ယနေ့ နေ့လည် ၁ နာရီက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ပြည်လမ်းမပေါ်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရှေ့တွင် ရိုဟင်ဂျာ လက်မခံဆိုသည့် အမှတ်တံဆိပ်ပါသည့် တီရှပ်များ ဝတ်ဆင်ကာ သမ္မတဦးသိန်းစိန်နှင့် နိုင်ငံတော် အလံပုံပါ ဗီနိုင် ကိုင်ဆောင်၍ လူငယ် ၁၃ ယောက် မှ စတင်ကာ သွားရောက် ဆန္ဒထုတ်ဖေါ်ကြသည်။
ဆန္ဒထုတ်ဖေါ်သူများက သမ္မတကိုထောက်ခံတဲ့ ကြွေးကြော်သံရေရွတ်ခဲ့ကြရာ “သမ္မတကြီးကို ထောက်ခံ ပါတယ်” “ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ် ”ဆိုသည့် ကြွေးကြော်သံများ နှင့် ကမ္ဘာမကြေ သီချင်း လည်း သီဆိုခဲ့ကြသည်။ ထိုနောက် အေးချမ်းစွာ လူစုခွဲရန် ပြန်ဆင်နေစဉ် စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲဝင်များ ရောက်ရှိလာသည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခွင့်ကို လွန်ခဲ့သည့် ၄ရက်က သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် လျှောက်ထား ခဲ့သော်လည်း ပလပ်ခံရပြီးနောက် ယနေ့ဆန္ဒထုတ်ဖေါ်လိုက်ကြခြင်းဖြစ်သည်။
မိနစ် ၂၀ ဝန်းကျင်အကြာတွင် စမ်းချောင်းရဲတပ်ဖွဲ့မှ ရောက်လာပြီး ဆန္ဒထုတ်ဖေါ်ခွင့် လျှောက်ထားခြင်းမှာ ၅ ရက်ကြိုလျှောက်ထားရန် လိုအပ်ကြောင်းနှင့် ယင်းအကြောင်းကြောင့် ပလပ်လိုက်ရကြောင်းကို မီဒီယာ များ အား ရှင်းပြသည်။
သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကြီးအကဲ Antonio Guterres နှင့် ဇူလိုင်လ ၁၁ ရက်နေ့ တွေ့ဆုံ ဆွေးနွေးချိန်တွင် တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာ သော ရိုဟင်ဂျာတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စကို ဖြေရှင်းဖို့ အလေးအနက် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။
ဆန္ဒထုတ်ဖေါ်အပြီး တီရှပ်များ၊ ဗီနိုင်များကို UNHCR ရုံးဝန်ထမ်းများထံသို့ ပေးအပ်ခဲ့ကြောင်းလည်း သိရှိ ရသည်။
ယခင်လကုန်ပိုင်း သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံသို့သွားရောက်စဉ်ကလည်း မြန်မာနိုင်ငံသားအချို့က ဦးသိန်းစိန်၏ ပြောကြားချက်ကို ထောက်ခံဆန္ဒပြခဲ့ကြသည်။ ။
ဓါက်ပုံ ( eleven media group)
YPI