မြောက်ကိုရီးယား - မြန်မာဆက်ဆံရေး တရုတ် ဘယ်အခန်းကဏ္ဍက ပါသလဲ

မြောက်ကိုရီးယား - မြန်မာဆက်ဆံရေး တရုတ် ဘယ်အခန်းကဏ္ဍက ပါသလဲ

တရုတ်သမ္မတ ဟူကျင်းတောင်သည် မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်နှင့် တရုတ်နိုင်ငံ ဘေကျင်းမြို့၌ မနေ့က တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် ယနေ့ တွေ့ဆုံသည်။

မြောက်ကိုးရီးယား ခေါင်ဆောင်နှင့် ဦးသိန်းစိန်တို့ ဘေကျင်းမြို့၌ တွေ့ဆုံခြင်း ရှိ၊ မရှိကို တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံ ဆိုင်ရာ မြောက်ကိုးရီးယား သံအမတ်ကြီးက ဦးသိန်းစိန်၏ ခရီးစဉ်မစတင်မီ ရက်ပိုင်း၌ မြန်မာ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ်သိန်းဌေးနှင့် တွေ့ဆုံခဲ့ ကြောင်းကို နိုင်ငံပိုင်မီဒီယာများကဖော်ပြခဲ့သည်။ ဆွေးနွေးသည့် အကြောင်း အရာ များကိုမူ ဖော်ပြခြင်း မရှိပေ။

မြောက်ကိုးရီးယား သံအမတ်ကြီး H.E.Mr Kim Sok Cholသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးခင်ရီနှင့် လည်း တွေ့ဆုံ ခဲ့ပြီး နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း မေလ ၂၆ နေ့ထုတ် ကြေးမုံသတင်းစာ၌ ရေးထားသည်။

တရုတ်သမ္မတ ဟူကျင်းတောင်နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ ဘေကျင်းမြို့တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ )

ဗိုလ်ချုပ်သိန်းဌေးသည် ၂၀၀၈ ခုနှစ်က မြောက်ကိုးရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ၏ ခရီးစဉ်တွင်လည်း အဖွဲ့ဝင်တဦး အနေဖြင့် လိုက်ပါခဲ့ဖူးသူဖြစ်သည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုးရီးယား နိုင်ငံတို့၏ ဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးအတွက် တရုတ်နိုင်ငံသည် ကြားခံ ဆောင်ရွက်ပေးနိုင်ခြေ ရှိကြောင်း ၀ါရင့်သံတမန်ဟောင်း တဦးဖြစ်သူ သခင်ချန်ထွန်းက ပြောသည်။

“မြန်မာရော မြောက်ကိုးရီးယားပါ အမေရိကန်တို့၊ ဥရောပတို့နဲ့ မတည့်ဘူးလေ။ ဒီတော့ နှစ်နိုင်ငံစလုံးကို စည်းလုံးစေချင်တဲ့ ဆန္ဒနဲ့ တရုတ်က လုပ်ပေးတယ်လို့ ပြောရမှာပါ” ဟု တရုတ်နှင့် မြောက်ကိုးရီးယားနိုင်ငံတို့တွင် သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးချန်ထွန်းက ဆိုသည်။

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်သည် တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် ရက်ပိုင်းက ရောက်ရှိနေခြင်း ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်သည် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၃ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရုတ်သို့ ရောက်ရှိနေသည်။

“ဒီနှစ်နိုင်ငံ စလုံးကို အနောက်အုပ်စုတွေက စီးပွားရေး ပိတ်ဆို့ထားတော့ တရုတ်ကိုပဲ မီခိုနေကြရတယ်။ ဒီတော့ တရုတ်ရဲ့သြဇာက နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေ ပေါ်မှာရှိတယ်” ဟု ဦးချန်ထွန်းက ပြောသည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုးရီးယားတို့သည် ဦးနေ၀င်း အစိုးရလက်ထက်တွင် ဆက်ဆံရေးကောင်းမွန်ခဲ့ကြပြီး နှစ်နိုင်ငံ သမ္မတများ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့သော်လည်း ၁၉၈၃ ခုနှစ် အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်း သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုးရီးယားနိုင်ငံတို့သည် ၂၀၀၇ ခုနှစ်မှ စတင်ကာ နှစ်နိုင်ငံ သံအမတ်ကြီးများ ခန့်အပ်၍ သံတမန်ဆက် သွယ်မှုများ လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ အနုမြူစွမ်းအင် စီမံကိန်းအတွက် မြောက်ကိုးရီးယားနိုင်ငံက ကူညီပေးလျက်ရှိကာ မြောက်ကိုးရီးယား၏ စားနပ်ရိက္ခာအတွက် မြန်မာနိုင်ငံမှ ဆန်စပါးများ ကူညီပေးထားကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာ၊ မြောက်ကိုးရီးယား အပြင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စသည့်နိုင်ငံများနှင့်လည်းဆက်ဆံရေး ကောင်းမွန်လျက်ရှိပြီး အင်အားကြီး အိန္ဒိယ နိုင်ငံနှင့်မူ ဆက်ဆံရေး ကောင်းမွန်ခြင်း မရှိပေ။

“တရုတ် အနေနဲ့မြောက်ကိုးရီးယားထက် မြန်မာကို ပိုပြီးအရေးပေးတာတွေ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနဲ့ ထိစပ်နေတဲ့ အိန္ဒိယနဲ့ တရုတ်က အဆင်မပြေလို့ပါ”ဟု ဦးချန်ထွန်းက သုံးသပ်ပြောဆိုသည်။

တရုတ်နိုင်ငံ၌ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်သမ္မတ ဟူကျင်တောင်း၊ ၀န်ကြီးချုပ် ၀မ်ကျားပေါင်၊ တရုတ်ထိပ်တန်း ခေါင်းဆောင်များနှင့်ယနေ့ တွေဆုံ၍ စီးပွားရေးဆိုင်ရာ ကိစ္စများနှင့်နည်းပညာဆိုင်ရာ ကိစ္စတို့ကိုဆွေးနွေး၍ သဘောတူစာချုပ်များ ချုပ်ဆို မည်ဟု ဆင်ဟွာသတင်းတွင် ရေးသားထားသည်။

တရုတ်အစိုးရသည် မြန်မာ၊ မြောက်ကိုးရီးယား အပါအ၀င်အာရှဒေသတွင်း နိုင်ငံများအပေါ် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး သြဇာများလွမ်းမိုးမှုရှိနေပြီး မြန်မာနိုင်ငံ၏ အရေးကိစ္စများကို နိုင်ငံတကာမျက်နှာစာ၌ ကာကွယ်ပေးလျက်ရှိသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ စီးပွားရေး၊ စွမ်းအင်၊ သဘာဝဓာတ်ငွေ့စသည့် စီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံမှု အများအပြား လုပ်ဆောင်ထားသည်။

( ခင်ဦးသာ - ဧရာဝတီသတင်းဌာန )

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection