ဟိုတယ် အတွက်သိမ်းယူသည့် ကိုင်းခြံမြေများ ပြန်ရရန် တိုင်ကြား
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ခေါင်တိုင်ရွာမှ ကိုင်းခြံမြေများ အသိမ်းခံခဲ့ရသည့် ရွာသားများက ၎င်းတို့ ကိုင်းမြေများ ပြန်လည်ရရှိရန် သက်ဆိုင်ရာ အာဏာပိုင်များထံ တိုင်ကြားကြောင်း သိရသည်။
ခေါင်တိုင်ရွာသား ၅၀ ခန့်ထံမှ ဟူပင် ဟိုတယ်က၂၀၀၇ ခုနှစ်တွင် ကိုင်းခြံမြေဧက ၁၈ ဧကခန့်ကို သိမ်းဆည်းခဲ့ခြင်းနှင့်ပတ်သက်ပြီး မြေပိုင်ရှင် ခေါင်တိုင်ရွာသား ၁၄ ဦး လက်မှတ်ထိုးကာ မေလ ၁၇ ရက်က ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ တိုင်ခဲ့ခြင်းဖြစ် သည်ဟု ယင်း အမှုအား လိုက်လံ ဆောင်ရွက်ပေးနေသူ ကိုချစ်ဦးမောင် ဆိုသူက ပြောသည်။

ထိုတိုင်ကြားစာကို ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်နယ် ၀န်ကြီးချုပ်၊ အင်း တိုင်းရင်းသားရေးရာ ၀န်ကြီး၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) စသည်တို့ အပြင် စုစုပေါင်း ၁၈ ဌာသို့ မိတ္တူ ပေးပို့ထား သည်ဟုလည်း ၎င်းက ဆိုသည်။ ပြည်နယ် အာဏာပိုင်များထံ သွားရောက် တိုင်တန်းသည့် နေ့တွင် အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ဦးဆောင် တိုင် တန်းသူတချို့နှင့် လိုက်လံ ဆောင်ရွက်ပေးနေ သူများအား လက်ခံတွေ့ဆုံခဲ့သည်ဟု သိရသည်။ “အင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က ကျနော်တို့ကို တွေ့ခွင့်ပေးတယ်။
အင်းလေးကန်အတွင်း ဟူပင်ဟိုတယ်က ဆောက်လုပ် ထားသည့် တည်းခို နားနေဆောင် ဘန်ဂလိုများကို တွေ့ရစဉ် (ဓာတ်ပုံ - tripadvisor.com)
ဟိုတယ်လုပ်ငန်းရှင်နဲ့ ညှိနှိုင်းပေးပါ့မယ်လို့ ကတိ တော့ ပေးသွားပါတယ်။ ဘယ်တော့ ညှိနှိုင်းပေးပါ့မယ်ဆိုတဲ့ ရက်ချိန်းကိုတော့ မပေးပါဘူး။ ဘယ်လို ညှိနှိုင်းပေး မယ်လို့လဲ ပြော မသွားဘူး”ဟု ကိုချစ်ဦးမောင်က ပြောပြသည်။ ဟူပင် ဟိုတယ်မှာ၂၀၀၇ ခုနှစ်ကတည်းက ယင်းကိုင်းခြံမြေ များကို သိမ်းဆည်းထားသော်လည်း ထိုအချိန်က မည်သည့် နေရာ တိုင် ကြားရမည်ကို မသိဘဲဖြစ်ခဲ့ရသည့်အတွက် ယခုအချိန်မှ တိုင်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ အဆိုပါ ရွာသား ၅၀ အနက် ကိုင်းခြံမြေအတွက် နှစ်စဉ် အခွန်အခပြေစာများ လက်ဝယ်ရှိသူတချို့က ဦးဆောင် စုပေါင်းကာ တိုင်ခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။ မြေတိုင်းဦးစီးဌာန နှင့် လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနမှ ညောင်ရွှေမြို့၌ စိုက်ပျိုး လုပ်ကိုင်နေသော ကိုင်းခြံမြေများကို တရားဝင် အမည်ပေါက် လုပ်ကိုင်နိုင်ရန် ၁၉၉၄ ခုနှစ်ကတည်းက ပြုလုပ် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် ထိုဒေသ၌ မြေတဧကလျှင် ကျပ်သိန်း ၁၀၀ ၀န်းကျင်ခန့် ပေါက်ဈေး ရှိနေကြောင်း ကိုချစ်ဦးမောင်ကပြောသည်။ သို့သော် ကိုင်းခြံမြေများ ပြန်လည်စိုက်ပျိုးခွင့်ရရှိရန်အတွက်သာ အဓိက မျှော်လင့်ချက်ထားကြောင်း မြေသိမ်း ခံရသည့် ရွာသား တဦးက ပြောပြသည်။ “အရင်တုန်းက အာလူးစိုက်တာပါ။ ကိုင်းမြေ အသိမ်းခံလိုက်ရပြီးတဲ့ နောက်ပိုင်း မရပ်တည်နိုင်တော့လို့ ကျနော့် သမီး ကျောင်းထွက် လိုက်ရတယ်။ အဲဒီအချိန်က ၈ တန်းကျောင်းသူပါ”ဟု ၎င်းက ဆိုသည်။ ကိုင်းခြံမြေများ အသိမ်းခံလိုက်ရသည့် ရွာသားများမှာ နောက်ပိုင်းတွင် အခြားမြေပိုင်ရှင်များထံသို့ သွားရောက်ကာ အလုပ်လုပ်ကြ ရကြောင်း သိရသည်။ ယခု ကိုင်းခြံမြေသိမ်းမှုနှင့် ပတ်သက်၍ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်ဆီ ဆက်သွယ်ရာ ရုံးဝန်ထမ်းမှ ခရီးထွက်နေ ကြောင်း ပြန်လည် ဖြေကြားခဲ့ပြီး ဟူပင် ဟိုတယ်သို့ ဆက်သွယ်မေးမြန်းရာတွင်လည်း တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။ ဟူပင် ဟိုတယ် သည် အင်းလေး ခေါင်တိုင် အပြင် ညောင်ရွှေမြို့ ပေါ်တွင်လည်း ဆောက်လုပ်ထားပြီး ပိုင်ရှင်မှာ ယခင် နအဖ ခေတ် စစ်ဗိုလ်ချုပ်များ နှင့် ပတ်သက်သည့် တရုတ်လူမျိုးဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။