စစ်တွေမြို့ ဈေးခွန်အရေးအခင်းတွင် ရဲပစ်ခတ်မှုကြောင့် ၁၁ ဦး ဒဏ်ရာရ

စစ်တွေမြို့ ဈေးခွန်အရေးအခင်းတွင် ရဲပစ်ခတ်မှုကြောင့် ၁၁ ဦး ဒဏ်ရာရ


ချင်းမိုင်(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဈေးခွန်တိုးမြှင့်ကောက်ခံမှုနှင့် ပတ်သက်၍ လူအများ မကျေမချမ်း အုံကြွလာ၍ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာ ရခဲ့သည်ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ပါတီနှင့် ဒေသခံများက ပြောသည်။

နာဇီဈေး ခေါ် စက်ရုံစုဈေးတွင် လေလံစွဲခွင့်ရသူက ဈေးကောက်ကို ၅ဝဝ မှ ၇ဝဝ ကျပ်ထိ တိုးမြှင့် ကောက်ခံ ခဲ့သဖြင့် ဈေးသူဈေးသားများ ကိုယ်စား ပြည်နယ် အစိုးရထံ တင်ပြခဲ့သူ ဦးအောင်သန်းဝေ ပျောက်ဆုံးသည့် သတင်းရသဖြင့် မိသားစုက ဇွန်လ ၃ ရက်နေ့တွင် အမှတ် ၁ ရဲစခန်းရှေ့သို့ သွားရောက် အရေးဆိုခဲ့ရာမှ အုံကြွမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“လေလံရတဲ့လူရဲ့ တပည့်တွေက ဆန္ဒပြတဲ့အဖွဲ့မှာပါတဲ့ အောင်သန်းဝေကို ရန်သွားရှာတယ်။ ရန်ဖြစ်တော့ သူက ကြောက်ပြီး ထွက်ပြေးသွားတယ်။ အဲဒီလူကို ဖမ်းသွားတယ်၊ သတ်လိုက်ပြီ၊ ကားနဲ့တင်ခေါ်သွားတယ်၊ ဘယ်ရောက် နေမှန်း မသိဘူးဆိုပြီး သတင်းတွေ ထွက်လာတော့ ရဲစခန်းကို အရေးဆိုရာကနေ လူအုပ် ဖြစ်လာတာပဲ။ ထိန်းမရ တော့လို့ ရဲက ပစ်တာ။ ကျည်ဆံ အစစ်မဟုတ်ဘူး။ ရာဘာကျည်ဆံပဲ” ဟု ပုဏ္ဏားကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ထွန်းအောင်ကျော် က ပြောသည်။

ပြဿနာ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်သဖြင့် ဦးအောင်သန်းဝေ ဖမ်းဆီးခံရခြင်း မဟုတ်ကြောင်း RNDP မှ ရှင်းပြခဲ့သော်လည်း လူထုက ထိန်းသိမ်းမရတော့ဘဲ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဦးအောင်သန်းဝေကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဘက်မှ အထက်ကို တင်ပြထားကြောင်းသာ ပြောဆိုခဲ့သဖြင့် တဖြည်းဖြည်း လူအုပ်များလာ၍ ရုတ်ရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

“ရဲတပ်ဖွဲ့ကလည်း အထက်က အမိန့်တစုံတရာ မရရင် ရှာမပေးနိုင်ဘူး။ အဲဒါကို ခဏလေး သည်းခံကြပါ။ သတင်းပို့ ထားတယ်။ အဲဒီကြားထဲမှာပဲ နောက်လူအုပ်တွေ များလာပြီးတော့ မထိန်းမသိမ်းနိုင် ဖြစ်ပြီးတော့ အုတ်ခဲတွေ လှမ်းပေါက်၊ ရဲကလည်း တအား တင်းမာလာတော့ သေနတ်ကို မိုးပေါ် ထောင်ဖောက်ဖြစ်တာ။ နောက်တော့ အောက်ကို ပြန်ပစ်တော့ လူတွေကို ထိသွားတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ညတွင်းချင်းပင် လုံထိန်းရဲ အင်အား ၁၅၀ ခန့် ရာက်ရှိလာ၍ မျက်ရည်ယိုဗုံးများ ပစ်ကွဲခဲ့သဖြင့် တနင်္လာ နေ့နံနက် ၅ နာရီချိန်တွင် လူစုကွဲခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

ဒဏ်ရာရသူ ၁၀ ယောက်ကျော်အား စစ်တွေမြို့ ဆေးရုံတင် ကုသမှုခံယူနေရသည်ဟု သိရသည်။

မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာသူ အသက် ၂၆ နှစ်အရွယ် မသီတာထွေး ရက်စက်စွာ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရခိုင်ပြည်နယ်ရှိ လူထုအနေဖြင့် မကျေနပ်မှုများ ဖြစ်ပေါ်နေစဉ် ယခုကဲ့သို့ ဈေးခွန်ကိစ္စ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၃ ရက်ညက အရေးဆိုမှုတွင် ပါဝင်သူ ကိုးဦးအား ဖမ်းဆီးထားရာမှ သုံးဦးကို ပြန်လည် လွှတ်ပေးလိုက်
သော်လည်း ကျန် ခြောက်ဦးကိုမူ စစ်ဆေးမေးမြန်းရန် ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ထိန်လင်းက RNDP ပါတီအား ရှင်းပြခဲ့သည်ဟု ဦးထွန်းအောင်ကျော် က ပြောသည်။

ယခင် လေလံရသူ ဦးခင်မောင်လှ ဆိုသူက ဈေးကောက် အဆမတန် ကောက်ခံသဖြင့် ဦးအောင်သန်းဝေ က
ဈေးသည်များ ကိုယ်စား ပြည်နယ်အစိုးရထံ တိုင်ကြားခဲ့သဖြင့် ဦးခင်မောင်လှ ဈေးခွန်ကောက်ခွင့်ကို ပြည်နယ် အစိုးရက ရုပ်သိမ်းခဲ့သည်။

ဇွန်လ ၂ ရက်နေ့က ပြည်နယ်အစိုးရက ပုဂ္ဂလိကထံ ထပ်မံ လေလံပေးခဲ့ရာ ထို လေလံ အဖွဲ့ကလည်း ၇ဝဝ ကျပ်ထိ ထိုးမြှင့်ကောက်ခံခဲ့သဖြင့် ပြဿနာဖြစ်ပွားခဲ့ရာမှ ထိုလေလံရသူ တစုက ဦးအောင်သန်းဝေ အား လာရောက်ဖမ်းဆီး မည်ဟု ဆိုသော်လည်း ထွက်ပြေး လွတ်မြောက်ခဲ့သည်ဟု ကိုအောင်သန်းဝေက ပြောသည်။

“ကျနော့်ကို ဘယ်သူမှ မဖမ်းဘူး။ သူတို့လူအုပ်စုက ၂၀ ကျော်လောက် ပါတယ်။ ကျနော့်ကို အမျိုးသမီး တဦးက အကာအကွယ် လုပ်ပေးလို့ လက်ဖက်ရည်ဆိုင် နောက်ကနေ တခြားနေရာကို ရှောင်သွားလိုက်တာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဥပဒေအရ ဖြေရှင်းပေးရမည် ဖြစ်သော်လည်း လက်နက်နှင့် ပစ်ခတ် ဖြေရှင်းခဲ့သဖြင့် ပြဿနာ ပိုမိုကြီး ထွားလာမည်ကို စိုးရိမ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပြောသည်။

“ဒီမိုကရေစီ ပွင့်လင်းလာပြီ ဖြစ်တဲ့အတွက် မိမိလိုလားချက်ကို အချိန်မရွေး တောင်းဆိုနိုင်တယ်။ ဒါပေမယ့် ပုံစံလေး တော့ လိုတာပေါ့။ ဦးတို့လူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ ရင့်ကျက်မှုကို ပြသသင့်တယ်။ ထီးနဲ့နန်းနဲ့ နေခဲ့တယ်။ လူမျိုးကြီးတမျိုး ရဲ့ လူမျိုးကြီး ပီသမှုကို တောင်းဆို ပြသသင့်တယ်လို့ ဦးကတော့ မြင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

တနင်္လာနေ့တွင်လည်း စစ်တွေမြို့ လမ်းမပေါ်တွင် လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟု ဆိုသည်။

Ref: မဇ္ဈိမ

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection