မြန်မာ့ပြုပြင် ပြောင်းလဲရေး အိန္ဒိယ အသိအမှတ်ပြု

မြန်မာ့ပြုပြင် ပြောင်းလဲရေး အိန္ဒိယ အသိအမှတ်ပြု
မြန်မာအစိုးရသစ်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့ရှုနေမှုကို အိန္ဒိယက အသိအမှတ်ပြု ကြိုဆိုကြောင်း သမ္မတ ဦးသိန်းစိန်၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းထုတ်ပြန်ချက်တွင် အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းက ပြောဆိုထားသည်။


သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့ကို မဟတ္တမ ဂန္ဒီ အထိမ်းအမှတ်နေရာတွင် ဤသို့တွေ့ရသည် (ဓာတ်ပုံ - AP)

မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် လိုအပ်သည်များကို အိန္ဒိယဘက်မှ ကူညီထောက်ပံ့ရန် အသင့်ရှိကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက် မှုများအတွက်လည်း ဂုဏ်ပြုကြိုဆိုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အိန္ဒိယ သမ္မတ ပရာတီဘာ ပတေးလ်၏ ဖိတ်ခေါ်ချက်ဖြင့် အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်လာသော သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ကို သမ္မတ အိမ်တော်တွင် နိုင်ငံတော် အခမ်းအနားဖြင့် ကြိုဆိုဧည့်ခံခဲ့ပြီး ယနေ့ည တွင် ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံမည်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက် ပိုင်းတွင် မဟတ္တမ ဂန္ဒီ၏ ဂူဗိမာန်သို့ သွားရောက် ဂါရ၀ပြုခဲ့သည်။

အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကမူ သမ္မတ ဦးသိန်းစိန်အစိုးရကို အိန္ဒိယအစိုးရက ရင်းနှီးစွာ ဆက်ဆံနေမှုမှာ ဒီမိုကရေစီ အင်အားကြီးနိုင်ငံတခု အနေဖြင့် မဖြစ်သင့်ကြောင်း ေ၀ဖန် ထောက်ပြကြသည်။

ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခြင်း မဟုတ်ဘဲ တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲမှ ပေါ်ပေါက် လာသည့် အစိုးရ ဖြစ်သည့်အတွက် ပြည်သူလူထုကို ကိုယ်စားမပြုကြောင်း၊ စစ်အစိုးရ ကျောထောက် နောက်ခံပြု အစိုးရသာ ဖြစ်သည့်အတွက် ဒီမိုကရေစီ ပေါ်ထွန်းရေးကို အမှန်တကယ် ဆောင်ရွက်နိုင်မည့် အစိုးရမဟုတ်ကြောင်း ေ၀ဖန်ပြောဆိုကြသည်။

“ပြည်တွင်းမှာ လတ်တလော လွတ်ငြိမ်းချမ်းသာခွင့် ပေးနေတာ၊ စာပေလွတ်လပ်ခွင့် တချို့ ပေးနေတာ တွေဟာ အမှန် တကယ် အပြောင်းအလဲတွေ မဟုတ်ဘူး။ ဒါဟာ သမ္မတ ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီ ရေးကို အလေးထား ဦးစားပေးတဲ့ နိုင်ငံတွေရဲ့ ဖိအားတွေ ပြေလျော့စေချင်လို့ တဘက်လှည့်နဲ့ လုပ်နေတာ” ဟု အိန္ဒိယနိုင်ငံအခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ABSL) ဥက္ကဋ္ဌ ကိုကျော်သန်းက ပြောသည်။

အိန္ဒိယ – မြန်မာအရေး လေ့လာသူများ၏ ေ၀ဖန်မှုများအကြားမှပင် သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် အိန္ဒိယ၀န်ကြီးချုပ် မာမိုဟမ်ဆင်း အပါအဝင် နိုင်ငံခြားရေး၀န်ကြီး၊ ပြည်ထဲရေး၀န်ကြီးတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုခဲ့သည်။

အဆိုပါ စာချုပ်အရ ၂၀၁၀ ပြည့်နှစ်အတွင်း ချုပ်ဆိုခဲ့သော သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကို ၂၀၁၂ မှ ၂၀၁၅ အထိ တိုးမြှင့်လိုက်ပြီး နည်းပညာ အကူအညီများ မြန်မာပြည်သို့ ပေးအပ်ရန်နှင့် မြန်မာနိုင်ငံမှ နည်းပညာရှင်များကို အိန္ဒိယတွင် ပညာသင် စေလွှတ်ရန်များ ပါ၀င်သည်။

ထို့အတူ ရန်ကုန် ကလေးဆေးရုံကြီးနှင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတို့ကို အဆင့်မြှင့်တင်ရေးလုပ်ငန်း များ လုပ်ဆောင်ရန် အတွက်လည်း နားလည်မှု စာချွန်လွှာတခု ချုပ်ဆိုခဲ့သည်။

ဆွေးနွေးမှုများတွင် နယ်စပ်လုံခြုံရေး၊ အိန္ဒိယအရှေ့မြောက် ခွဲထွက်ရေး သူပုန်များကို ပူးပေါင်း တိုက်ဖျက် ရေး၊ နယ်စပ် လုံခြုံရေး တိုးမြင့်ရေး၊ လက်နက်မှောင်ခိုနှင့် မူးယစ်ဆေး၀ါး ရောင်း၀ယ် ဖောက်ကားမှု တိုက်ဖျက်ရေးတို့ကို အဓိကထား ဆွေးနွေး ခဲ့ကြသည်။

ထို့အပြင် ဆည်မြောင်း တာတမံ စီမံကိန်းများအတွက် အိန္ဒိယမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တိုးမြှင့်ပေးမည် ဖြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ပေါ်ရှိ ထမံသီနှင့် ရွှေစရေး ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာ စီမံကိန်းများကို ၆ လအတွင်း စတင် အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း လုပ်ဆောင်မှုများ တိုးမြင့်ရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ နယ်စပ် ကုန်သွယ်ရေးတိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ် လမ်းများဖောက်လုပ်ရေး၊ နယ်စပ် ကုန်သွယ်ရာ ဒေသများတွင် အကောက်ခွန် ဂိတ်များနှင့် စနစ်တကျ လုပ်ဆောင်ရေး၊ ကုလားတန် ဘက်စုံစီမံကိန်း အရှိန်မြှင့် ပြုလုပ်ရေးများကို ဆွေးနွေး ပြောဆိုခဲ့ကြသည်။

နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေးအတွက် နေပြည်တော်တွင် အိန္ဒိယ အစိုးရအတွက် မြေနေရာကို နှစ် ၆၀ အထိ ငှားရမ်းခွင့် ပြုမည်ဖြစ်ကြောင်းလည်း သိရသည်။ အိန္ဒိယ ဘက်မှလည်း ဂယာတွင် မြန်မာ့သာ သနာ့ ဗိမာန် တည်ဆောက်ရန်အတွက် ပေ ၂၂၀ ပတ်လည် အကျယ်အ၀န်းရှိ မြေနေရာ ပေးအပ်မည်ဖြစ်သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection