဘုယျအားဖြင့် ဆိုရလျှင် သန့်ရှင်းသပ်ရပ်မှု ရှိသလို ပေးရသည့် ဝန်ဆောင်ခနှင့် ထိုက်တန်သည့် ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများ၏ ဝန်ဆောင်မှုကို ပြန်ရသည်။ ပြီးစလွယ် မလုပ်သလို စရိတ်မျှပေး ဆေးခန်းများတွင်လည်း ဆရာဝန်ရေးပေးလိုက်သည့် ဆေးစာရွက်လေး သွားပြနေစရာ မလိုချေ။

ထို့ပြင် အမြဲတမ်းနေထိုင်ခွင့်ရထားသူ (ပီအာ)နှင့် စင်္ကာပူနိုင်ငံသားများမှာလည်း Central Provident Fund (CPF) ဟု ခေါ်သည့် လစဉ် မစုမနေရ ထည့်ဝင်ရသည့် စုငွေထဲမှ ပေးနိုင်သည့်အပြင် ကျန်းမာရေးအာမခံများ ဝယ်ယူထားပါက ဆေးရုံစရိတ်စကများအတွက် အထူးတလည် သောကရောက်ကြရခြင်း မရှိပေ။

စင်္ကာပူတွင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း အကြား အသုံးပြုပြီး မြန်မာနိုင်ငံတွင်မူ လန်ဒန်အခြေစိုက် International Institute for Strategic Studies မှ ထုတ်ပြန်သည့် မှတ်တမ်းအရ ဝ.၄ ရာခိုင်နှုန်း အသုံးပြုသည်ဟု စိတ်မကောင်းဖွယ်ရာ သိရသည်။

အင်တာနက် မြန်ဆန်

ထို့အပြင် စင်္ကာပူနှင့် ပတ်သက်၍ ပြောချင်သည်က စာတတ်မြောက်မှုနှုန်းနှင့် ကွန်ပျူတာ တတ်ကျွမ်းမှုနှုန်း (Computer Literacy) မြင့်မားခြင်း ဖြစ်သည်။ အင်တာနက်သုံးစွဲမှုနှုန်းမှာလည်း ၂၀ဝ၃ ခုနှစ်တွင် ၆၅% ရှိခဲ့ပြီး ၂၀ဝ၈ ခုနှစ်တွင် ၇၆% အထိ တိုးတက်လာခဲ့သည်။

အင်တာနက်အမြန်နှုန်းတွင်လည်း 2Mbps မှ 10 Mbps သုံးစွဲသူ စုစုပေါင်းမှာ ၂၀ဝ၅ ခုနှစ်တွင် ၅ သိန်းခဲ့သာ ရှိခဲ့သော်လည်း ၂၀ဝ၉ ခုနှစ်တွင် ၁.၅ သန်း နီးပါး ရှိလာခဲ့သည်။ နိုင်ငံတကာတွင် အင်တာနက် အမြန်နှုန်း သူထက်ငါ မြန်ဆန်အောင် ကြိုးစားနေချိန်တွင် ကျွန်တော်တို့ နိုင်ငံမှာတော့ အီးမေးလ်လေး တစ်ခု ပို့ဖို့ အတော် အချိန်ယူနေရသည်။ စင်္ကာပူတွင် အင်တာနက်ပေါ်မှ ရုပ်ရှင်တစ်ကား ကြည့်ရန် အတွက် မိနစ် ၂၀ ခန့်သာ Download လုပ်သည်ကို စောင့်ရပါသည်။

နောက်ပြီး Video Conferencing လုပ်လို့ ရနေသည်။ ရန်ကုန်မှာတော့ အင်တာနက်ကဖေးမှ တဆင့် Voice Chat လောက် လုပ်သည်ကိုပင် အင်တာနက်လိုင်းက ပြတ်လိုက်တောက်လိုက်နှင့် ခန္တီစ တရားကို အာရုံပြုနေရသည်။

အဓိကကျသည့် အချက်က စင်္ကာပူတွင် အင်တာနက်သုံးစွဲရန် အဖိုးအခမှာ များစွာ သက်သာနေသော်လည်း မြန်မာနိုင်ငံတွင်မူ နိုင်ငံတကာနှင့် ယှဉ်ပါက အဆများစွာ ပေးနေရပြီး အင်တာနက်လိုင်းများမှာလည်း အလွန်တရာ နှေးကွေးဆဲဖြစ်သည်။ အင်တာနက် အမြန်လမ်းမကြီးပေါ်တွင် စင်္ကာပူက ပြိုင်ကားနှင့် မောင်းနှင်နေချိန်ဝယ် မြန်မာနိုင်ငံက ဆိုက်ကားနှင့် ယှဉ်မောင်းနေ၍ မသင့်တော့ပါ။

ဘဏ်စနစ်ကောင်းမွန်

စင်္ကာပူ၏ ဘဏ်စနစ်မှာလည်း သုံးစွဲသူများ အဆင်ပြေစေရန် ဖန်တီးပေးထားသည်။ အေတီအမ်စက်များက နေရာတိုင်းလိုလိုမှာ ရှိနေသည်။ NETS ဟု ခေါ်သည့် စနစ်ဖြင့် အေတီအမ်ကဒ်များကို အသုံးပြုပြီးလည်း ဈေးဝယ်စင်တာများ၊ စူပါမားကတ်များ၊ စားသောက်ဆိုင်များတွင် ပေးနိုင်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အသုံးပြုနိုင်ရန် Myanmar Payment Union (MPU) ကို ကြိုးစားလုပ်ကိုင်နေသည်ဟု သတင်းတစ်ပုဒ်ထဲတွင် ဖတ်လိုက်ရသည်။ လက်ကျန် ရှင်းတမ်းကြည့်ခြင်း၊ ငွေထုတ်ငွေသွင်း စာရင်းကြည့်ခြင်း၊ ငွေလွှဲခြင်း၊ ဘီလ်များဆောင်ခြင်းတို့ကိုလည်း အင်တာနက်မှ တဆင့် အချိန်မရွေး လုပ်ဆောင်နိုင်သည်။

ထို့ပြင် ငွေသွင်းစက် (Cash Deposit Machine) များမှ တဆင့် မိမိဘဏ်အကောင့်ထဲသို့ ငွေသွင်းခြင်း ပြုလုပ်နိုင်ပါသည်။ ထို့အပြင် အိမ်ဝယ်ခြင်း၊ ကားဝယ်ခြင်း၊ စီးပွားရေး လုပ်ငန်း စတင်ခြင်း စသည့် ကိစ္စ အဝ၀တွင် ဘဏ်များထံမှ ချေးငွေရယူ၍ သင့်တင့်သည့် အတိုးနှုန်းဖြင့် အရစ်ကျပြန်လည် ပေးဆပ်နိုင်ပါသည်။ အိမ်ဝယ်ရာတွင် နှစ် ၂၀ မှ နှစ် ၃၀ အထိ အရစ်ကျ ပေးဆပ်နိုင်သလို ကားဝယ်ရာတွင်လည်း ၁၀ နှစ် အထိ အရစ်ကျ ပေးဆပ်နိုင်သည်ဟု သိရသည်။

အလုပ်အကိုင်ဖန်တီးမှု

စင်္ကာပူတွင် အလုပ်အကိုင်ဖန်တီးမှု မြင့်မားပြီး အလုပ်လက်မဲ့နှုန်းမှာ စက်တင်ဘာ ၂၀၁၁ တွင် ထုတ်ပြန်သော စာရင်းဇယားအရ ၂ ရာခိုင်နှုန်းသာ ရှိသည်။ လက်ရှိ အလုပ်လုပ်ကိုင်နေသူ လုပ်သား စုစုပေါင်း ၃.၁၉ သန်း ရှိသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ကိုင်နေသူ စုစုပေါင်း ၅ သိန်း ၄ သောင်းကျော် ရှိပြီး ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်နေသူ စုစုပေါင်း ၄ သိန်းကျော်ရှိသည်။

စင်္ကာပူရှိ လုပ်ငန်းခွင် အသီးသီးတွင် လုပ်ကိုင်နေကြသည့် မြန်မာများမှာလည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာခဲ့သလို သင်္ဘောကျင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူများ၊ အင်ဂျင်နီယာများ၊ ဆေးရုံဆေးခန်းများတွင် လုပ်ကိုင်နေသော ဆရာဝန်များ၊ သူနာပြုများ၊ ကွန်ပျူတာပညာရှင်များ၊ စာရင်းကိုင်များ စသဖြင့် များစွာ ရှိသည်။

၂၀ဝ၈ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ထုတ်ဝေသည့် စင်္ကာပူနိုင်ငံထုတ် The Straits Times သတင်းစာက ရေးသားရာ၌ တရားဝင်ထုတ်ပြန်သည့် စာရင်းမှာ ၅ သောင်းမှ ၆သောင်းကြား ဖြစ်သော်လည်း မြန်မာနိုင်ငံသား သိန်းနှင့်ချီ၍ လာရောက် အလုပ် လုပ်ကိုင်နေကြသည်ဟု ခန့်မှန်းရသည်ဟူ၍ ရေးသားထားသည်ကို တွေ့ရသည်။

ပွင့်-လင်း-မြင်-သာ

စင်္ကာပူနှင့် ရန်ကုန်တို့၏ ကွာခြားချက်များစွာ ကျန်ပါလိမ့်ဦးမည်။ သို့သော် အထက်ဖော်ပြပါ အချက်များတွင် စင်္ကာပူနှင့် ရင်ဘောင်တန်းနိုင်ပြီ ဆိုလျှင် ကျေနပ်ပါသည်။ ထို့ကြောင့် တာဝန်ရှိသူ အားလုံး မိမိကျရာ အခန်းကဏ္ဍမှ ကြိုးစားပေးစေလိုပါသည်။ စင်္ကာပူနှင့် နိုင်ငံအသီးသီးတွင် ရောက်ရှိကာ ပညာသင်နေသော၊ လုပ်ငန်းခွင်တွင် ရောက်နေသော လူငယ်လူရွယ်များစွာ ရှိပါသည်။

ထို လူငယ်လူရွယ်များ ပြည်တော်ပြန်ရန် ခေါ်နေရုံဖြင့် မဖြစ်ဘဲ လုံလောက် ကောင်းမွန်သည့် အခြေအနေများ ကို ဖန်တီးပေးစေလိုပါသည်။ သို့မဟုတ်လျှင် မြန်မာနိုင်ငံတွင် မွေးသော လူတော်များကို စင်္ကာပူက အဆင်သင့် မွေးစားသွားသည့် အဖြစ်မျိုး ပိုမို ကြုံတွေ့ရပါလိမ့်မည်။

ဧရာဝတီမြစ် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ စင်္ကာပူတွင် လာရောက်ဟောပြောသွားသော ဆရာအော်ပီကျယ် ၏ စကားနှင့် ဆိုရလျှင် ပွင့်လင်းမြင်သာမှု (Transparency) ရှိဖို့ အရေးကြီးပါသည်။ ပိတ်ထားလျှင် မှောင်နေပါလိမ့်မည်။ ပွင့်မှ လင်းမည်။ လင်းမှ မြင်ပါမည်။ မြင်မှ သာ(ယာ) ဝပြောပါလိမ့်မည်။ မည်မျှပင် နောက်ကျနေပါစေ။ ကျွန်တော်တို့ အတူတကွ တွန်းတင်ကြရပါမည်။ သူများ ခြေတလှမ်းလှမ်းလျှင် အလှမ်းပေါင်းများစွာ လှမ်းကြဖို့ လိုပါမည်။

ကျွန်တော်တို့ မြန်မာပြည်သားများ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးဖြင့် ကြိုးစားကြမည်ဆိုလျှင် စင်္ကာပူကို ဆယ်စုနှစ်အနည်းငယ်အတွင်း ကျော်ဖြတ်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ လူကြီးမင်းတို့၏ ဖုန်းများ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်နေခြင်း မရှိမှသာ လျင်မြန်စွာ ရွေ့လျောနေသည့် ကမ္ဘာကြီးနှင့် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ ပြန်လည် ချိတ်ဆက်မိမည် ဖြစ်ပါကြောင်း။

ညီညီ (သံလွင်)

ကိုးကား-

၁။ IDA's Annual Survey on Infocomm Usage in Households and by Individuals for 2008
၂။ www.mof.gov.sg
၃။ www.singstat.gov.sg
၄။ www.nlb.gov.sg

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection