အောင်မြင်မှုသရဖူဆောင်းနေတဲ့ အင်ဒိုနီးရှားက နည်းပညာပစ္စည်း မှောင်ခိုဈေးကွက်
အင်ဒိုနီးရှားနိုင်ငံမှာ BlackBerry ထုတ်လုပ်တဲ့ Research in Motion က သူတို့ရဲ့ထုတ်ကုန်သစ် PlayBook ကို ဩဂုတ်လမှာ ရောင်းချပေးမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမယ့် ဒီသတင်းကို အင်ဒိုနီးရှားနိုင်ငံက BlackBerry ပရိသတ်တွေ မျှော်လင့်တကြီးနဲ့ ၀မ်းသာအယ်လဲ ကြိုဆိုကြ မယ်လို့တော့ မထင် လိုက်ပါနဲ့။စိတ်ဝင်တစားနဲ့ မျှော်လင့်တကြီး စောင့်စားမှု မရှိတဲ့အပြင် ဒီ PlayBook ကို အောင်မြင်မှုသရဖူ ဆောင်းနေတဲ့ နည်းပညာပစ္စည်း မှောင်ခို ဈေးကွက်ထဲမှာ ၀ယ်လို့ရနေတာ ကြာလှပေါ့လို့ ပြောတာကိုပဲ ခံလိုက်ရပါတယ်။
ပေါ်သမျှအီလက်ထရွန်းနစ်ပစ္စည်းတွေ အားလုံးကို ရနိုင်တဲ့ ဂျကာတာက Mall Ambassador မှာ ဆိုင်ခန်းဖွင့်ထားတဲ့ ဗစ်ကီက PlayBook တွေကို နယူးယော့ခ်မြို့မှာ ရောင်းပေးမယ့် အချိန်ထက်စောပြီးတော့ ဧပြီလ ကတည်း ရနေတာလို့ ဆိုပါတယ်။"ဒါတွေ ဘယ်ကဘယ်လို ၀င်လာလဲတော့ ကျွန်မတကယ့်ကို မသိဘူး ရှင့်။ သင်္ဘောတွေနဲ့ ၀င်လာတာတော့ သေချာ တယ်။ ဒီလိုပစ္စည်းမျိုး တွေကို မက္ကဆီကို ဒါမှမဟုတ် အမေရိကန် ကနေတော့ ကျွန်မတို့ အမြဲတမ်းရတယ်" လို့ ၎င်းက အေအက်ဖ်ပီကို ပြောပါတယ်။ ဒီမှောင်ခိုဈေးကွက်က အစိုးရကို ဒေါ်လာ သန်းနဲ့ချီပြီး နစ်နာစေ ပါတယ်လို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စားသုံးသူတွေဆီက အခွန်မရလို့ပါ။ ဒါပေမယ့် ဒီမှောင်ခို ဈေးကွက်ကို အစိုးရက ကျေကျေ နပ်နပ်ကြီး မသိ ကျိုးကျွန်ပြုထားပါတယ်။ဒီပစ္စည်းတွေက တခြားနည်းလမ်းနဲ့ အစိုးရကို ၀င်ငွေတွေ အများကြီးရစေ တာကြောင့်ပဲလို့ ဆိုပါတယ်။"တိုက်ခေါင်မိုးတွေပေါ်က စလောင်းတွေနဲ့ အင်တီနာတွေကို ကြည့်လိုက်ပါ။ ဒီပစ္စည်းတွေက မှောင်ခိုလမ်းကနေ ၀င်လာတာပါ။ အစိုးရကတော့ သူတို့ ငွေတပြားမှ စိုက်ထုတ်စရာမလိုတဲ့ bandwidth လိုင်စင်တွေ ချပေးပြီး ဒေါ်လာ သန်းပေါင်းများစွာ သဲ့ယူနေ ပါတယ်" လို့ ရွိုင်း မော်ဂန် ဈေးကွက်သုတေသနကုမ္ပဏီက ဒက်ဘ်နာ့သ်ဂူ ဟာရွိုင်းက ဆိုပါတယ်။ဒါကြောင့် မှောင်ခိုဈေးကွက်က ပျောက်ကွယ်သွားမယ်လို့ ကျွန်တော်မထင်ပါဘူးလို့ ဆိုတယ်။ ဩဂုတ်လအထိ မစောင့်နိုင်တဲ့ နောက်ဆုံးပေါ် ပစ္စည်းအသစ်ကိုမှ ငမ်းငမ်းတက်လိုချင်သူတွေကို ဗစ်ကီက ကောင်း ကောင်းကြီး အမြတ်ထုတ်ထား ပါတယ်။ လက်လီဈေးရူပီးယား ၉ ဒသမ ၇၅ သန်း ( ၉၇၅ ဒေါ်လာ) နဲ့ ရောင်းချပေး နေပါတယ်။အမေရိကန်က ဈေးအကြီးဆုံးတောင် ၆၉၉ ဒေါ်လာပဲရှိတာပါ။ ဒါပေမယ့် ဩဂုတ်လ ရောက်သွား ရင်တော့ ဈေးလျှော့ရောင်းနေတဲ့ စမတ်ဖုန်းတွေ၊ နက်ဘွတ်ခ်တွေနဲ့ ကင်မရာတွေလို လျှော့ဈေးနဲ့ ရောင်းရတော့မှာပါ။ အင်ဒိုနီးရှားက ငွေကြေးပေါများသူတွေဟာ Tablet ကွန်ပျူတာတွေကို နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲနေကြပါပြီ။ကျွန်းပေါင်း ၁၇,၀၀၀ နဲ့ ဖွဲ့စည်းထားတဲ့ ဒီနိုင်ငံကို ပစ္စည်းတွေ မှောင်ခို တင်သွင်းတာနဲ့ပတ်သက်လို့ ထိန်းချုပ်ဖို့ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အင်ဒိုနီးရှား စက်မှု လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်းက ဆူဟန်ဒါဝိဂျာယက ပြောကြားခဲ့ ပါတယ်။"အင်ဒိုနီးရှားနိုင်ငံမှာ ၀င်ပေါက်ထွက်ပေါက်တွေ အရမ်းများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်းစုကြီး လေ။ ကျွန်တော်တို့ ထိန်းချုပ်မယ်ဆိုရင်လည်း အဓိက ဂိတ်ပေါက်ကြီး ငါးခုကိုပဲ စောင့်ကြည့်နိုင်မှာပါ"လို့ ၎င်းကဆို ပါတယ်။မှောင်ခိုတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ ဆိုင်ရှင်တွေက ဇိမ်ခံပစ္စည်းခွန်မှာ ၁၀ ရာခိုင်နှုန်း အခွန် ရှောင်တဲ့အပြင် ရောင်းချရာမှာလည်း ငွေသားနဲ့ပဲ ရောင်းချကြတဲ့အတွက် အရောင်းခွန် ငါးရာခိုင်နှုန်းကိုလည်း ပေးစရာမလိုကြပါဘူး။ ဒါကြောင့် သူတို့ပစ္စည်းတွေက အရမ်းကို ဈေးချိုနေပါတယ်။"မှောင်ခိုပစ္စည်းနဲ့ တရားဝင်မှတ်ပုံတင်ပြီး တင်သွင်းတဲ့ပစ္စည်း ကွာခြားမှုကလည်း မရှိဘူးလေ။ အာမခံကတ်လေးပဲ ကွာတာပါ။ မှောင်ခို ပစ္စည်းရဲ့ အာမခံကတ်က ပစ္စည်းဖြန့်တဲ့ ကုမ္ပဏီရဲ့ အာမခံဖြစ်ပြီး တရားဝင်တင်သွင်းတဲ့ပစ္စည်းကို ထုတ်လုပ်တဲ့ ကုမ္ပဏီက အာမခံပေးပါတယ်"လို့ ဗစ်ကီကပြောပါတယ်။