မြန်မာ – ဂျပန် စတော့အိတ်ချိန်း တည်ထောင်ရန် စာချွန်လွှာ လက်မှတ်ထိုးမည်
မြန်မာနိုင်ငံတွင် စတော့ရှယ်ယာ ဈေးကွက် ပေါ်ထွက်လာရေး အတွက် နည်းပညာ အကူအညီများ ပေးအပ်ရန် ဂျပန်နိုင်ငံမှ တိုကျို စတော့အိတ်ချိန်း၊ ဒိုင်ဝါ သုတေသန အဖွဲ့နှင့် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်တို့ မေလ ၂၉ ရက် နေ့တွင် နားလည်မှု စာချွန်လွှာ (MOU) ရေးထိုးမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြန်ကြားရေး တာဝန်ခံ ဦးမင်းထွဋ်က အတည်ပြု ပြောကြားသည်။
အဆိုပါ နားလည်မှု စာချွန်လွှာ ချုပ်ဆိုမှုကို နေပြည်တော်တွင် ကျင်းပမည် ဖြစ်ပြီး ၎င်းတို့က မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ပေါ်ပေါက်လာရေးကို ကျွမ်းကျင် ပညာရှင်များနှင့် နည်းပညာ အကူအညီများ ပေးအပ် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ ဒိုင်ဝါ သုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံ အစိုးရတို့ ပူးပေါင်း ဖွင့်လှစ်ထားသည့် ငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ကုမ္ပဏီကို ဆူးလေဘုရားလမ်း၌ ဖွင့်လှစ်ထားပြီး အစိုးရမှ ငွေကြေး သက်သေခံ လက်မှတ်များ၊ စာချုပ်များ ရောင်းဝယ်လျက် ရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
တိုကျို စတော့အိတ်ချိန်းမှာ မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ဈေးကွက် ပေါ်ပေါက်လာစေရန် အကြံဉာဏ် များ၊ ကျွမ်းကျင်မှု အကူအညီများ ပေးအပ်မည် ဖြစ်ပြီး ရှယ်ယာ ရောင်းဝယ်မှု စနစ် (trading system) တည်ဆောက်ခြင်း၊ ငွေချေးသက်သေခံ လက်မှတ်များ ထုတ်ခြင်း၊ ရောင်းဝယ်ခြင်း၊ စာရင်းရှင်းခြင်း၊ ကြီးကြပ်ခြင်းများကို ပြည်တွင်း၊ ပြည်ပ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ကာ ကူညီသွား မည် ဖြစ်ကြောင်း ငွေချေးသက်သေခံ လက်မှတ် ရောင်းဝယ်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးက ပြောကြားသည်။
ယင်းဈေးကွက် ပေါ်ပေါက်လာရန်မှာ ဥပဒေများ၊ နည်းဥပဒေများ လိုအပ်သလို စနစ်တကျ စာရင်းအင်း နိုင်နင်းသည့် အများပိုင် ကုမ္ပဏီများလည်း လိုအပ်ကြောင်း ငွေချေး သက်သေခံ လက်မှတ်များ ရောင်းဝယ်နေ သည့် ကမ္ပဏီမှ တာဝန်ရှိသူက မေလဆန်းပိုင်းတွင် ပြောကြားထားသည်။