ရန်ကုန်-မန္တလေး လျှပ်စစ်မီး မပြတ်တောက်ရေး လှုပ်ရှားမှု


ရန်ကုန်-မန္တလေး လျှပ်စစ်မီး မပြတ်တောက်ရေး လှုပ်ရှားမှု

ရန်ကုန်မြို့မှာ ဒီကနေ့ ညပိုင်းမှာလည်း လျှပ်စစ်မီး ၂၄ နာရီရရှိရေး ပြည်သူ့ဆန္ဒ ထုတ်ဖော်မှုကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ စီစဉ်သူတွေက RFA ကို ပြော ပါတယ်။ 

မနေ့က ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဖယောင်းတိုင် ထွန်းညှိ ဆုတောင်းတဲ့ ပုံစံအတိုင်း ဒိီကနေ့ ညပိုင်းမှာ လည်း ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါ တယ်။

အလားတူ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ ဒီကနေ့ည ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းပွဲ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ အဲဒီပွဲကို သွားရောက်နေတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က မြန်မာနိုင်ငံ သားတွေအနေနဲ့ ကိုယ်နိုင်ငံက ထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို အသုံးပြုခွင့် မရရှိတာကြောင့် စိတ်မကောင်းစွာနဲ့ ဆန္ဒပြပွဲကို သွားရောက်နေတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးဖြန့်ဝေပေးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မီးရရှိအောင်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရန်ကုန်တိုင်း လျှပ်စစ်မီး ခွဲဝေရေး ဥက္ကဋ္ဌ ဦးအောင်ခိုင်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ-
" ကျွန်တော် ဘာမှကို မပြောပါရစေနဲ့တော့၊ ကျွန်တော်တို့ ဘာမှလုပ်လို့ ကိုင်လို့မရလို့နော်။ ဒီနေ့ညလည်း ဆန္ဒပြပွဲတွေ ရှိနေတယ်။ အဲတာတွေအတွက် ကျွန်တော်တို့ ဒီမှာ စီစဉ်စရာ၊ ပြုစရာတွေလုပ်နေလို့" လို့ပြောပါတယ်။
မနေ့က ဆူးလေဘုရားအနီးမှာ ဖယောင်းတိုင်ထွန်းညှိ ဆန္ဒထုတ်ဖော်သူ ရာဂဏန်းရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုပါတယ်။
မန္တလေးတိုင်း ကျောက်ဆည်မြို့မှာတော့ လျှပ်စစ်မီး ပုံမှန်မရတဲ့ကိစ္စအပေါ် ဆန္ဒထုတ်ဖော် ပြသမယ်လို့ မြို့လူထုက သက်ဆိုင်ရာကို အကြောင်းကြားစာ ပေးပို့ခဲ့တာကြောင့် အာဏာပိုင်တွေက ဒီကနေ့ မနက်ပိုင်းမှာ အရေးပေါ် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
လျှပ်စစ်မီးရရှိရေးအတွက် မေလ (၂၇) ရက် တနင်္ဂနွေနေ့မှာ ဆန္ဒထုတ်ဖော် ပြသမယ်လို့ ကျောက်ဆည်မြို့ခံတွေက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ၊ ရဲတပ်ဖွဲ့နဲ့ လျှပ်စစ်ရုံးတွေကို မနေ့က စာရေးအကြောင်းကြားခဲ့တာပါ။ အဲဒီနောက် ဆန္ဒပြမယ့်သူတွေထဲက စာရေးဆရာ ဒိုးလေး (ကျောက်ဆည်) ကို စ-သုံးလုံး၊ SB တို့က ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ရှိသူတွေ ကျောက်ဆည်မြို့ကို လာရောက်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ကြောင်း အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ ပန်းချီ ကိုမိုးမခက RFA ကိုပြောပါတယ်။

" အရေးပေါ်အစည်းအဝေး မနက်က အလောတကြီးဖိတ်လိုက်တယ်။ မန္တလေးတိုင်းဒေသ ဝန်ကြီး ကိုယ်တိုင် ပါတယ်။ ပြီးတော့ အမှတ် ၂ လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီးပါတယ်။ ဒီလေး-ငါးရက် အတွင်းကို ပြန်ကောင်း အောင်တော့ သူတို့ကြိုးစားပါ့မယ်တဲ့။ ကျွန်တော်တို့လည်း လိုအပ်တဲ့ လိုအပ်ချက်လေးတွေ တင်ပြတယ်။ ကျောက်ဆည်မှာ လျှပ်စစ်မီးက ၅ မိနစ်လောက်လာ၊ နာရီဝက်လောက်က ပြန်ပြီးတော့ ပြန်သွားရော၊ ပြန်သွားပြီးတော့ နောက်ထပ် ၁၀ မိနစ် ၁၅ မိနစ်လောက် ပြန်လာ၊ ပြန်ပြတ် အဲဒီလိုမျိုးတွေ ဖြစ်နေရော။ ထမင်းအိုးတည်ထားတဲ့ ထမင်းပေါင်းအိုးတွေ ဝက်စာဖြစ်သွားတာတို့၊ ကျွန်တော်အိမ်က တီဗီဆိုရင် မီးလုံးကြွသွားတာတို့ အဲဒီလို အခက်အခဲလေးတွေရှိတယ်။ မီးအားကလည်း အဝင်က ၅၀-၆၀ လောက်နဲ့ ဘာအလုပ်မှ လုပ်လို့မရဘူးခင်ဗျ။ မီးမလာတာကတကြောင်း ရေကည ၂ နာရီလောက်မှ ပေးလိုက်တော့ ကျွန်တော်တို့ အိပ်မောကျနေတဲ့ အချိန်၊ မသိဘူး သူက အသိပေး အကြောင်းကြားခြင်း လည်းမရှိဘူး"

မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက ကတိပေးသွားပေမဲ့ လက်တွေ့ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို ဆက်လက်စောင့်ကြည့်မှာ ဖြစ်ကြောင်း၊ လျှပ်စစ်မီး ပုံမှန်ပြန်မရဘူး ဆိုရင်တော့ လာမယ့်ဇွန်လ (၁) ရက်နေ့ နောက်ပိုင်းမှာ ဆန္ဒထုတ်ဖော်သွားကြမှာ ဖြစ်ကြောင်း ကျောက်ဆည်မြို့ခံတွေက ပြောပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection