၂၀၁၁ MNL အမှတ်ပေးပြိုင်ပွဲတွင် ဂိုးသွင်းဘုရင်ဆုရရှိရန် မျှော်မှန်းထားကြောင်း ပြည့်ဖြိုးဦး ဆို
နေပြည်တော် FC ၏ တိုက်စစ်မှူးဖြစ်သူ ပြည့်ဖြိုးဦးက လာမည့် ၂၀၁၁ MNL အမှတ်ပေးပြိုင်ပွဲတွင် အသင်းအတွက် အဓိကကျသောဂိုးများသွင်းယူရန်နှင့် ဂိုးသွင်းဘုရင်ဆုရရှိရန် မျှော်မှန်းထားကြောင်း ပြော ကြားခဲ့သည်။
မကွေး FC ကစားသမားဟောင်း ပြည့်ဖြိုးဦးက " ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော့် အနေနဲ့ မျှော်မှန်းသလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒဏ်ရာပြဿနာရှိနေလို့ ပုံမှန်ခြေစွမ်းမရရှိခဲ့တာပါ။ လာမယ့်ပြိုင်ပွဲမှာတော့ အသင်း အောင်မြင်မှုရဖို့ အစွမ်းကုန် ကြိုးစားမှာဖြစ်ပြီး ဂိုးသွင်းဘုရင်ဆုရရှိတဲ့အထိ အသင်းအတွက် ဂိုးတွေသွင်း နိုင်ဖို့ မျှော်မှန်းထားပါတယ် " ဟု ပြောကြားခဲ့သည်။
ပြည့်ဖြိုးဦးသည် MNL ပြိုင်ပွဲ အစတွင် မကွေး FC ၌ ပါ၀င်ကစားခဲ့ပြီး ၂၀၁၀ MNL ပြိုင်ပွဲ ဒုတိယ အကျော့၌ နေပြည်တော် FC သို့ ပြောင်းရွှေ့ ရောက်ရှိလာသည်။ နေပြည်တော် FC သည် ၂၀၁၁ MNL ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန်အတွက် တိုက်စစ်ပိုင်းကို အားဖြည့်ပြင်ဆင်လျက်ရှိရာ KBZ FC တိုက်စစ်မှူး စထက်နိုင်၀င်းနှင့် ဇေယျာရွှေမြေမှ စည်သူသန်းတို့ကို ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။