ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ခင်မင်ရင်းနှီးစွာ ဆွေးနွေး လိုကြောင်း မီဒီယာက တစ်ဆင့် စကား ကမ်းလှမ်းလိုက်သည်။ ၆-၆-၂၀၁၂ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ် တွင် ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲ တွင် သတင်းမီဒီယာ တစ်ခု မှ စင်ကာပူတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်းက သင့်လျော် သည့် အခြေအနေ တစ်ခုကို ရောက်ပါက တပ်မတော် အနေဖြင့် နိုင်ငံရေး မှ နုတ်ထွက်မည်ဟု ပြောကြားခဲ့ခြင်းအပေါ် NLD ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တွင်လည်း တပ်မတော်သည် နိုင်ငံရေးတွင် မပါဝင်ရန် ပြောကြားထားသည့်အပေါ် မေးမြန်းခဲ့ရာ ယင်းက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။
“ဦးလှမင်းကို စကား ကမ်းလှမ်း လိုက်ချင်တယ်။ ထမင်း ဖိတ်ကျွေးပြီး ဆွေးနွေးလိုက် ကြရအောင်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မ တပ်မတော်နဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး နေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ ထွေထွေထူးထူး ပြောစရာ မလိုပါဘူး။ အားလုံးလည်းသိပြီးသားပါ။ တပ်မတော်ကို ကျွန်မအဖေ ထူထောင် ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မ မွေးကတည်းက တပ်မတော်သားတွေ ကြားထဲမှာ မွေးဖွား ကြီးပြင်းလာတာမို့ အစကတည်းက ခင်မင်စိတ် ရှိပါတယ်။ ကြီးလာတော့လည်း ပြောင်းမသွား ပါဘူး။ အမြစ်တွယ်ပြီးသားပါ။ ဒါကြောင့်မို့လို့ တပ်မတော်နဲ့ အမြဲပဲ လက်တွဲပြီးတော့ လုပ်ဆောင်ချင်တယ်။ ကျွန်မတို့ တပ်မတော် အတွက်ရော၊ ကျွန်မတို့ နိုင်ငံ အတွက်ရော၊ ကျွန်မတို့ နိုင်ငံရေးသမားတွေ အတွက်ရော သိက္ခာရှိတဲ့ ခြေလှမ်းတွေကို အတူတူ လက်တွဲပြီးတော့ လှမ်းချင်ပါတယ်။ အဲဒီလို ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်းက ပြောတယ်ဆိုတော့ ကျွန်မ အင်မတန်မှ သဘောကျပါတယ်။ အားရပါတယ်။ တပ်မတော်ဟာ အစဉ်အမြဲ ရနေတဲ့ အခွင့် အရေးတွေကို ထိန်းသိမ်းထားချင်တဲ့ တပ်မတော်မျိုး မဟုတ်ဘူး။ နိုင်ငံနဲ့ သင့်တော်တဲ့ အခြေအနေ တစ်ခုကို လိုလားတဲ့ တပ်မတော် ဆိုတာကို ပြလိုက်တဲ့အတွက် ကျွန်မအနေနဲ့ အများကြီး ကြိုဆိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မေငယ်