အကယ်ဒမီပေးပွဲ ၂၃ ရက်နေ့ ကျင်းပမည်

အကယ်ဒမီပေးပွဲ ၂၃ ရက်နေ့ ကျင်းပမည်

၂ဝဝ၉ ခုနှစ်အတွက် အကယ်ဒမီ ပေးပွဲခေါ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို နေပြည်တော်တွင် ယခုလ ၂၃ ရက်နေ့တွင် ကျင်းပရန် ပြန်ကြားရေး ဝန်ကြီးဌာနက သတ်မှတ်လိုက်သည်။

ဆုရွေးချယ်ရန် အတွက် စာရင်းဝင်သည့် ဇာတ်ကားပေါင်း ၁၆ ကားရှိသည်။ ယမန်နှစ်က ပြုလုပ်ခဲ့သည့် ၂ဝဝ၈ ခုနှစ် ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင်မူ ဇာတ်ကား ၁၂ ကား သာရှိခဲ့ပြီး ယင်းအနက် ၈ ကားမှာ ဟာသဇာတ်လမ်းများ ဖြစ်သည်။

ဇာတ်ကား ၁၆ ကားမှာ “ယောက္ခမနှင့် တစ်ထောင့်တစ်ည၊ မိုးညအိပ်မက်မြူ၊ အချစ်ဟု အဓိပ္ပာယ် သက်ရောက်ခြင်း မရှိစေရ၊ ဟော့ရှော့ ၂၊ ချစ်လို့ စတာ၊ ဇော်က ကနေသည်၊ ချစ်ကံပွင့်နှင့် မချော လေးဆယ်၊ သူငယ်ချင်း ယောက္ခမ၊ မာမီရှိန်း၊ ပင်လယ်ကို ဖြတ်၍၊ ရှော့ခ်ရှိတဲ့ အချစ်များ၊ ဝါဆို ဖယောင်းတိုင်၊ အတည်ပေါက် နောက်တဲ့လူ၊ ကျောက်စက်ရေ၊ အတိတ်၏ အရိပ်၊ ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကား တို့ဖြစ်သည်။



ယခုနှစ် အမျိုးသားသရုပ်ဆောင်ဆုအတွက် နေတိုးနှင့် မြင့်မြတ်တို့ ရေပန်းစား နေပြီး အမျိုးသမီး သရုပ် ဆောင်ဆု အတွက် အိန္ဒြာကျော်ဇင်၊ စိုးမြတ်သူဇာ၊ မေသန်းနုနှင့် သင်ဇာဝင့်ကျော်တို့ တစ်ပြေး နေသည်။

နှစ်တနှစ်ချင်းစီအလိုက် ရုပ်ရှင်ထူးချွန်ဆုပေးသည့် စနစ်ကို ၁၉၅၂ ခုနှစ်တွင် စတင်ပေးအပ်လာခဲ့ခြင်း ဖြစ်ပြီး ဆုရွေးချယ်ရေးအဖွဲ့က သတ်မှတ်ထားသည့် ဆုအမျိုးအစားများမှာ ဓာတ်ပုံဆု၊ အမျိုးသား သရုပ်ဆောင်ဆု၊ အမျိုးသမီး သရုပ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ တေးဂီတဆု၊ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု၊ တည်းဖြတ်ဆု၊ ဇာတ်ကားဆု၊ အသံပိုင်းဆိုင်ရာဆု တို့ဖြစ်ပြီး စုစုပေါင်း ၁၁ ဆု ဖြစ်သည်။

သို့သော် အချို့နှစ်များတွင် ဆုအားလုံးပေးခဲ့ခြင်းမရှိသလို ဆုအမျိုးအစားတခုအတွက် တဦးထက်ပို၍ ပေးခဲ့ သည်များလဲ ရှိသည်။ ပြီးခဲ့သည့်နှစ် ဆုပေးပွဲတွင် ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသား သရုပ်ဆောင်ဆု၊ အမျိုးသား ဇာတ်ပို့ဆု၊ အမျိုးသမီး သရုပ်ဆောင်ဆု၊ အမျိုးသမီး ဇာတ်ပို့ဆုနှင့် ဓာတ်ပုံဆု စသဖြင့် ၇ ဆု သာ ပေးခဲ့သည်။

ယခုနောက်ပိုင်းတွင် ထူးချွန်ဆုရွေးချယ်ရမည့် ကားများမှာ နည်းပါးသွားကြောင်း၊ ဇာတ်ကားများ၏ အရည် အသွေးပါ ကျဆင်းသွားကြောင်း ဝါရင့်ဒါရိုက်တာ အကယ်ဒမီပန်းချီစိုးမိုးက ပြောသည်။

“Best of the Year အနေနဲ့ပြောရင် ဘယ်လောက် မကောင်း၊ ကောင်းကောင်း မကောင်းတဲ့ထဲက အကောင်းဆုံး ရွေးပေးရမှာပဲ။ ဒါ Permanent Academic award မဟုတ်ဘူးလေ။ Permanent ဆိုတာက တကယ်ကောင်းခဲ့တဲ့ ကားမျိုးက Permanent ပေါ့။ အရင်က ဆရာဦးသုခတို့ ရတဲ့ကားမျိုးတွေ၊ ရွှေဒုံးဘီအောင် ရတဲ့ ကားမျိုးတွေ။ ဥပမာ ကိုယ်တို့ရတဲ့ “ငါ သူတပါး ယောကျာ်း” တို့ပေါ့။ အဲဒီလို ကားမျိုးတွေကျ တကယ့်ကို ပြိုင်လို့မရတော့ဘူးလေ။ ဒီဘက်ကျတော့ ကားတွေက Quality လည်း လျော့ကုန်တယ်လေ။ ပြီးတော့ သူက ကားထုတ်ကလည်း နည်းတယ်။ ကိုယ်တို့တုန်းက ကား ၁ဝဝ လောက် ပြိုင်ရတာကိုး” ဟု သူက မဇ္ဈိမကို ပြောသည်။

ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရာတွင် အဓိကအနေဖြင့် ယဉ်ကျေးမှုနှင့် ပြည်သူ့အကျိုးပြုသော အချက်ကို ကြည့်၍ ရွေးချယ်ကြောင်း ပန်းချီစိုးမိုးက ပြောသည်။

“ယဉ်ကျေးမှုရယ်၊ အကျိုးပြုတာရယ်ကိုတော့ အခြေခံပါတယ်။ ယဉ်ကျေးမှုဆိုတာက ဥပမာ မြန်မာ့တိုင်း ရင်းသား ယဉ်ကျေးမှုရယ်၊ လူသားအကျိုးပြုတာ။ ဥပမာ မိခင်မေတ္တာလည်း ပေးတာပဲ။ ဒရမ်မာလည်း ပေးတာပဲ။ အခုကတော့ နောက်ပိုင်းတော့ ကားထုတ်မရှိတော့ ရယ်စရာကားလည်း ပေးတာပဲ” ဟု သူက ပြောဆိုသည်။

ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့ လာရောက်သတင်းယူမည့် ဂျာနယ်တိုက်များကို လျှောက်လွှာတင်သွင်းရန် အကြောင်းကြားခဲ့ပြီးဖြစ်သည်ဟု သိရသည်။

နေပြည်တော်ရှိ လဟာပြင်ဇာတ်ရုံ၌ ကျင်းပမည့် အကယ်ဒမီ ဆုပေးပွဲကို သတင်းယူမည့် သူများအနေဖြင့် ဗဟန်းမြို့နယ်ရှိ ရုပ်ရှင်မြှင့်တင်ရေးရုံး၌ စာရင်းပေးသွင်းရမည်ဖြစ်ပြီး သတင်းတိုက်တတိုက်ကို ၂ ဦး တက်ရောက်ခွင့် ရှိသည်။

“ဒီလူ တက်မယ်စာရင်းပေးရင် ဒီလူပဲ။ လူစားမထိုးရဘူး။ အမည်တို့၊ မိဘအမည်တို့၊ အသက်တို့၊ နိုင်ငံသား မှတ်ပုံတင်နံပါတ်တို့၊ ကိုယ် ကိုယ်စားပြုတဲ့ ဂျာနယ်တိုက်နာမည်တို့ ပေးရတယ်။ ကင်မရာပါမယ်ဆို ကင်မရာ အမျိုးအစား၊ နံပါတ် အကုန်အကုန် ပေးရတယ်။” ဟု အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

“ဒီကိုတင်တဲ့ လျှောက်လွှာတွေကို နေပြည်တော် စစ်ဒေသရုံးကို တင်ရမယ်။ အဲဒီကနေ ဝင်ရောက်မယ့် သူတွေကို ကဒ်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဝန်ကြီးရုံးက ဒါကို လုပ်ပိုင်ခွင့် မရှိဘူး။ စစ်ဒေသရုံးက ကိုင်တာ” ဟု မြန်မာ့ရုပ်ရှင် မော်ကွန်းရုံး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ထူးချွန်ဆု ချီးမြှင့်သည့် သမိုင်းတွင် မင်းသား ရန်အောင်က ၆ ဆုနှင့် မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်က ၅ ဆု ဖြင့် အများဆုံး ရရှိထားကြသည်။

(မဇ္ဈိမ သတင်းဌာနမှ ကူးယူဖေါ်ပြထားခြင်း)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection