အာဇာနည်နေ့ ဒို့မမေ့
ကျနော်တို့ ငယ်ငယ်က ကြုံဆုံခဲ့ရတဲ့ အာဇာနည်နေ့ ကို အထူးသတိရတယ်။ အာဇာနည်နေ့ အခန်းအနား က ကျနော်အတွက် နစ်ခုရှိခဲ့လိုပဲ။ တခုက ကျောင်းမှာ တခုက အိမ်မှာ။

ဒီဟောပြောပွဲတွေထဲမှာ မြန်မာစာသင်တဲ့ ဆရာကြီး ဦးစောမောင်ရဲ့ ဟောပြောချက်ကို ကျနော်တို့ ကြိုက်ကြ တယ်။ ဆရာကြီးက အသားဖြုူဖြူ၊ လူကောင်သေးသေး၊ခေါင်းတွေဖြူနေပြီ။ သူအတန်းထဲကိုလာရင် ရေနွေးအိုးကြီး ကို လက်က ဆွဲလာတာကိုမှတ်မိတယ်။
သူကကျနော်တို့ ၅ တန်းကျောင်းသားတွေကို မြန်မာ သဒ္ဒါကိုသင်ပါတယ်။ သူရင်ဘတ်ပေါ်မှာချိတ်ထားတဲ့ မော်ခွန်း၀င် တံဆိပ်ကိုလည်း ကျနော်တို့ သိချင်တယ်။ ကျနော်တို့၀ိုင်းအုံကြည့်ကြတယ်။ သူက တံဆိပ် အကြောင်းကို ရှင်းပြတယ်။
သူက ဘီအိုင်အေတပ်မှာပါခဲ့တယ်။ သူက ဗိုလ်ချုပ်အောင်ဆန်းကိုအချုပ်ထဲမှာ တောင်ထည့်ခဲ့သူ လို့ ဆိုပါ တယ်။ သူ စစ်သားလေးဘ၀နဲ့ ကင်းကြနေတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်က အကြောင်းမကြားပဲနဲ့ ၀င်ချလာ တယ်။ သူက ဗိုလ်ချုပ်ကို မမြင်ဘူးဘူး။ သူ့ကိုအထက်ကအမိန့် ပေးထားတာက အချိန်မတော်၀င်လာ တဲ့သူဆိုရင် ဖမ်းချုပ်ထားရမယ်။ ဒီတော့ ညကြီးတကောင်ဆိုင်းမဆင့်ဗုံမဆင့်၀င်လာတဲ့ဗိုလ်ချုပ်ကို သူက မင်္သကာတဲ့အတွက် အချုပ်ထဲဖမ်းထည့်ထားလိုက်တယ်။ သူက ဗိုလ်ချုပ်အောင်ဆန်းပုံကိုကြည့်ပြီး ဂျပန်လို့ ပဲထင်နေသတဲ့ ဒါနဲ့ နောက်မှာ ဗိုလ်ချုပ်မှန်းသိတယ်။ ဗိုလ်ချုပ်က သူကိုစိတ်မဆိုးဘူး။ စစ်စည်းကမ်းနဲ့ အမိန့်ကို နာခံတဲ့အတွက် အလွန် သဘောကြသွားသတဲ့။ သူ့ကို ဗိုလ်ချုပ်က စာလေးတစောင်ရေးပေးခဲ့တယ်။ ဒီစာ လေးကို ကျနော်တို့ကို သူက မကြာခနထုတ်ပြပါတယ်။ ဟောင်နွမ်းနေတဲ့စာ လေးပါ။ တပ်သားလေး မောင်စောမောင် တာ၀န်ကြေပြွန်စွာထမ်းဆောင်မှုကို ဗိုလ်ချုပ်က ချီးကြူးထားတဲ့စာ။
ဒီစာလေးမှာ ဗိုလ်ချုပ်အောင်ဆန်း၀ိညဉ် ကိန်း၀ပ်နေတယ်။ သူဟောပြောပွဲ မှာဗိုလ်ချုပ်အောင်ဆန်း အကြောင်းပြောရင် သူ မျက်ရည်လည်နေတယ်။ ၁၉ ရက်နေ့ မှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတယ်ဆိုတဲ့ သတင်းကို သူကြားလိုက်တဲ့ အပိုင်းကို ရောက်တဲ့အခါမှာတော့ သူအသံတွေတိမ်၀င်သွားတယ်။ ဟောခန်း တခုလုံး တိတ်သွားတယ်။ အာဇာနည်နေ့ ရောက်ပြီ ဆိုရင်တော့ မနက်ကိုးနာရီမှာ ဥသြစွဲပါတယ်။ အိမ်တွေက ရေဒီယိုတွေကို ကျယ်ကျယ်ဖွင့်လိုက်ကြတယ်။ ၀ါခေါင်မိုးသား တိမ်သားကို ဖေါက်ပြီး လေးတွဲတွဲ ဥသြသံက ရပ်ကွက်အတွင်းမှာပြန့်နှံသွားတယ်။ အတိတ်ကိုသယ်ဆောင် လာတဲ့ အသံ၊ ဆွေးမြေ့စရာကောင်းတဲ့ အသံ၊ ဒီအသံထဲမှာ မမြင်ရတဲ့ နိုးကြားမှု၊ သတိ၀ိရယနဲ့ တာ၀န်သိမှုတွေကို နှလုံးသား ရဲ့အနက်ရှိုင်း ဆုံးနေရာ၊ ဒီနေရာမှာ နူးညံစွာနားခို၊ အလွန်ဆော့တဲ့ ကျနော်တို့ ငြိမ်သက်နေကြတယ်။
အာဇာနည်နေ့ ညများ

ကျနော်တို့ အသည်းနှလုံးထဲမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူး တရားကို အောင်းမေ့တသ ဖြစ်စေခဲ့ကြတယ်။ မောင်းလာတဲ့ကားတွေကလည်း ဟွန်းတီးတယ်။ ရပ်ကြတယ်။ ကျနော်တို့ အပြင်မှာ ရောက်နေချိန် ဆိုရင် လမ်းလျောက်လာရင်ရပ် လိုက်ကြတယ်။ သူတို့ ရဲ့ စွန့်လွတ်မှုတွေ အားလုံးအတွက် ကျနော်တို့ လွတ်လပ်ရေးအတွက် ကျနော်တို့ ခြေစုံရပ်ပြီး ကြည်ညိုစွာ ဦးညွတ်ခဲ့ကြ။ ဘယ်သူကမှာ ဒီလိုလုပ်ကြလို့ မတိုက်တွန်းခဲ့ကြရပါဘူး။
မိန့်ခွန်းက ညနေ ၇နာရီလောက်မှာတော့ ရေဒီယိုကနေ ဗိုလ်ချုပ်အောင်ဆန်းမိန် ့ခွန်းလာပါတယ်။ ကျနော် ငယ်ငယ် က အာဇာနည်နေ့ရောက်တိုင်း မိသားစု ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကို ၀ိုင်းဖွဲ့ နားထောင် ခဲ့ကြ တယ်။ သူမိန့်ခွန်းက အလွန်အားရစရာကောင်းတယ်၊ မျှော်လင့်ချက်တွေ ရှိတယ်။
ရိုးသားမှုတွေ အပြည့်နဲ့ လူတိုင်းကို ယုံကြည်မှုတွေ ပေးခဲ့တဲ့အသံ ကိုကျနော်တို့ စိတ်၀င်တစား နားထောင် နေခဲ့ကြတာကို မှတ်မိတယ်။ အသက်ရှင်နေသလိုခံစားနေကြတယ်။
အာဇာနည်နေ့ ဟာ ကျနော် တို့ မိသားစု အတွက် အမှတ်တရဖြစ်စရာရှိတယ်။ အထူးသဖြင့် ကျနော် ့မိဘ နစ်ပါးအတွက် သတိရစရာတွေရှိတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြခံရတော့ ကြွင်းရစ်တဲ့ ရုပ်ကလပ်တွေကို ရန်ကုန်မြို့ရွှေတိဂုံ ဘုရားလမ်းအနီး ဂျူဘလီဟော နားမှာထားတယ်။ သူက ဘီအိုင်အေ တပ်မှာ တပ်ကြပ်ဖြစ်နေပြီ။ သူက အာဇာနည်တွေ အလောင်းပြင်ထားတဲ့အခန်းနားကို စောင့်ရတဲ့စစ်သား။ အသက် ၂၄ နစ်ရှိပြီလို့ဆိုတယ်။ အာဇာနည်ကြီးတွေကို လူထုက နောက်ဆုံးဂါရ၀ပြပွဲ ကို တပတ်လောက် လုပ်တယ်။ အမေတို့အိမ်က ရွှေတိဂုံဘုရားလမ်း ပေါ်မှာဆိုတော့ အိမ်က ဂျဗလီဟောနဲ့ နီးတယ်လို့ ပြောတယ်။ အမေက ညနေတိုင်းသူမိသားစုနဲ့ အတူ အာဇာနည်တွေကိုလာပြီးအလေးပြုတယ်။ ဒီမှာတင် အဖေနဲ ့အမေ ဖူးစာဆုံ တော့တယ်။ အာဇာနည်ကြီးတွေဈာပနပြီး မကြာခင်မှာ အဖေနဲ့ အမေ အိမ်ထောင်ပြုလိုက်ကြတယ်။ ကျနော်အထက်မှာ အကြီး သုံးရောက် ကိုမွေးပြီး ကျနော်ကို တော့ ၁၉၆၂ ဇွန်လ ၃၀ မှာမွေးတယ်။
အာဇာနည်နေ့ မှာ အဖိုးက အမှတ်တရပြန်ပြောလေ့ရှိတာကတော့ အာဇာနည်ကြီးတွေ အလောင်းတွေကို ဂျူဗလီဟောရှေ့ ကသယ်ထုတ်လာတဲ့အချိန်မှာ အဖိုး ခြံထဲက တရုပ်ဇီးသီးပင်ကြီးပြိုကျသတဲ့။ လမ်းပိတ်သွား တဲ့ အတွက် အဖိုးတို့ မိသားစုတွေကမန်းကတန်း ခုတ်ထွင်ရှင်းလင်းခဲ့ကြတာကို အဖိုးကပြန်ပြောလေ့ရှိတယ်။ အမေ ကတော့ ဗိုလ်ချုပ်တရားပွဲ တွေကို နားထောင်ဘူးတယ်။ သူက ဗိုလ်ချုပ်က ကာကီဘောင်းဘီအတို ၀တ်ထားတယ်။ တကိုယ်လုံးလှုပ်ရှားပြီး စကားပြောတယ်။ လူတွေကို ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်လေ့ရှိသတဲ့။ လူကြီးတွေရဲ ့ဗိုလ်ချုပ်အပေါ် မှာ အမှတ်ရစရာတွေနဲ့ ပြန်ပြောကြ တယ်။ မရိုးနိင်တဲ့ ဒီဇတ်လမ်းကို လူကြီးတွေက နစ်စဉ်ပြောပြတယ်။ ကျနော်တို့ မိသားစုတခုလုံး တက်ကြွနေ ကြတယ်။ ဒါက ကျနော်တို့ မိသားစုရဲ ့ အာဇာနည်နေ့ အခန်းအနား ဖြစ်နေခဲ့ရတယ်။
ဗိုလ်ချုပ်မိန့်ခွန်း ဆုံးသွားတဲ့အခါမှာ အာဇာနည်ကြီးတွေအတွက် ဂုဏ်ပြုထားတဲ့ မေလှမြိုင်သီချင်း သံက ကျနော်တို့ မိသားစုကို အတိတ်က နေ ပစ္စုပန် ကိုပြန်ရောက်စေခဲ့တယ်။ ဗိုလ်ချုပ်တို့ မရှိတော့ပါလားလို့ အဖေ တွေးကောင်းတွေးနေမယ်။ ကျနော်တို့ မိသားစုအိပ်ရာ၀င်တော့မယ်။ အမေက အိမ်တခါးတွေကို လိုက်လံ ပိတ်ရင်း ဗိုလ်ချုပ်ကို တွေ့လိုက်ရင် အမြဲတမ်း ကာကာရောင်ဘောင်းဘီတိုနဲ့ ပဲ။ ပြုံးပြုံးနဲ့ လို့ အမေက ပြန်ပြောလေ့ရှိတယ်။ ကျနော်ငယ်စဉ်ဘ၀တလျောက်လုံးမှာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို အကြိမ် ကြိမ် ပြောပြခဲ့ပေမဲ့ နားထောင်လို့ မရိုးခဲ့ပါဘူး။
အာကာသကောင်းကင်ဟာဇူလိုင်မိုးသားတွေ နဲ့ သိုင်းခြုံ နေတယ်။ ကျနော်တို့ မိသားစု လွမ်းဆွတ်ကြေကွဲမှုနဲ့ အတူ ယုံကြည်မှုကို ပေးခဲ့တဲ့ ဇူလိုင်၁၉ ရက်ညတွေကို ကျနော် အောင်းမေ့သတိရ နေ။