သတင်းမီဒီယာအလုပ်ကို ကုသိုလ်အလုပ်အဖြစ် မှတ်ယူရန် အရှင်ဆန္ဒာဓိက မိန့်ကြား
သတင်းမီဒီယာအလုပ်တွေကို လုပ်ကိုင်နေကြတဲ့ သတင်းထောက်တွေ၊ အယ်ဒီတာတွေ အပါအ၀င် ဒီလုပ်ငန်း တွေကို လည်ပတ်နိုင်အောင် ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်အားလုံးအနေနဲ့ ဒီအလုပ်တွေကို လုပ်ကိုင်နေရ တာတွေကို ကုသိုလ်အဖြစ် မှတ်ယူကြဖို့ ဆရာတော်အရှင်ဆန္ဒာဓိက က မိန့်ကြားလိုက် ပါတယ်။ ဆရာတော် အရှင်ဆန္ဒာဓိကဒီလ ၅ ရက်နေ့ ညနေပိုင်း ပုဂံကိုတရားဟောဖို့ ကြွချီရောက်ရှိတော်မူနေတဲ့ ဆရာတော ်အရှင်ဆန္ဒာဓိကက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘုရားဖူးခရီးစဉ်မှာ လိုက်ပါ သတင်းယူနေတဲ့ သတင်း ထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို မိန့်ကြားလိုက်တာ ဖြစ်ပါတယ်။
ဆရာတော်ကို ဖူးမျှော်ပြီး တရားနာယူခွင့်ရခဲ့တဲ့ သတင်းထောက်တဦးက အခုလို ပြောပြပါ တယ်။ “ညဘက် တရားပွဲရှိတော့ တရားဟောတယ်။ တရားဟောပြီး ပြန်လည်း ပြန်လာရော သွားတွေ့တယ် ဆရာတော်နဲ့။ ထိုင်ပြီး ဦးလည်း ချရော ဆရာတော်ကို အရှင်ဘုရား တပည့်တော်တို့ သတင်းထောက်တွေပါ ဘုရားဆိုတော့ အော် အေးတဲ့။ ဘယ်ကလဲ၊ ဘယ်ဂျာနယ်ကလဲတဲ့။ သတင်းထောက်တွေပါဆိုပြီး မိတ်ဆက်တော့ သတင်းထောက်ဆိုတာတဲ့ ကုသိုလ် ဖြစ်တယ်လို့ မှတ်တဲ့ စိတ်ထဲကတဲ့။ ဆရာတော်အရှင်ဆန္ဒာဓိက အဲဒါ သတင်းထောက်လုပ်တာ ကုသိုလ်ရတယ်လို့ မှတ်တဲ့။ ကိုယ်လုပ်သမျှ အလုပ်တိုင်းဟာ ကုသိုလ် ရနေတယ်လို မှတ်တဲ့။ ကိုယ့်ကြောင့် လူတွေ သတင်းထူး သတင်းဦးလေးတွေ သိကြပါစေဆိုတဲ့ စိတ်ကူးနဲ့လုပ်တဲ့ ကုသိုလ်ရတယ်တဲ့။ ဘုန်းကြီးဆိုရင်တဲ့ ဂျာနယ် ဖတ်တိုင်း ဖတ်တိုင်း၊ သတင်းတွေ ဖတ်တိုင်းဖတ်တိုင်း အမြဲတမ်း မေတ္တာပို့ပေးတယ်။ သတင်းထောက်တွေ၊ အယ်ဒီတာတွေ သူတို့ ကြိုးကြိုး စားစား လုပ်ပြီးတော့မှ အချိန်မီ ထွက်နိုင်အောင် လုပ်တဲ့အတွက်ကြောင့် ဖတ်ရတာပေါ့နော်၊ သူတို့တွေ လုပ်ထားပြီးတာကို ငါတို့ အဆင်သင့်လေး ခူးခပ်စားရုံပဲပေါ့နော်။ ဖတ်ရတာ အမြဲတမ်း မေတ္တာပို့ ပါတယ်တဲ့။”အဲဒီနေ့ကပဲ ဆရာတော် အရှင်ဆန္ဒာဓိကကို မိသားစု ပုဂံဘုရားဖူးအဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဖူးမျှော်ခဲ့ပြီး အပြန်အလှန် လျှောက်ထား မိန့်ကြားထားတဲ့ အကြောင်းအရာ တွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။သက်တော် ၄၄ နှစ်ရှိပြီဖြစ်တဲ့ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကကို ၁၉၆၈ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်နေ့မှာ ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက်နေ ခမည်းတော် ဦးစိန်၀င်း၊ မယ်တော် ဒေါ်သိန်းသိန်းတို့မှာ ဖွားမြင်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာတော့ ခြောက်ဘာသာဂုဏ်ထူးနဲ့ ရေနံချောင်းမြို့ အထက ၁ ကနေ ဆယ်တန်း အောင်မြင်ခဲ့ပြီး မြန်မာတနိုင်ငံလုံးမှာ ဒုတိယအမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့ပါတယ်။
အဲ့ဒီနှစ်မှာပဲ ဆရာတော်ဟာ သာသနာ့ဘောင်ကို ၀င်ရောက်ခဲ့ပြီး အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်မှာ ပရိယတ္တိစာပေတွေကို လေ့လာဆည်းပူးခဲ့ပါတယ်။၁၉၉၂ ခုနှစ်မှာ ပထမကျော်ဘွဲ့နဲ့ ၁၉၉၅ ခုနှစ်မှာ ဓမ္မာစရိယဘွဲ့တွေကို ရရှိခဲ့ပါတယ်။ ဆရာတော်ရဲ့ လူငယ်ပြုစုပျိုးထောင်ရေး တရားတော်တွေနဲ့အတူ ပရိယတ္တိ၊ ပရိပတ္တိတရားတော်တွေက ဗုဒ္ဓဘာသာ၀င် မြန်မာပြည်သူတွေအပေါ် အထူးလွှမ်းမိုးမှု ရှိလှပါတယ်။


