အတာသင်္ကြန်နှင့် မဟာအကြံ

အတာသင်္ကြန်နှင့် မဟာအကြံ

တမိုးကုန်၊ တဆောင်းကူး၍ တနွေသစ် ပြန်ပြီမို့ "အတာသင်္ကြန်" လည်း မကြာခင်မှာ ကျရောက်ပေဦး တော့မယ်လို့ စိတ်ထဲက တီးတိုး ရေရွတ်မိပါတယ်။ ဆယ့်နှစ်လ ရာသီထဲမှာ ပထမဆုံး "လ" ဖြစ်လို့ နှစ်သစ်မင်္ဂလာ အခါဖြစ်တဲ့အပြင်၊ တန်ခူးလရဲ့ သင်္ကေတဖြစ်တဲ့ "သင်္ကြန်" ကို ရင်ခုန်စွာ မျှော်လင့် စောင့်စားနေကြသူများ ဆုတောင်းပြည့်ပြီလို့ ပြောရမယ့်အချိန်ပါ။  

"အတာ သင်္ကြန်" ဟုဆိုရာ၌ အတာ + သင်္ကြန် ရဲ့ အဓိပ္ပါယ်လည်း သိချင်ကြပေမည်။ အတာ ဟူသည် "အန္တ"  ဟူသော ပါဠိစကားမှ လာပြီး "အဆုံး" ဟု အနက်အဓိပ္ပါယ်ရပါတယ်။ "သင်္ကြန်" ဟူသည် "သင်္ကန္တ" ဟူသောသက္ကတ (Sanskrit) စကားမှဆင်းသက်လာ၍၊ ဆောင်းဦးဟေမန်၏ အေးမြခြင်းသဘောမှ နွေဦးဂိမှာန်၏ ပူနွေးခြင်း သဘောသို့ ရွေ့လျားကူး ပြောင်းလာခြင်း (သို့မဟုတ်) တစ်ရာသီမှ တစ်ရာသီသို့ ပြောင်းရွှေ့ခြင်း အဓိပ္ပါယ်ဆောင်ပါတယ်။  

ဒါကြောင့် နှစ်တနှစ်၏ အဆုံး၊ နှစ်သစ်သို့ကူးပြောင်းခြင်း ကို ''အတာသင်္ကြန်'' လို့ ခေါ်ပါတယ်။ (သင်္ကြန်ကို ရှေးက "သင်္ကန" ဟူ၍ ခေါ်ဝေါ်ခဲ့ကြပြီး၊ "သင်္ကန" မှ ကာလရွေ့လျား၍ "သင်္ကြန်" ဟူ၍ နှောင်းလူတို့က အစားထိုးသုံး စွဲခဲ့ကြသည်ဟူ၍လည်း ဖတ်မှတ်ဖူးပါတယ်။)  

ပုဂံခေတ်က စခဲ့တယ်လို့ ယူဆကြတဲ့ မြန်မာနှစ်သစ်ကူးပွဲတော် "သင်္ကြန်" ဟာ ဧပြီလ ဒုတိယပတ်မှာ ကျရောက်လေ့ရှိပြီး အကြို၊ အကျ၊ အကြတ်၊ အတက် နဲ့ နှစ်ဆန်းတစ်ရက်နေ့ဟူ၍ ၄ ရက်မှ ၅ ရက် (ရက်ထပ်နှစ်မှာ) အထိ ရှိတတ်ပါတယ်။ အများအားဖြင့် သင်္ကြန်ကို ကြိုဆိုခေါ်ဆောင်သူများ ကတော့ အကျနေ့တိုင်အောင်မအောင့်နိုင်ရှာဘဲ ပျော်ချင်ရှာကြတဲ့ ကလေးများပဲ ဖြစ်ပါတယ်။ အကျ၊ အကြတ်နဲ့ အတတ်နေ့များမှာတော့ ရပ်ကွက်နဲ့ မြို့နယ်အသီးသီး မှာရှိတဲ့ ရေကစားမဏ္ဍပ်တွေ မှာ ရေပက်ခံသူများ နဲ့ စည်ကားပါတယ်။ အဆို၊ အက၊ အတီး၊ အမှုတ်များနဲ့လဲ တခမ်းတနား ကျင်းပကာ နှစ်သစ်ကို ပျော်ပျော်ပါးပါး ကြိုဆိုကြပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ မှာတော့ လူငယ်များက သက်ကြီးရွယ်အို၊ လူကြီးသူမများအား ကျွေးမွေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ လက်သည်း ခြေသည်း လှီးဖြတ်ပေးခြင်းများဖြင့် ကုသိုလ်ယူကြပါတယ်။  Thingyan_Greeting.jpg

Thingyan_001

စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ တိရစ္ဆာန်များအား ဘေးမဲ့ ပေးခြင်း၊ ရှင်ပြု ရဟန်းခံခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ ပုတီးစိပ်ခြင်း၊ မေတ္တာဘာဝနာ ပွားများခြင်း၊ ကမ္မဌာန်း ၀ိပဿနာ တရား ပွားများအား ထုတ် ခြင်း စသည့် ကုသိုလ် ကောင်းမှုများလဲ ပြုလုပ်ကြပါတယ်။ 

"သင်္ကြန်" ရဲ့ ထူးခြားချက်တစ်ခုက တစ်နှစ်မှာ သုံးကြိမ်သာပွင့်၍ တကြိမ်မှာ တစ်ရက်သာခံတဲ့ ရွှေဝါရောင်အဆင်းနဲ့ ပိတောက်ပန်းများပဲ ဖြစ်ပါတယ်။ ပိတောက်ပန်းများဟာ ပန်ဆင်သူရဲ့ ဆံကေသာ ကို အလှတွေဆင့် ဂုဏ်ရှိန်တင့်စေတာမို့ အရွယ်သုံးပါးမရွေး အမြတ်တနိုး ပန်ဆင်ကြတာကို မြင်ရပါဦးမယ်။  

သင်္ကြန်ဆိုလျင် မပါ မပြီးတဲ့ အရာတစ်ခုကျန်ပါသေးတယ်။ ဒါကတော့ မုန့်လုံးရေပေါ် ပဲဖြစ် ပါတယ်။ အချို့က မုန့်လုံးရေပေါ် ကို ထန်းလျက် သို့ ကြံသကာနဲ့ ပြုလုပ်လေ့ရှိပါတယ်။ အချို့ကျီစား လိုသူများကတော့ ငရုပ်သီးစိမ်းကို အသုံးပြုပြီး လုံးလေ့ရှိပါတယ်။  

သင်္ကြန်ရဲ့ အဓိက အင်္ဂါရပ်မှာ ရေပက်ခြင်း သို့ ရေလောင်းခြင်းတို့ဖြစ်ပါတယ်။ ဘယ်လိုရည်ရွယ်ချက်များ နဲ့ ရေလောင်း ရေပက် ရပါသလဲလို့ မေးလာခဲ့ပါက ဖြေသူအပေါ်မူတည်၍ အနည်းငယ် ကွဲပြားခြားနားတဲ့ အဖြေစုံကိုတွေ့ရမှာဖြစ်ပေမယ့် အောက်ပါအချက် ၃ ချက်များနဲ့ အခြေခံအားဖြင့် တူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါတွေကတော့ -- 

(၁) နှစ်ဟောင်းက ကိုယ် နဲ့ စိတ် အညစ်အကြေး၊ အကုသိုလ်တွေကို ဆေးကြောပစ်တဲ့ သင်္ကေတ၊ 

(၂) တနှစ်လုံးမှာ အပူဆုံးအချိန်ဖြစ်တဲ့ ဧပြီလရဲ့ အပူဒဏ်ကို ရေပက်ဖျန်းခြင်းဖြင့် သက်သာစေရန်၊ 

(၃) ပျော်ဖို့ ရွှင်ဖို့ - စတာတွေ ပဲဖြစ်ပါတယ်။  

အထက်ဖေါ်ပြပါ အချက်အလက်များဟာ ခေတ်အဆက်ဆက်က လက်ဆင့်ကမ်းသယ်ဆောင် လာခဲ့တဲ့ မြန်မာ့ရိုးရာဓလေ့ထုံးစံများပဲ ဖြစ်ပါတယ်။ ပုဂံခေတ်က စလို့ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ ဒီ မြန်မာရိုးရာဟာ အလွန်ချစ်စရာကောင်းတဲ့ အလေ့အထ တစ်ခုပါ။ အနာဂါတ်မျိုးဆက်သစ်များ ကလည်း ဆက်လက်ပြီးတော့ လက်ဆင့်ကမ်းသယ်ဆောင်သွားကြရမှာပါ။ 

ဒီလို ရိုးရာအမွေကို ဆက်ခံတဲ့နေရာမှာ ရိုးရာအမွေအနှစ်စစ်စစ်ကို ဆက်ခံတက်ဖို့လိုအပ်ပြီး အုတ်ရော ကျောက်နှော မဖြစ်အောင် သတိထား ရပါ လိမ့်မယ်။  ဒါ့အပြင် ခေတ်နဲ့အညီ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနေတဲ့ ခေတ်ကြီးထဲမှာ အများနဲ့အညီ လိုက်လျော ညီထွေ အံဝင် ဂွင်ကျ ဖြစ်ဖို့လည်း လိုအပ်ပါတယ်။  

ပုဂံခေတ်က နန်းတွင်းသူ နန်းတွင်းသားများဟာ - "သပြေခက်နဲ့ ရေပက်တာ၊ ဟိုးရှေးရှေးက သင်္ကြန် အခါ" ဆိုတဲ့ အတိုင်း ရွှေဖလား ငွေဖလားထဲက အမွှေးနံ့သာရေများကို သပြေခက်နဲ့ ယဉ်ကျေးသိမ်မွေ့ စွာ ပက်ဖျန်းခဲ့ကြပါတယ်။ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းခေတ်မှ  ကုန်းဘောင်ခေတ်အထိ ခေတ် အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့ ရိုးရာအတာသင်္ကြန်ပွဲမှာ သပြေခက်နဲ့ ရေပက်တဲ့ အဆင့်ကနေ ဒီဖက်ခေတ်ရောက်မှ နို့ဆီခွက်၊ ရေခွက်၊ ရေဖလား၊ ရေပြွတ်၊ ရေပိုက်၊ ရေသေနတ်၊ မီးသတ်ပိုက်နဲ့ ဖိအားသုံး ရေသေနတ်များကို အစားထိုး အသုံးပြုတဲ့အဆင့်အထိ ရောက်လာတာ ကိုတွေ့ရပါတယ်။ 

ဆွတ်စိုရုံသက်သက် သပြေခက်နဲ့ရေပက်တဲ့ ခေတ်ကနေ တစ်ကိုယ်လုံးရွှဲရွှဲစိုအောင် လောင်း၊ မီးသတ်ပိုက်နဲ့ စွတ်စွတ်ဖြူအောင် ထိုး ပြီး၊ ရေများမှ အားရ၊ အမေတမှ ကျေနပ်ကြတဲ့ ခေတ်ဖြစ်နေတာ အားလုံးအသိပါ။ ခေတ်ကို အမှီလိုက်  ခေတ်နောက်လိုက် ရင်း တစ်ခေတ်ထက် တစ်ခေတ် ပိုပြီး "ရေအသုံးကြမ်းလာကြသလား??" ဆိုတာ စဉ်းစားစရာပါ။  

 

Thingyan_002 Thingyan_004

 

လူဦးရေ ၅သန်း ကျော်ရှိသော စင်ကာပူနိုင်ငံရဲ့ တစ်နေ့တာသုံးစွဲတဲ့ ရေပမာဏဟာ ဂါလံ သန်း ၃၀၀ ရှိပြီး၊ ၎င်းရဲ့ ၄၀% ကို မလေးရှား နိုင်ငံက တင်သွင်းရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် လူဦးရေ ၅ သန်းနီးပါးရှိတဲ့ ရန်ကုန်တစ်မြို့တည်းရဲ့ သာမန် တစ်နေ့တာ ရေသုံးစွဲမှုပမာဏဟာ စင်ကာပူနိုင်ငံနဲ့ ထပ်တူနီးပါးဖြစ်နေပါတယ်။ ဒါပေမယ့် ရန်ကုန်မြိုရဲ့ သင်္ကြန်အတွင်း တစ်နေ့တာသုံးစွဲမှုဆိုရင်တော့ နှစ်ဆ ကနေ သုံးဆ အထိရှိနိုင်ပါတယ်။ ဒါကြောင့် ပျမ်းမျှအားဖြင့် နှိုင်းယှဉ်အချိုးချကြည့်ပါက လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာတစ်နိုင်ငံလုံးရဲ့ သင်္ကြန်အတွင်းရေသုံးစွဲမှုနှုန်းဟာ စင်ကာပူနိုင်ငံရဲ့ တစ်လ တာ ရေသုံးစွဲမှုနှုန်းထက် တော်တော်လေး အစွန်းထွက်နေတာတွေ့ရပါမယ်။ ဒီရေတွေကိုသာ ကျွန်တော်တို့ ရောင်းချခွင့် (သို့) လှူဒါန်းခွင့် ရခဲ့ရင် နိုင်ငံအတွက် အကျိုးအမြတ်ရလဒ်တစ်ခုပါ။

နောက်ပြီး သင်္ကြန်မှာ ရေကစား (သို့) ရေသုံးဖို့အတွက် ရေကစားမဏ္ဍပ်တွေကို သူနဲ့ငါ အပြိုင်အဆိုင် ဟီးနေအောင်ဆောက်ဖို့ လိုလာပြန်ပါပြီ။ ဒါတွေကို ဆောက်ဖို့ သစ်၊ ၀ါး၊ ဖျာ၊ နှီး၊ သံ၊ သွပ်၊ ဘောင်၊ ငြမ်း စတာတွေကို အကုန်အကျခံရင် ခံနိုင်သလို ငှားရမ်း ၀ယ်ယူ သုံးစွဲရပါမယ်။ ဒါ့အပြင် မီးစက်၊ ရေစက် တွေ မောင်းနိုင်ဖို့အတွက် လောင်စာဆီ၊ မဏ္ဍပ်အတွက် အပြင်အဆင်၊ ရေပိုက်၊ မီးကြိုး၊ လုံခြုံရေး၊ အစားအသောက်၊ အသောက်အစား… အားလုံးပေါင်းကြည့်ရင် ကျပ်ငွေ သိန်း ၅၀ ကနေ ၁၀၀ အထိရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဏ္ဍပ်ပေါင်း ၁၀၀ ပဲ ရှိသည်ထား၊ သိန်းပေါင်းမည်မျှ ကုန်ကျမယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ တကယ်တော့ ဒါတွေအားလုံးဟာ တစ်ဦးတစ်ယောက် အတွက် ဂုဏ်ယူစရာဖြစ်ကောင်း ဖြစ်ပေမယ့်၊ အဘက်ဘက်ကကြည့်ရင် နိုင်ငံအတွက် နစ်နာဆုံးရှုံး စရာတွေချည်းပါ။

ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးတစ်ခုလုံးရဲ့ ၇၀% နီးပါးဟာ ရေထုဖြစ်ပြီး၊ ၂.၅% မျှလောက်သော ရေထုသည်သာ သောက်လို့ သုံးလို့ရတဲ့ (ရေချို) ရေ ဖြစ်ပါတယ်။ ဒီ အနည်းငယ်မျှ ပမာဏရှိသော "ရေ" ကို ကမ္ဘာ့လူဦးရေ ဘီလျံပေါင်း ၆၀၀၀ ကျွန်တော်တို့က တစ်ဖဲ့ နှစ်ဖဲ့ ရှယ်ယာသုံးနေကြရတဲ့ အချိန်မှာ ကမ္ဘာကြီးရဲ့ အရှေ့ခြမ်း တစ်နေရာမှာ သဘာဝအရင်းအမြစ်တွေကို လိုသည်ထက် ပိုမိုသုံးစွဲနေ ကြပြီး၊ ကမ္ဘာကြီးရဲ့ အနောက်ခြမ်းတစ်နေရာမှာ ရေကြည်ချမ်းမြ တစ်ပေါက် သောက်သုံးနိုင်ဖို့ အခွင့်အရေးမဲ့ နေခဲ့ရင် ဘယ်နည်းနဲ့မှ တရားနည်းလမ်းကျနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများ နဲ့ ယဉ်ကျေးတဲ့ နိုင်ငံများဟာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ သစ်တောမပြုန်း တီးရေး နဲ့ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေး လုပ်ငန်းများကို တွင်တွင် ကျယ်ကျယ်လုပ်ကိုင် နေတဲ့အချိန်မှာကျွန်တော်တို့ကလည်း နိုင်ငံတကာနဲ့ ရင်ပေါင်တန်းကာ သူ့အပြစ် ငါမပြော၊ ငါ့အပြစ် သူ မပြောဘဲ အများ (နိုင်ငံတကာ) နဲ့အညီ လိုက်လျောညီထွေ အံဝင်ဂွင်ကျဖြစ်အောင်လုပ်ကြပါစို့ဟု နှိုးဆော်ရင်း "နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ အပြစ်ကင်းတဲ့ မြန်မာရိုးရာ အမွေအနှစ်စစ်စစ်ကို လက်ဆင့်ကမ်းကြပါ စို့" လို့ တိုက်တွန်းလိုက်ပါတယ်။

 နှစ်သစ်မင်္ဂလာဖြစ်ပါစေ... ။ ။ 

တောင်ပြင်က မောင်ရင် ---

အကိုးအကား - အတာသင်္ကြန်နှင့် ခန္ဓာသင်္ကြန် (အရှင်သံဝရာလင်္ကာရ - ဓမ္မပိယဆရာတော်)၊ မြန်မာမှု အင်္ဂလိပ်စာ (ဘ၀သစ်ဦးအောင်ကျော်)၊ ပါဠိ-မြန်မာ အဘိဓါန်၊ Wikipedia


POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection