မြန်မာပြည်မှာ Facebook ၏ တော်လှန်ရေး အသေးစား

မြန်မာပြည်မှာ Facebook ၏ တော်လှန်ရေး အသေးစား

Mark Zuckerberg တည်ထောင်ခဲ့သည့် Facebook ဆိုရှယ်နက်ဝက်ဘ် သုံးစွဲမှုမှာ မြန်မာနိုင်ငံ အတွင်း သုံးစွဲမှု နည်းပါးသေးသော်လည်း ပြုပြင် ပြောင်းလဲမှု အတွက်မှာ တစုံတရာ နေရာယူ နေပြီ ဖြစ်သည်။

အင်တာနက် ချိတ်ဆက်ထားကြတဲ့ အင်တာနက် ကဖေးများ၊ စီးပွားရေး လုပ်ငန်းများ၊ နေအိမ်များတွင် ပြုပြင်ပြောင်းလဲမှုအတွက် နေရာယူနေပြီ ဖြစ်သည်။ ယခုဆိုလျှင် GSM မိုဘိုင်းလ်ဖုန်းတွေကနေ တဆင့် အမြဲတမ်း  အသုံးပြုနိုင်ဖို့ အတွက်လည်း ကြိုးစားနေကြပြီ ဖြစ်သည်။

ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် Facebook သုံးစွဲမှုမှာ တဖြည်းဖြည်းချင်း ကြီးထွားလာနေပြီဖြစ်သည်။ Zuckerberg တည်ထောင်ထားသည့် ဆိုရှယ်နက်ဝက်ဘ်အား ကမ္ဘာ့တဝန်းတွင် သန်း ၅၀၀ ကျော် အသုံးပြုပြီ ဖြစ်ကာ မြန်မာနိုင်ငံ၏ အင်တာနက် သုံးစွဲသူ ဦးရေမှာမူ ယင်းတို့ထဲမှာ ၁ဝဝ ပုံ ၁ ပုံသာ ရှိသည်။

သို့သော် မြန်မာပြည်တွင်း အင်တာနက် သုံးစွဲသူ ငါးသိန်းအနက် ၈၀ ရာခိုင်နှုန်းမှာမူ Facebook ကို သုံးစွဲနေသူများဖြစ်သည်။

“အရင်က G-mail ကို အရင်စစ်ကြတယ်။ ခု Facebook အရင်ဖွင့်တယ်။ အင်တာနက်သုံးတဲ့ လူတွေရဲ့ ၈ဝ ရာခိုင်နှုန်းလောက် ရှိတယ်” ဟု ပြောဆိုခဲ့သူမှာ  ပြည်တွင်းအခြေစိုက် အိုင်တီ ကုမ္ဗဏီတခုမှ ကိုထက်အောင်ဖြစ်သည်။

သူက ဆက်ပြီး “၁၀၀ မှာ ၈၀ ကို ပြောချင်တာ။ ၁၀ ယောက်လောက်က ရုံးတွေက ခွင့်မပြုလို့။ အလုပ်ပျက်တယ်ဆိုပြီး ပိတ်ထားကြလို့လေ။ ကျန်တဲ့လူတွေက မလုပ်တတ်တာနဲ့ မသုံးတတ် တာနဲ့ မသုံးကြတာ” ဟု ဆိုသည်။

အီဂျစ်နိုင်ငံတွင် သမ္မတ မူဘာရက်အား ပြုတ်ကျသွားစေခဲ့သည့် “အာရပ် လူထုလှုပ်ရှားမှု” ကိုင်ရိုမြို့ပေါ်ရှိ လမ်းများ တွင် ဖြစ်ပွားနေချိန်ကလည်း မြန်မာပြည် အင်တာနက် သုံးသူများ အကြား “Just Do It Against Military Dictatorship” ဟူသည့် စည်းရုံး လှုံ့ဆော်မှုများ Facebook အင်တာနက် စာမျက်နှာတွင် ပေါ်ပေါက်ခဲ့သေးသည်။

သို့သော် အာရပ်လူထု လှုပ်ရှားမှုအတွက် Facebook မှတဆင့် စည်းရုံးရာတွင် အာရပ် အင်တာ နက်သုံးသူ စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်း ပါဝင်ခဲ့သော်လည်း မြန်မာနိုင်ငံတွင်မူ ၁ ရာခိုင် နှုန်းသာ ပါဝင်ခဲ့သည်။

“ဆက်သွယ်ရေးမှာ တိုးတက်မှုကြီး အိုင်တီတော်လှန်ရေးကြီးလည်း မြန်မာပြည်ရောက် လာတာကို တွေ့ရပါတယ်။ တခြားနိုင်ငံတွေနဲ့ စာရင် ရှေ့တန်းရောက်၊ မရောက် မပြောနိုင်ပေမယ့် ဒီဆက်သွယ်ရေး တော်လှန်ရေးကြီးက အတိုင်းအတာတခုအထိ  မြန်မာနိုင်ငံကို ရောက်လာခဲ့တာ သေချာပါတယ်” ဟု လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မဇ္စျိမနှင့် တွေ့ဆုံ မေးမြန်းခန်း တွင် ပြောဆိုခဲ့သည်။

လူထုခေါင်းဆောင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ကွန်ယက်များ ဖွဲ့စည်း ခဲ့သည့် အပြင် National League for Democracy အမည်ဖြင့် Facebook ပေါ်မှလည်း  ပါတီလှုပ်ရှားမှု သတင်းများကို ဖြန့်ဝေခဲ့သည်။

ဆိုရှယ်နက်ဝက်ဘ်များကို သတင်း အချက်အလက်များ ဖြန့်ဝေခြင်း၊ အဖွဲ့အစည်းများ၏ လှုပ်ရှား မှုများအား အသိပေးခြင်း၊ မိတ်ဆွေများနှင့် တွေ့ဆုံခြင်း အပြင် စီးပွားရေး လုပ်ငန်းများအတွက် ကိုယ်ပိုင် စာမျက်နှာ ဖွင့်၍  အခမဲ့ ကြေညာနိုင်ခြင်း၊ နည်းပညာများ ဖလှယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် သုံးစွဲနေကြခြင်း ဖြစ်သည်။

ပြည်တွင်းပြည်ပ မီဒီယာများ ကိုယ်တိုင် Facebook အသုံးပြု၍ သတင်းများ ဖြန့်ဝေနေရခြင်းမှာ သက်သေ သာဓက တခု ဖြစ်သည်။ ပြည်တွင်း၌ ပြည်ပမီဒီယာများ၏ အင်တာနက် ဝက်ဘ်ဆိုက် များကို ဝင်ရောက် မကြည့်ရှုနိုင်ရန် ပိတ်ပင်ထားသည့် အပြင် အများသုံး အင်တာနက်ဆိုင်များ တွင်လည်း ဝင်ရောက် မကြည့်ရှုရန် ဥပဒေဖြင့် တားမြစ် ထားသည်။

ကိုထက်အောင်က “ဂျီတော့စတေ့တပ် Massage တခုတောင် ရှိတယ်လေ။ “ကျမရုပ်ကို ပြစရာ မလို၊ ဖေ့ဘွတ် မှာသာ ကြည့်ပါ အကို” ဆိုတာလေ။ ဓါတ်ပုံတင်စရာ မလိုတော့ဘူးလေ ဂျီတော့မှာ” ဟူ၍ Facebook အသုံးများမှု နှင့် ပတ်သက်၍ ပြောပြသည်။

“Facebook က ဒီက အင်တာနက်သုံးတဲ့ လူတိုင်းလိုလို သုံးကြတော့ တော်တော် အသုံးဝင် တယ်ဗျ။ Donation အဖွဲ့ ဖွဲ့တာတွေ၊ သစ်ပင်တူတူ စိုက်ကြတာတွေ။ နောက် Tour Company တွေက ကြော်ငြာတာတွေ အထိပဲဗျ။ ပါတီမဲဆွယ်တာတွေ အထိဗျာ” ဟု ကိုထက်အောင်ကပင် ဆိုသည်။

ယင်းအဆိုကို ထောက်ခံခဲ့သူမှာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင် မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီမှ ဖြစ်သည်။

“အင်တာနက် မရှိရင် ကျနော်တို့ ပါတီ မထောင်ဘူးဗျ။ ပါတီမှာ သူဌေးဆိုတာ တယောက်မှ မပါဘူး။ ရန်ပုံငွေ ရှိတဲ့သူ မပါဘူး။ ဥပမာ ဆိုလိုတာက ပါတီရဲ့ တည်ထောင်သူတွေပေါ့။ ပါတီ တည်ထောင်သူတွေက ငမွဲတွေ ချည်းပဲ” ဟု ပါတီဥက္ကဋ္ဌ ကိုနေမျိုးဝေက ပြောဆိုခဲ့သည်။ သူသည် ပါတီ၏ သဘောထားနှင့် ထုတ်ပြန်ချက်များ ကို Facebook အသုံးပြု၍ ဖြန့်ဝေနေသူလည်း ဖြစ်သည်။

Facebook မှာ ပြည်တွင်း၌ Proxy ခံစရာ မလိုပဲ ဝင်ရောက်နိုင်ခြင်းကြောင့်လည်း လူသုံးများ ခြင်း ဖြစ်ကာ အင်တာနက် အွန်လိုင်းဂိမ်းများ ဖြစ်သည့် Farm Villa, City Villa ကဲ့သို့သော စိုက်ပျိုးရေး ဂိမ်းများ၊  မာဖီးယားနှင့် Empire and Allies ကဲ့သို့သော စစ်ပွဲဂိမ်းများ ထည့်သွင်း ထားခြင်းကြောင့်လည်း အသုံးများကြသည်။

“Game က အိမ်နဲ့ ဝေးနေတဲ့ သူတစ်ယောက် အတွက်တော့ ကိုယ့် lonely ဖြစ်တာကို သူကနေ တဆင့် မေ့အောင် လုပ်နိုင်တယ်ဗျာ။ ကျမက Facebook ကို အိပ်ယာက နိုးကတည်းက၊ စက်ဖွင့်ကတည်းကဝင်ထားတာ။ မျက်စေ့ပိတ်မှ ထွက်တာ” ဟု ထိုင်းနိုင်ငံ၌ ဘွဲ့လွန်တက်နေ သည့် မစိမ့်က ဆိုသည်။

အိုင်တီ လုံခြုံရေးဆိုင်ရာ ဘာသာဖြင့် ဘွဲ့လွန်တက်နေသူ ကိုမောင်မောင်ကလည်း “ ဆိုရှယ်နက် ဝက်ဘ်တွေက သုံးစွဲသူတွေကို လွယ်ကူအောင် ကြိုးစားပေးနေတာရယ်။ သုံးစွဲသူတွေရဲ့ အသုံးချ နိုင်တဲ့ အရင်းအမြစ်တွေ လွယ်ကူလာနေတာက အချိန်နဲ့ တပြေးညီနေတယ်လို့ ဆိုနိုင်တာပါ” ဟု မြန်မာနိုင်ငံလို နေရာမျိုးမှာတော့ ဖေ့ဘုတ်တခုပဲ လွယ်လွယ်ကူကူ သွားလာနေနိုင်လို့သာ” ဟု ရှုမြင်သည်။

မြန်မာနိုင်ငံတွင် Facebook အပြင် Twitter, Friend Finder, Netlog အပြင် Google မှ မကြာသေးခင်က ပြုလုပ် လိုက်သည့် Google + နှင့် Person.com ကဲ့သို့သော ဆိုရှယ် နက်ဝက်ဘ်များလည်း  အသုံးပြုကြသည်။

မစိမ့်က “ဒီမိုကရေစီဘက်တော်သားနဲ့ အစိုးရ ဘက်တော်သားတွေရဲ့ အားပြိုင်မှု၊ နောက် ဘယ်ဘက်ကမှ မဟုတ်တဲ့ သူတွေရဲ့ အားပြိုင်မှု။ အဲဒါ ကျမ သဘောကျတယ်။ သတင်းမှန်သမျှ သိရတယ် အတင်းရောပဲ။
နောက် ကိုယ့်ပြည်တွင်းရေးကော ပြည်ပအရေးကော မျက်ခြေမပြတ်ဘူးဗျ။ အဲဒီကနေလည်း လူတွေရဲ့ အမြင်အမျိုးမျိုးကို လေ့လာနိုင်တယ်” ဟု သူ၏ အမြင်ကို ပြောပြသည်။

သို့သော် ယခုကဲ့သို့ ဆိုရှယ်နက်ဝက်ဘ်များ သုံးခြင်းကြောင့် အကျိုးကျေးဇူးများ ရှိသကဲ့သို့ ဆိုးကျိုးများလည်း ရှိနေသည်။ ဆိုရှယ်နက်ဝက်ဘ် သဘောတရား နိုင်ငံပေါင်းစုံ၊ လူပေါင်းစုံမှ ဝင်ရောက် အသုံးပြုသည့် အတွက် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်နေသည်။

“ကိုယ့် friend list ထဲက လူတိုင်းက ကိုယ်ကော သူကော အွန်လိုင်း ဝင်နေရင် စကားပြောလို့ ရနေတာကိုး။ အဲဒီကနေ စကြောင်တာပဲ။ တချို့ဆို စကားတခွန်းလောက် ပြန်ပြောလိုက်တာနဲ့ကို လင့်တွေ ဘာတွေ ပို့လိုက် ကော။ sex link တွေ။ ဒါကြောင့် ချက်ကို လုံးဝမဝင်တော့ပဲ ပိတ်ထားလိုက်တာ” ဟု သူမ၏ အတွေ့အကြုံကို ရှင်းပြသည်။

ယခုကဲ့သို့ တွေ့ကြုံမှုမှာ အမျိုးသမီးများတွင်သာ မဟုတ်၊ အမျိုးသားများတွင်ပင်လျှင် တွေ့ကြုံနေ ရသည်ဟု ကိုယ်တိုင် တွေ့ကြုံခဲ့ဖူးသူ အင်တာနက် ဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

ယင်းအပြင် သတင်းအမှားများ ရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက် ရေးသားခြင်းများ အပြင် ဒီမိုကရေစီ လိုလား သူများအား တန်ပြန် ထိုးနှက် တိုက်ခိုက်ရေးသားခြင်းများ ရှိနေသည်။

ဥပမာအားဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး ထိခိုက်ရေးသားခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများ ဆန္ဒပြမည်နှင့် ထိုသူများမှာ နိုင်ငံတကာ ထောက်ပံ့ ငွေဖြင့် ကြွယ်ဝ နေသူများအဖြစ် သတင်းအမှားများ ရေးသား ဖြန့်ဝေကြခြင်းတို့ ဖြစ်သည်။

ယင်းကဲ့သို့ ရေးသားသူများမှာ မိမိအမည်ရင်း၊ ကိုယ်ရေး အချက်အလက် တင်ထားသူများလည်း မဟုတ်ကြ သည့်အပြင် စစ်အစိုးရ၏ မီဒီယာကို မီဒီယာဖြင့် တန်ပြန်မည်ဟူသည့် မူဝါဒအရ လုပ်ကိုင်နေသူ များဟုလည်း ယူဆရသည်။

ယင်းအပြင့် Facebook ပေါ်ရှိ အွန်လိုင်းဂိမ်းများကြောင့် လုပ်ငန်းလစ်ဟင်းမှုကြောင့် အချို့သော လုပ်ငန်းများတွင် Facebook မသုံးစွဲနိုင်ရန် ပိတ်ပင်မှုများ ရှိသည်ဟု သိရသည်။

ဆိုရှယ်နက်ဝက်ဘ်ကို တနေကုန် ဖွင့်ထားလေ့ရှိသည့် မိစိမ့်ကတော့  “အကုန်လုံးကို only friend ပဲပေးထားတယ်။ တခု၊ နှစ်ခုပဲ friends of friends ပေးထားတယ်။ ဒါပေမဲ့ ဒါကလဲ safe မဖြစ်ပါဘူး။ ဘာလို့ဆိုတော့ ကိုယ့် list ထဲကသူအားလုံး ကိုယ်မှ မသိတာ။ တကယ် ကတော့ ကိုယ်သေသေချာချာ သိတဲ့သူလောက်သာ ဖွင့်ပေးထားတာ အကောင်းဆုံး။ ဒါပေမဲ့ ဒီလိုလုပ် ရင်လည်း social network နဲ့ မတူတော့သလိုပဲ” ဟု မိမိအနေဖြင့် ကာကွယ်နိုင် သလောက် ကာကွယ်ထားကြောင်းကို မစိမ့်က ပြောပြသည်။

ကိုမောင်မောင်ကမူ “အဓိက တရားခံဟာ နိုင်ငံတခုရဲ့ ပညာရေးဖွံ့ဖြိုးမှုပေါ် မူတည်တယ်လို့ ထင်ပါတယ်။ နောက် မျိုးတူရာ၊ အမြင်တူရာ စုတတ်တဲ့ လူ့သဘောအရ မကောင်းတဲ့နေရာမှာ ပိုပြီးစိတ်ဝင်စားတာ မဆန်းဘူး လို့ မြင်မိပါတယ်။ ပညာရေးစနစ်၊ လူနေမှုစနစ်သာ အတိုင်းအတာတခုထိ ဖွံ့ဖြိုးလာရင် အလိုလို လျော့နည်းသွား မှာပါ” ဟု ရှုမြင်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၂ဝ၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှစ၍ GSM ဖုန်းများတွင် အင်တာနက် သုံးစွဲနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည့်အတွက် လျှောက်ထားသူ တသိန်းခန့် ရှိသည်ဟု သိရသည်။

မည်သို့ပင်ဆိုစေကာမူ Zuckerberg တည်ထောင်ထားတဲ့ Facebook ကတော့ တတိုင်းပြည်လုံး ရှိနေသည့် လူဦးရေ သန်း ၆ဝ နှင့်ယှဉ်ပါက နည်းပါးနေသေးသည်ဟု စောဒကတက်ဖွယ် ရှိနေသည်။

( Tun Tun ၏ Facebook’s mini-revolution in Burmaကို ဆီလျော်အောင်ပြန်ဆိုပါသည်။)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection