မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကို ဤသို့ရှုမြင်သည်

မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ကို ဤသို့ရှုမြင်သည်


မီးသတ်ဝန်ထမ်းဟောင်းတစ်ဦး
အတွဲ ၂၈ ၊ အမှတ် ၅၅၁ ( ၆ - ၁၂ ၊ ၁ ၊ ၂၀၁၂)

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၄၀ က ဖြစ်ပွား ခဲ့သော မင်္ဂလာတောင် ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း၊ မေတ္တာမွန်ဂိုဒေါင်အုပ်စု မီးလောင်မှု တွင် ပေါက်ကွဲမှုဖြစ်ပွားကာ ၁၇ ဦး သေဆုံး၊ ၈၃ ဦး ဒဏ်ရာရရှိ၊ မီးဘေး ဒုက္ခသည် အိမ်ထောင်စု ၁၄၀ အား ယာယီကယ်ဆယ်ရေးစခန်းများ၌ နေရာ ချပေးပြီး လိုအပ်သည်များ ကူညီပံ့ပိုးစသည့် စာလုံး အမည်းများဖြင့် နေ့စဉ်ထုတ်သတင်းစာ၌ ဖော်ပြထားပါသည်။

ယင်းတို့အထဲတွင် မီးသတ်တပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး တပ်ဖွဲ့ဝင် ၃၃ ဦး ဒဏ်ရာရရှိကာ မီးသတ်ယာဉ်လေးစီး ပျက်စီးခဲ့ရသည့်အဖြစ် အပျက် အပေါ် တုန်လှုပ်ချောက်ချားမိပါသည်။

မြန်မာ့ မီးသတ်သမိုင်းတွင် အရုပ်ဆိုးအကျည်း တန်လှသည့် ပထမဦးဆုံးသော ပေါက်ကွဲ မှုကြီးနှင့် ကြုံတွေ့ ရသည့်ဖြစ်ရပ်အဖြစ် မှတ်တမ်းတင်ရပေတော့မည်။

ထိုနေ့ညက စာရေးသူသည် ခေါင်းရင်းပြတင်း ဟထားပြီး အိပ်ရာက ပြတင်းတံခါးရိုက်ခတ်မှုကြောင့် လန့်နိုး ခဲ့ရသည်။

ထိုစဉ်က မိုးလေဝသ မုန်တိုင်းငယ် သတင်းအရ မိုးကြိုးနီးကပ်စွာ ပစ်မှုကြောင့် ဤသို့ တုန်ဟည်း ရိုက်ခတ်သံ ဖြစ်သည်ဟု ယူဆခဲ့ ပါသည်။

စာရေးသူ နေထိုင်ရာကား မြောက်ဒဂုံမြို့နယ် ၄၀ ရပ်ကွက်ဖြစ်ပါသည်။

နံနက် MRTV-4 သတင်း နားထောင်မိရာက မီးလောင်မှု နှင့် ယှဉ်တွဲဖြစ်ပေါ်လာသော ပေါက်ကွဲမှု တစ်ရပ်ဖြစ်ကြောင်း သိရှိကာ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန ကွပ်ကဲမှုရုံးကို ဖုန်းဆက်မေးမြန်းရတော့သည်။

သတင်း အမှန်ကား သိရှိခွင့်ရလိုက်ပါပြီ။

မီးလောင်ပြင်နေရာကို သွားရောက်ကြည့်ရှုသောအခါ ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာနှင့်အနီးဆုံးလည်းဖြစ်၊ ထွက်ပေါ်လာသည့် မီးခိုးနှင့် အလင်းတို့ကို အစအဆုံး ကိုယ်တိုင်မြင်တွေ့သူလည်းဖြစ် (ထွက်ပေါ်လာသည့် မီးခိုးနှင့် အလင်းသည် လောင်ကျွမ်းသည့် ပစ္စည်းအမျိုး အစားကို ဖော်ထုတ်ရာ၌ အလွန်ပင် တာသွားပါသည်)၊ အနီးကပ် ကြီးကြပ်ကွပ်ကဲသူလည်းဖြစ်ပြီး ကွန်ကရစ်နံရံ အကာအကွယ်ကြောင့် အသက်ဘေးမှ လွတ်မြောက် ခဲ့သူ (ဒဏ်ရာရရှိမှုမကင်းပါ) ပုဂ္ဂိုလ်တစ်ဦးပြောပြချက်ကို မှီးငြမ်း ပြုစုရေးသား ပါတော့မည်။

စာရေးသူသည် မီးသတ်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်စဉ် ဒု-မီးသတ်ဦးစီး ဘဝကပင် (၁၉၉၅ ခုနှစ်ဝန်းကျင် လောက်က ဖြစ်မည် ထင်သည်) မီးသတ် ဦးစီးဌာနက ထုတ်ဝေသော 'စမ်းသီတာ' မဂ္ဂဇင်း၌ 'ဓာတုဗေဒပစ္စည်းများ မီး လောင်ကျွမ်းခြင်း' အမည်ဖြင့် ဆောင်းပါး တစ်ပုဒ် ရေးဖူးပါသည်။

ထိုစဉ်က ဒုတိယ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှုဖြင့် 'မီးလောင်လျှင် ရေနှင့်မငြှိမ်းသတ်ရသည့် ဓာတု ဗေဒပစ္စည်းများ' ခေါင်းစဉ် ဖြင့် ရေးသားပြုစုပြီး မီးသတ်ပညာ ဘာသာရပ် ပြဋ္ဌာန်းတွင် ထည့်သွင်းခဲ့ပါသည်။

ပြောင်းလဲကျင့်သုံးလာသည့် ဈေးကွက် စီးပွားရေးနှင့်အညီ ကုန်ထုတ်လုပ်ငန်းများတွင် ဓာတုဗေဒပစ္စည်းများ လှိုင်လှိုင်ကြီး သုံးစွဲ လာကြမည်ကို ကြိုတင်မျှော်မှန်းသောကြောင့် ဖြစ်သည်။

မိမိသည် မီးသတ်အရာရှိသင်တန်းများတွင် အန္တရာယ်ရှိသော ဓာတုဗေဒ ပစ္စည်းများ (HAZARDOUS CHEMICALS) အတိုကောက် HAZ-CHEM နှင့် အန္တရာယ်ရှိသော ဝတ္ထုပစ္စည်းများ (HAZARDOUS MATERIALS) အတိုကောက် HAZ-MAT တို့ကို ပို့ချခဲ့ပါသည်။

ဤဘာသာရပ်ဖြင့် နိုင်ငံခြား တိုင်းပြည်များသို့ သွားရောက်ထားသည့် ဝန်ထမ်း(အရာရှိ)များလည်း ရှိပါသည်။

သို့ဖြစ်၍ ဓာတုဗေဒမီးလောင်မှုအား ကျွမ်းကျင်စွာထိန်းချုပ်ငြှိမ်းသတ်နိုင်သော စွမ်းရည်မီးသတ်ဦးစီးဌာန တွင်၊ရှိပါသည်။

ရေနှင့်ထိတွေ့ပါက ပြင်းထန်စွာ ပေါက်ကွဲသော ဓာတုဗေဒပစ္စည်းများကို အက္ခရာစဉ်အလိုက် A to Z အထိ NFPA ကို ကိုးကားလျက် ဆွဲထုတ်ယူရာ ၄၅ ခုရှိပြီး အစိုင်အခဲ (Solid)၊ အရည် (Liquid) နှင့် ဓာတ်ငွေ့ (Gas)စသည့် အခြေအနေသုံးမျိုးနှင့် တည်ရှိပါသည်။

ဓာတ်ငွေ့အသွင်တည်ရှိမှုက နည်းပါးပြီး အစိုင်အခဲအသွင် အသင့်အတင့်နှင့် အရည်အသွင် တည်ရှိမှုက များပါသည်။

ယင်းတို့ထဲတွင် ဓာတ်တိုးစွမ်းရည်မြင့်မားသည့် Oxidizer အချို့ ပါဝင်ရာ ရေနှင့် ထိတွေ့ပါက အလွန်ပြင်း ထန်စွာ ပေါက်ကွဲပါသည်။

ဥပမာအားဖြင့် Name; Sodium dichloro -s- Triazinetrione and Dihydrate ၊ အခြားအမည်တူ Synonyms: Sodium Dichloro Cyanurate, Formula; NaCl2 (NCO)3; NaCl2(NCO)3° 2H2O ဖြစ်သည်။

ယင်း၏အသွင်သဏ္ဌာန်ကား white crystalline solid ဖြစ်သည်။ Tri Nitro Toluene (T.N.T) Dynamite (ယမ်းဘီလူး) Formula (C7H5N3O6) သည်ပင်လျှင် ရေနှင့်ထိတွေ့က မပေါက်ကွဲပါ။

ignition source (အစပျိုး အပူ) ရရှိမှသာ ပေါက်ကွဲပါသည်။

မီးစတင်လောင်သော ဂိုဒေါင်အမှတ် (၈၀)အား ငြှိမ်းသတ်စဉ်ကကဲ့သို့ ရိုးရိုး မီးလောင်မှု (Ordinary fire) သို့မဟုတ် (Building fire)ဖြစ်သည့်အားလျော်စွာ ရေကိုအသုံးပြု ငြှိမ်းသတ်လာရာက ဂိုဒေါင်အမှတ်(၇၉)သို့ အရောက်တွင် ရေဖြင့်ပက်လိုက်သည့်အခိုက်၌ ကြီးမားသော တုန်ဟည်းသံနှင့်အတူ ပြင်းထန်စွာ ပေါက်ကွဲ မှုကြီး ဖြစ်ရတော့သည်။

ယင်း ဖြစ်စဉ်နှင့်အတူ လူအထိအခိုက်၊ ပစ္စည်း အထိအခိုက်လည်း ကြီးလှသည်။

မီးသတ်သမားတို့ အသက်ဆုံးရှုံးမှု တစ်နေရာတည်းတွင် အများဆုံးလည်း ဖြစ်ခဲ့ရသည်။

ဒဏ်ရာရရှိမှုကား အထူး မဆိုသာတော့ပါ၊ များလှပါသည်။

ဤနေရာတွင် မိမိ ဤသို့စဉ်းစားမိပါသည်။

အကယ်၍များ မိမိကိုယ်တိုင်၌သာ အနီးကပ်တာဝန်ယူ ကြီးကြပ်ခွင့် ရခဲ့ပါမူ မည်သို့ပင် ကံကောင်းစေလင့် ကစား ဤအဖြစ်ဆိုးမျိုး မလွဲမရှောင်သာ ကြုံရမည်ကား အမှန်ပင်ဖြစ်ပါသည်။

အကြောင်းမူကား ဂိုဒေါင်အမှတ်(၇၉) ၌ ဓာတုဗေဒပစ္စည်းများ (ရေနှင့်ထိတွေ့လျှင် ပေါက်ကွဲသည့် ဓာတု ဗေဒပစ္စည်းများကို ဆိုလို သည်) သိုလှောင်ထားသည်ကို မိမိမသိသောကြောင့် ရေကိုပင် အဓိက မီးငြှိမ်း သတ်ရေးပစ္စည်းအဖြစ် ဆက်လက်သုံးစွဲမည်မှာ အမှန်ဖြစ်သောကြောင့်တည်း။

လောက၌ ပြဿနာဖြစ်လာမှ ဖြေရှင်းနိုင်သည်ထက် ပြဿနာမဖြစ်အောင် ကြိုတင်စီမံ ဆောင်ရွက်ခြင်းသည် အကောင်းဆုံးနှင့် အပြစ်အကင်းဆုံး ဖြစ်သည်။

ဘေးအကင်းဆုံးလည်းဖြစ်သည်။ ပြဿနာဖြစ်ပြီးတိုင်း နောက်က လိုက်ရှင်းရသည့် မြန်မာ့လမ်းရိုးကြီး အတိုင်း သွားရပေတော့မည်။ ဤသည်ကား ဥပဒေကြောင်းအရပင်တည်း။

အထက်တစ်နေရာတွင် ဖော်ပြခဲ့သော အပြစ်မဲ့ပြည်သူများ (မီးသတ်ဝန်ထမ်းများ အပါအဝင်)၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရသောကြောင့်ဖြစ်သည်။

ဤနေရာတွင် ဆုံးရှုံးမှုတန်ဖိုး တွက်ချက်ရာ၌ စာရေးသူ၏အမြင်ကို တင်ပြချင်ပါသေးသည်။

ပကတိမျက်စိဖြင့် မြင်တွေ့နိုင်ပြီး တန်ဖိုးသင့်လို့ရသော အရာများ၏ ဆုံးရှုံးခြင်း (Direct Property Damage) အပေါ် မူတည်၍ ကာလအလိုက် တန်ဖိုးဖြတ်ကြသည်။

ပကတိမျက်စိဖြင့် မမြင်တွေ့နိုင်သည့် စိုးရိမ်သောက ပူဆွေးရခြင်း၊ ဆင်းရဲ နွမ်းပါးသွားခြင်း၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးအဆင့်အတန်း နိမ့်ကျသွားခြင်း၊ မူလအခြေအနေ ရောက်အောင် ကြိုးပမ်း ရုန်းကန်ရခြင်း စသည့် သွယ်ဝိုက်သောဆုံးရှုံးမှု (Indirect Loses) များကား တန်ဖိုးသတ်မှတ်၍ မရနိုင်ပါ။

ပို၍ပင်ကြီးမားလှပါသည်။


Myanmar Times

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection