အွန်လိုင်းပညာရေး ဘာကြောင့်အားပေးသင့်သလဲ


အွန်လိုင်းပညာရေး ဘာကြောင့်အားပေးသင့်သလဲ


အွန်လိုင်းပညာရေးဆိုတာ ခုခေတ်မှာ စိမ်းနေပေလိမ့်ဦးမယ်။ ဒါပေမယ့် ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေမှာ အတော် လေးထွန်းကားနေပါပြီ။ အွန်လိုင်းပညာရေးဆိုတာ ဘွဲ့တစ်ခု ရရုံသက်သက် ကြံဖန်ပြီး တီထွင်ထားတဲ့ ပညာရေးတစ်ခုမဟုတ်ဘူးဆိုတာတော့ ဦးစွာသိထားစေလိုပါတယ်။

ဒီခေတ်ကြီးမှာကလည်း ပါရဂူဘွဲ့အထိ တီထွင်ပေးအပ်၊ ကြံဖန်ရယူအပ်သောအရာလို့ နားလည်တာများ နေတော့ ဘွဲ့ဆိုတာ တန်ဖိုးမဲ့သလိုလိုတောင် ဖြစ်နေပြီ။ အမှန်တော့ ဘွဲ့ဆိုတာ သတ်မှတ်ချက်တစ်ခုပါ။ တတ်ကျွမ်းမှု ရှိခြင်း မရှိခြင်းဆိုတာကတော့ ကိုယ်တိုင်နဲ့ သက်ဆိုင်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။
အွန်လိုင်းကနေ ဘာကြောင့် ဘွဲ့တွေ ယူကြသလဲဆိုရင် အလုပ်ရာထူးတိုးတက်လိုတဲ့အတွက်၊ အလုပ်အတွက် အခြေခံ အသိတရား မြင့်မားလိုတဲ့အတွက်၊ အလုပ်အတွက် အပြောင်းအလဲတစ်ခုခုကို လိုချင်တဲ့အတွက်၊ အခြား ပညာရပ်တစ်ခုခုကို ဆက်လက်လိုတဲ့အတွက်ဆိုတဲ့ ဦးတည်ချက်တွေဟာ အွန်လိုင်းရဲ့ အဓိက ရည်ရွယ်ချက် တွေဖြစ်ပါတယ်။

အွန်လိုင်းကနေ ရယူနိုင်တဲ့ ဘွဲ့အစီအစဉ် ရာနဲ့ချီပြီးရှိပါတယ်။ အွန်လိုင်းကျောင်းတွေကလည်း ရွေးချယ်စရာ များလှပါတယ်။ ဒါပေမယ့် ကိုယ့်အလုပ်၊ ကိုယ့်ဝါသနာ၊ ကိုယ်နဲ့အဆင်ပြေတာမျိုးကို ရွေးချယ်ချက် မှန်ကန်ဖို့တော့ လိုပါတယ်။

အွန်လိုင်း တက္ကသိုလ် သို့မဟုတ် ကောလိပ်တစ်ခုခုကနေ ဘွဲ့တစ်ခုခုရဖို့ဆိုတာ အလုပ်ရာထူးအတွက်၊ လစာအတွက် အခြေအနေပိုကောင်းဖို့ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့လည်း ဖြစ်နိုင်ပါတယ်။ အချို့လည်း အလုပ်သစ်တစ်ခုခုကိုပြောင်းချင်တဲ့ဆန္ဒကြောင့် ဘွဲ့တစ်ခုခုကို ကြိုးစားကြည့်ခြင်းလည်း ဖြစ်နိုင်ပါတယ်။
ပညာရှာတယ်ဆိုတာ အစဉ်အလာ ကျောင်းဆိုတဲ့ဘောင်ခတ်မှုနဲ့ ကြီးပြင်းလာခဲ့ရသူတွေဆိုတော့ ပညာရေး ဆိုရင် နံရံလေးဘက်ကြားက ကျောင်းတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ပညာရေးဆိုတာ လေထဲကို ရောက်နေတဲ့ခေတ်၊ လေထဲကနေ ပညာရှာနိုင်တဲ့ခေတ်၊ အွန်လိုင်းခေတ်ကိုရောက်နေပြီဆိုတာ ပိတ်ထားတဲ့ မျက်စိတွေကို ဖွင့်ကြည့်လိုက်ဖို့လိုမယ်ထင်ပါတယ်။

အွန်လိုင်းမှာ ဘာကြောင့် ပညာသင်ကြားဖို့လိုသလဲ၊ အွန်လိုင်းပညာရေးကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ။

၁။ ဘွဲ့အစီအစဉ် အတန်းတွေအစုံအလင်

အွန်လိုင်းဆိုတာ အတန်းတစ်ခုတည်း ကနေ ဘွဲ့အစုံကို လိုချင်သလို ရယူနိုင်တဲ့ နေရာလို့လည်း ပြောနိုင် တယ်။ ကိုယ်နဲ့ သင့်လျော်ရာ၊ ကိုယ်ကြိုက်ရာ ယူခွင့်၊ သင်ကြားခွင့်လည်းရှိတယ်။ ယနေ့ခေတ် အွန်လိုင်း အစီအစဉ်တွေကို ပြန်လေ့လာကြည့်ရင် လူကြိုက်များတာတွေက business management, nursing, computer programming, marketing, communications, human resources management ဘာသာရပ်တွေ ဖြစ်နေတာလည်းတွေ့ရတယ်။ ဘွဲ့နဲ့ ပတ်သက်ရင်လည်း အမျိုးမျိုး ယူနိုင်သေး တယ်။ ဘွဲ့လွန်၊ ဘီအေ၊ ဘီအက်စ်စီ စတဲ့ bachelor ဘွဲ့၊ မာစတာဘွဲ့၊ MBA, J.D, Ph.D အထိ ဘွဲ့တွေကို အွန်လိုင်းကတစ်ဆင့် ယူနိုင်တဲ့ခေတ်ဖြစ်နေပါပြီ။

၂။ ကုန်ကျစရိတ်သက်သာ

အွန်လိုင်းမှာ ကျူရှင်ကြေးမရှိဘူး။ အစဉ်အလာကျောင်းတွေမှာက ကျူရှင်ထပ်တက်ရတာနဲ့ ဆင်ဖိုးထက် ချွန်းဖိုးကဈေးပိုကြီးသလို ဖြစ်တတ်တယ်။ အွန်လိုင်းမှာ သတ်မှတ်ထားတဲ့ ကျောင်းဝင်ကြေးနဲ့ လက်တွေ့ကြေး တွေအပြင် အခြားထပ်ဆောင်းပေးရတဲ့ ဘာသာရပ်တွေရှိပေမယ့် ပုံမှန်ကျောင်းတက်ပြီး ကုန်ကျတဲ့စရိတ်ထက် တော့ အများကြီးသက်သာတယ်။

အွန်လိုင်းကျောင်းသားတွေဟာ ဖတ်စာအုပ်ဈေးမြင့်သွားလို့ဆိုတဲ့ အကြောင်းပြချက်အတွက် သောကရောက် စရာမလိုဘူး။ အွန်လိုင်းမှာက အနည်းဆုံး ဒစ်ဂျစ်တယ်ဖတ်စာတွေကို လေ့လာနိုင်တဲ့အတွက် ကုန်ကျစရိတ် နည်းသလို၊ လေ့လာနိုင်တဲ့ နယ်ပယ်ခွင်ကလည်း ပိုပြီးတော့ ကျယ်ပြန့်တယ်။ ကိုယ်လေ့လာရမယ့် ဘာသရပ်တွေအတွက် အများစုကို download ချယူလို့ရတယ်။ သင်ခန်းစာပို့ချချက်၊ မှတ်စု၊ လေ့ကျင့်ခန်း တွေအားလုံးဟာ အွန်လိုင်းအစီ အစဉ်တွေချည်းဖြစ်တာကြောင့် စရိတ်သက်သာတယ်လို့ပြောနိုင်တယ်။

၃။ စာသင်ခန်းထဲ လာထိုင်စရာမလို

အွန်လိုင်းကျောင်းဆိုတာ ကျောင်းလာတက်စရာမလိုတဲ့ကျောင်းလို့ သိထားစေချင် ပါတယ်။ သင်ခန်းစာ အတွက် ဆရာရဲ့ ပို့ချချက်၊ ကျောင်းသားရဲ့ ဖြေဆိုလုပ်ဆောင်ချက်တွေအားလုံးဟာ အီလက်ထရောနစ်နည်း တွေနဲ့ချည်း လုပ်ဆောင်ကြရတယ်။ ဆရာကဖြစ်စေချင်တာ၊ လုပ်ဆောင်စေချင်တာတွေအားလုံးကို အွန်လိုင်း ကပဲပြောမယ်။ ကျောင်းသားတွေကလည်း သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေကိုရယူပြီး အကဲဖြတ် အမှတ် ပေးနိုင်ဖို့အတွက် ဆရာတွေထံကို အွန်လိုင်းကပဲပြန်တင်ပေးရတယ်။

ဒါကြောင့် အတန်းလာတက်စရာမလိုဘူး လို့ပြောတာ။

လုပ်ငန်းခွင်ဝင်နေတဲ့သူတွေအနေနဲ့ကလည်း လုပ်ခွင်မပျက် စာသင်နိုင်တယ်။ အချိန်ကုန်၊ ငွေကုန်သက် သာတဲ့ အပြင် သင်ကြားရေးကလည်း လွယ်ကူတယ်။ မိသားစု အချိန်ထဲကလည်း ဖဲ့ပေးစရာမလို၊ ခွင့်လည်း ယူစရာမလိုဘဲ ပညာကို ရယူနိုင်တဲ့ အစီအစဉ်တစ်ခုဖြစ်တယ်။

၄။ သင်ယူချိန်ကို ကိုယ်တိုင်ရွေးချယ်နိုင်

ကိုယ်အားတဲ့တစ်ချိန်ချိန်ကို အွန်လိုင်းထဲဝင်ပြီး လေ့လာသင်ယူနိုင်ခြင်းဟာ အွန်လိုင်းပညာရေးရဲ့ လွတ်လပ် တဲ့ အစီအစဉ် တစ်ခုဖြစ်တယ်။ အထူးသဖြင့်တော့ အလုပ်ကပြန်လာ ညအချိန်လေ့လာခြင်း၊ နံနက် စောစော လေ့လာသင်ယူနိုင်ခြင်းတွေ ပြုလုပ်နိုင်တယ်။ ပုံမှန်လေ့လာချင်တဲ့အချိန်မှာ လေ့လာသင်ယူခွင့်ရှိတယ်။ အလုပ်ထဲကနေလည်း အားတဲ့အချိန်လှမ်းပြီး ဝင်လိုက်လို့ရတယ်။ စိတ်ထဲမှာ ကျောင်းတက်ရခြင်းဆိုတဲ့ ဖိစီးမှု မရှိခြင်းဟာ အွန်လိုင်းပညာရေးရဲ့ ထူးခြားချက်ဖြစ်တယ်။
၅။ လေ့ကျင့်ခန်းတင်ချိန် ညှိယူနိုင်
အွန်လိုင်းအတန်းတွေမှာ လေ့ကျင့်ခန်းတွေပြန်တင်ရတယ်ဆိုပေမယ့် သတ်မှတ်ချက်တွေက သိပ်ပြီးတော့ မတင်းကျပ်ဘူး။ သတ်မှတ်ပေးထားတဲ့ assignment တွေကို သတ်မှတ်ချိန်အတွင်း ကြိုက်သလိုပြန်တင် နိုင်တယ်။ အချိန်မီ နောက်ဆုံးရက်အတွင်းတော့ အရောက်ပြန်တင်ဖို့လိုတယ်။ စိတ်ထဲမှာ ဖိစီးမှုကြီး တစ်ခုအနေနဲ့ ဖြစ်မနေစေဘူး။ ဆန္ဒရှိရင် စောတင်လို့လည်းရတယ်။ ခရီးထွက်စရာရှိလို့ ကြိုပြီး တင်သွား လို့လည်းရတယ်။

သူတို့ကတစ်ပတ်အတွင်း သို့မဟုတ် တစ်လအတွင်း လုပ်ဆောင်ရမှာတွေကို ကြိုပြီးကြေညာထားလေ့ရှိတယ်။ အတန်းတက်တဲ့သူတွေနဲ့ မတူတာကတော့ အတိုင်းအတာတစ်ခုအတွင်း လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်း ပဲဖြစ်တယ်။

၆။ ကျောင်းချိန်မရှိ အလုပ်ချိန်နဲ့ ညှိနိုင်

ကလေးတွေရှိတဲ့ အိမ်ထောင်ရှင်တွေအနေနဲ့ အလုပ်ကအပြန် အိမ်ရောက်တဲ့ တစ်ချိန်ချိန်ဟာ ပညာရှာချိန်လို့ သတ်မှတ်နိုင်တယ်။ ကလေးတွေကိုလည်း ပြုစုစောင့်ရှောက်၊ သူတို့အိပ်ချိန်မှာ ကိုယ်ကပညာရှာ၊ လုပ်ခွင် မပျက်၊ မိသားစုနဲ့ မကွဲမကွာ ပညာရှာနိုင်တယ်။

ဒီလိုနဲ့ ကလေးထိန်းရင်း ဘွဲ့ရသွားသူတွေ အများကြီးရှိတယ်။
အွန်လိုင်းပညာရေးဟာ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက်တော့ ဖွင့်ထားတဲ့ တံခါးနဲ့ အခွင့်အလမ်း တစ်ရပ်လို့ဆိုနိုင်တယ်။ အလုပ်ရဲ့ တိုးတက် ခြင်း၊ ရာထူးနဲ့ လစာတွေဆိုတာ ဘွဲ့တစ်ခုခု အပေါ်မူတည်နေသေး တာကိုတော့ ငြင်း ပယ်လို့ မရနိုင်သေးဘူး။ ဒါကြောင့် အနာဂတ်အလားအလာအတွက် အွန်လိုင်းပညာရေး ဆိုတာ အခွင့်အလမ်းတစ်ခုလို့ ယူဆနေ ကြတယ်။

၇။ အလုပ်နဲ့ ပညာ ချိန်ဆနိုင်
ခုခေတ်မှာ အိမ်မှာရှိတယ်ဆိုတာ အလုပ်နဲ့ ဆက်စပ်နေသလို၊ ဘယ်နေရာ ရောက်ရောက် အလုပ် သို့မဟုတ် ပညာဆိုတာ ခွဲခွာလို့မရနိုင်ပါဘူး။ အိမ်နဲ့ ရုံးကြားဟာ ပညာရှာချိန်ဖြစ်နိုင်သလို၊ အိမ်ပြန်ရောက်ချိန်နဲ့ အိပ်ချိန်မတိုင်မီ ကြားကာလ တစ်ခုခုဟာလည်း အွန်လိုင်းပညာရေးအတွက် အချိန်ပေးလို့ရပါတယ်။ အချို့ ညအလုပ်ဆင်းရတယ်။ အချို့ကတစ်နေကုန်လုပ်ပြီး ညမှာနားရတယ်။ နားတဲ့အချိန်နဲ့ အားတဲ့အချိန်ဟာ ပညာရှာချိန်အဖြစ် သတ်မှတ်နိုင်သူတွေအတွက်ကတော့ ပညာရေးဆိုတာ မဝေးပါဘူး။

၈။ ရာသီဥတု အကြောင်းမပြနိုင်

နှင်းကျတဲ့နိုင်ငံတွေမှာ နှင်းမုန်တိုင်းကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတန်းမတက်နိုင်ဘူးဆိုတဲ့ဆင်ခြေ အွန်လိုင်းမှာ မရှိပါဘူး။ ရာသီဥတုဆိုးရွားလို့ ကျောင်းမတက်နိုင်ဘူးဆိုတာမျိုးတွေ အွန်လိုင်းမှာ ကြုံတွေ့ရမှာ မဟုတ်ဘူး။ အတန်းဖျက်ရတယ်ဆိုတာမျိုး အွန်လိုင်းမှာ မရှိဘူး။ အင်တာနက်ကြီးတစ်ခုလုံး ရပ်ဆိုင်းသွား တယ်ဆိုရင်တော့ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။

၉။ အထူးဘွဲ့အမျိုးအစားများ ရယူနိုင်

အွန်လိုင်းဘွဲ့တွေထဲမှာ အမှတ်နဲ့ သတ်မှတ်ပြီး တက်ခိုင်းတာမျိုးတွေမရှိဘူး။ ကိုယ်ကြိုက်တဲ့မေဂျာ (အဓိက ဘာသာတွဲ) ကို ရွေးချယ်သင်ယူပိုင်ခွင့်ရှိတယ်။ ဒါကြောင့် လုပ်ငန်းခွင်အတွင်းကလူတွေဟာ ကိုယ့် လုပ်ငန်း ခွင်နဲ့ ဆက်စပ်မှုရှိမယ့် ဘာသာရပ်တွေကို ရွေးချယ်သင်ယူပိုင်ခွင့်ရှိတယ်။ အမှတ်နဲ့ခွဲပြီး ဝါသနာမပါတာကို တက်ရတာထက်၊ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်နဲ့ ကိုယ်နှစ်သက်ရာဘာသာရပ်ကို သင်ယူနိုင် ခြင်းဟာ အွန်လိုင်းရဲ့သဘောကျ စရာကောင်းတဲ့ အစီအစဉ်တစ်ရပ်ပဲဖြစ်တယ်။

၁၀။ ငွေအပေးအယူ လွှဲပြောင်းနိုင်

အချို့ချေးငွေတွေနဲ့ ကျောင်းတက်ခွင့် ရသူတွေဟာ ကိုယ်ကြိုက်တဲ့ ကျောင်းကို ချေးငွေလွှဲပြောင်းခွင့် ရှိပါတယ်။ အချို့ ရာသီချိန်တစ်ခုခုမှာ ကျောင်းတက်ဖို့အဆင် မပြေနိုင်သူတွေ အွန်လိုင်းကိုပြောင်းပြီး သင်ယူခွင့်ကို အသိအမှတ်ပြုပါတယ်။

ဥပမာ နွေရာသီမှာ အလုပ်ရှိတဲ့သူတွေ ကျောင်းကနေခေတ္တနားပြီး အွန်လိုင်းကို ပြောင်းကာ အလုပ်လုပ်သူ တွေရှိပါတယ်။ သူတို့အတွက် အချို့သောကျောင်းတွေက ငွေပေး၊ ငွေလွှဲ၊ ကျောင်းလွှဲ၊ အချိန်လွှဲခွင့် တွေရှိတာကြောင့် အွန်လိုင်းအစီအစဉ်ကို သဘောကျကြပါတယ်။

ဖော်ပြပါအချက်တွေကြောင့် အွန်လိုင်းပညာရေးကို လူကြိုက်များလာပါတယ်။ အခွင့်အရေးတစ်ခုကို ရယူချင်သူ တွေအတွက် အခွင့်အလမ်းကောင်းတွေရှိစမြဲဖြစ် ပါတယ်။

အွန်လိုင်းပညာရေးရဲ့အသက်ဟာ အင်တာနက်လို့ပြောရပါလိမ့်မယ်။ အိမ်တိုင်း၊ နေရာတိုင်း၊ ကျောင်းတိုင်း၊ ဌာနတိုင်း အင်တာနက်ကို သုံးချင်တဲ့အချိန်မှာ သုံးနိုင်တဲ့အခွင့်အရေးမျိုးတွေရှိမှ အွန်လိုင်းပညာရေးနဲ့ နီးစပ်ပါ လိမ့်မယ်။ ကွန်ပျူတာကမရှိ၊ အင်တာနက်ကမရ၊ လက်ကိုင်ဖုန်းလေးတွေလောက်တောင် မကိုင်နိုင် ကြတဲ့ တိုင်းပြည်နဲ့ လူမျိုးတွေအတွက်ကတော့ အွန်လိုင်းပညာရေး အလှမ်းဝေးနေဦးမှာပါပဲ။

Ref : 10 Advantages to Taking Online Classes, http://oedb.org/online-programs

တင်ညွန့်

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection