၂၀၁၁ ထူးခြား ထင်ရှားသူများ (၁)

၂၀၁၁ ထူးခြား ထင်ရှားသူများ (၁)



၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် အစိုးရသစ် တက်လာခြင်း အပါအဝင် အပြောင်းအလဲများစွာ ဖြစ်ပေါ်မှုနှင့်အတူ လူအများနှင့် သတင်း မီဒီယာများက အထူးအာရုံစိုက်ခံရသော ထူးခြားရှားသူများကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် ယခုနှစ်အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထူးခြားထင်ရှား သူများကို ပရိသတ်အတွက် စုစည်း ဖော်ပြလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ခေါင်းဆောင်



အတိုက်အခံနိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်ကစပြီး မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို အခက်အခဲ တွေမျိုးစုံကြားက ယခုအချိန်အထိ လှုပ်ရှားနေသူပါ။ မကြာသေးခင် အချိန်ထိ သူသည် ဒီမိုကရေစီ စံနှုန်းများ၊ အကြမ်းမဖက်ရေး လှုပ် ရှားမှု သဘောတရားများကို မြန်မာလူထုကို မကြာခဏေ ပြောတတ်ပြီး အခွင့်ကြုံပါက စစ်အစိုးရလက်ထက် တိုင်းပြည်၏ ဒုက္ခပြ ဿနာ များကို စူးစူးရှရှ ဝေဖန်တတ်သူ ဖြစ်သည်။ တွေ့ဆုံဆွေးနွေးရေးနှင့် အဖြေရှာသွားမည်ဟု တောက်လျှောက်ပြောလာခဲ့သော သူ့ကို စိတ်ကူးယဉ်ဆန်သူ၊ သဘောထား တင်းမာသူဟု ဝေဖန်သူများလည်း မရှားခဲ့ပါ။

သို့သော် ၂၀၁၀ နောက်ဆုံး အကျယ်ချုပ်က လွတ်လာပြီး ချိန်၌ ဒေါ်အောင်ဆန်း စုကြည်သည် အစိုးကို ဝေဖန်မှုများ သိပ်မလုပ်သည် ကို တွေ့ရသည်။ စစ်တပ်လွှမ်းမိုးထားသော အရပ်သားအစိုးရတက်လာပြီး ၆ လအကြာ သြဂုတ်လ၌ သမ္မတ ဦးသိန်းစိန်က သူ့ကို ခေါ်တွေ့လိုက်ခြင်းသည် သူတလျှောက်လုံး တောင်းဆို ခဲ့သည့်  တွေ့ဆုံဆွေးနွေးရေးဆိုသည်ကိုလည်း မထင်မှတ်ဘဲအောင်မြင် သွားသကဲ့သို့ ဖြစ်ခဲ့သည်။ သူက ဦးသိန်းစိန်သည် ရိုးသားပွင့်လင်းသူ၊ အပြောင်းအလဲကို သွားချင်သူဟု ထပ်ခါတလဲလဲပြောခဲ့ပြီး အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုကိုလည်း ကြိုဆိုခဲ့သည်။

အတိတ်၏ ကျေးကျွန်အဖြစ်မခံချင်ကြောင်း ပြောဆိုခဲ့ပြီး ဖျက်သိမ်းခံထားရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် ပြန် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန် တိုက်တိုက်တွန်းတွန်း ဦးဆောင်ခဲ့သည်။ သူကိုယ်တိုင်လည်း ရွေးကောက်ပွဲဝင်ပြီး အနိုင်ရရန် ကျိန်းသေနေပါပြီ။ သူ လွှတ်တော် အမတ်ဖြစ်လာပြီ ဆိုပါက နေပြည်တော်က လွှတ်တော်ဆွေးနွေးပွဲများ၌ ဒီမိုကရေစီ အတိုက်အခံ အမတ်များ အားတက်စရာပါ။ ဒေါ်အောင်ဆန်းစုကြည်ပါလာသောကြောင့် အစိုးရသစ်အတွက် ပိုပြီးနိုင်ငံတကာတွင် သိက္ခာတက်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကြီး အတော်အသင့် အောင်မြင်သွားပြီဟု မှတ်ချက်ပြုနိုင်မည် ဖြစ်သည်။

ကိုမင်းကိုနိုင်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်

 “ကျမသားမွေးနေ့မှာ ကျမလာတဲ့အခါ ကျမကိုတွေ့တဲ့ ကလေးတွေက ပြောပါတယ်။ အမေ အမေ့သားကို အမေ မပိုင်တော့ပါဘူး။ တိုင်းပြည်က ပိုင်ပါတယ်လို့ ပြောပါတယ်” ဟု နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသူ ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ မိခင်က ပြန်ပြောင်းပြောပြသည်။ ရိုးသားသူ၊ နှိမ့်ချပြောဆိုနေထိုင် တက်သူဟု လူသိများသော ကိုမင်းကိုနိုင်သည် ၂၀ဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း လူထုဒေါသကို နှိုးဆွပေးရာတွင် အဓိကကျသူတဦးဖြစ်ခဲ့သောကြောင့် အဖမ်းခံ၊ ထောင်ချခံခဲ့ရသည်။ ကိုမင်းကိုနိုင်သည် ၁၉၈၉ ခုနှစ် ယခုအချိန်အထိ အပြင်လောကတွင် ၂ နှစ်တာမျှသာ နေခဲ့ရသည်။ နှစ်ရှည်လများထောင်ချခံနေရသော်လည်း ကိုမင်းကိုနိုင်သည် လွတ်လပ်မှုနှင့် သတ္တိပြောင်မြောက်မှု၏ ပြယုဂ် သင်္ကေတတခုဖြစ်လာသည်။ သူ့ကိုချုပ်နှောင်ထားသော စစ်အစိုးရအတွက် သူသည် လှောင်အိမ်ထဲထည့်ထားရမည့် လွတ်မြောက်ရေးငှက်တကောင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစု ကြည်ပြီးလျှင် ကိုမင်းကိုနိုင်သည် စေ့စော်မှုအပေးနိုင်ဆုံး ခေါင်းဆောင်ဖြစ်သည်ဟု မြန်မာပြည်သူအများအပြားက သတ်မှတ်ထားသည်။

သမ္မတ ဦးသိန်းစိန်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဦးသိန်းစိန်ကို မြန်မာနိုင်ငံ၏ သမ္မတသစ် နေရာအတွက် စိတ်ကြိုက်ရွေးချယ်ခဲ့သည်ကိုတော့ သံသယ မဖြစ်နိုင်။ စိတ်ထားနူးညံ့သူ၊ စာဂျပိုးဟု လူသိများသူ၊ တပါးသူပြောစကားကို တလေးတစား နားထောင်တတ်သူ၊ ယခင် စစ်အစိုးရတွင် ခြစားမှု အနည်းဆုံးဟု သတ်မှတ်ခံရသူ နှင့် ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် သည် ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ အတွက် လုံခြုံမှုအပေးနိုင်ဆုံး နှင့် စိတ်ချရဆုံးသူ တဦးဖြစ်ခဲ့သည်။

အစိုးရသက်တမ်း တနှစ်ပင်မရှိသေးခင်အချိန်အတွင်း ဦးသိန်းစိန်နှင့် သူ့အစိုးရသည် ၎င်းတို့အတွက် မရှိမဖြစ်လိုအပ်နေသည့် တရားဝင် အသိအမှတ်ပြုမှုကို ပြည်တွင်း၊ ပြည်ပ နှစ်နေရာစလုံးမှ ရရှိလာသည်။ အတိုက်အခံအင်အားစု အထူးသဖြင့် ဒေါ်အောင် ဆန်းစုကြည်ထံသို့ ဦးသိန်းစိန်၏ ချဉ်းကပ်မှုသည် တခြားစစ်ခေါင်းဆောင်များနှင့် မတူကွဲပြားသည်။ ထို့ကြောင့်ပင် ဒေါ်အောင် ဆန်းစုကြည်က ဦးသိန်းစိန်သည် ရိုးသားသော၊ ဖြောင့်မတ်သောသူ တဦးဖြစ်သည်ဟု သူယုံကြည်ကြောင်းနှင့် ဦးသိန်းစိန်အပေါ် တွင်လည်း ယုံကြည်မှုရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ရသည်။

ယခင်ကာလများတုန်းက ဦးသိန်းစိန်အား အဓိက ဆုံးဖြတ်ချက်များချရာတွင် ပြတ်ပြတ်သားသားမရှိသောသူ၊ လက်ရှိကာလတွင် လည်း သဘောထား တင်းမာသူများကို ခပ်ဝေးဝေးမှာထားရန် ရုန်းကန်နေရသူအဖြစ် လူသိများသော်လည်း အငြင်းပွားဖွယ်မြစ်ဆုံ ရေကာတာ တည်ဆောက်မှုအား ယာယီရပ်တန့်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် ပြည်တွင်းလူထု၏ ထောက်ခံမှုရရှိခဲ့သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တဦးချင်းသီးသန့် တွေ့ဆုံခဲ့ခြင်းကြောင့်လည်း မြန်မာပြည်သူများအကြား မျှော်လင့်ချက်တခု ထည့်ပေးနိုင်ခဲ့သည်။ နိုင်ငံတကာအသိုင်းအဝန်းကလည်း ဦးသိန်းစိန်အပေါ် ထားရှိသည့် ယုံကြည်မှုကို အတိုင်းအတာတခုအထိ ထုတ်ဖော်ပြ သခဲ့ပြီး ပိုခိုင်မာသော အပြောင်းအလဲများ လုပ်ရန် ဆက်လက် တွန်းအားပေးနေသည်။ ဦးသိန်းစိန်ကို လက်ရှိနေရာမှာ ဖြစ်နိုင်သမျှ ပို အားကောင်းခိုင်မာစေရေး အားဖြည့်ကူညီ၊ ထို့နောက် သူ့အစိုးရကို နောက်ကြောင်းပြန်မရနိုင်သည့် ပြုပြင်ပြောင်းလဲမှုများလုပ်လာရန် တွန်းအားပေး။ ထိုအရာများက ယနေ့ ဆွဲကိုင်ရမည့် ဗဟာဗျူဟာပင် ဖြစ်သည်။

မစ္စတာ ဂျွန်မက်ကိန်း
အမေရိကန် အထက်လွှတ်တော် အမတ်

အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းသည် နှစ်ပေါင်းများစွာ မြန်မာ့အရေး စောင့်ကြည့် အကဲခတ်သူ တဦးဖြစ်သည့် အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုကိုလည်း အဓိက ထောက်ခံသူတဦးဖြစ်သည်။ ယခုနှစ် မြန်မာနိုင်ငံ အလည် အပတ် ခရီးစဉ်အပြီး ရန်ကုန်မြို့တွင် သတင်းထောက်များကို ပြောကြားရာ၌“အပြောင်းအလဲ လေကတော့ စတိုက်နေပါပြီ၊ အဲဒီအပြောင်း အလဲတွေဟာ အာရပ်ကမ္ဘာမှာပင် ရှိနေမှာမဟုတ်ပါဘူး။ အခုဆိုရင် ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှုတွေကို ရှောင်လွှဲတဲ့ အစိုးရတွေဟာ နောက်ဆုံးမှာတော့ တော်လှန်တဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်နေရပါပြီ”ဟု ပြောဆိုလိုက်သဖြင့် ဂယက်ရိုက်သွားခဲ့သည်။

မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာပြည်အရေးနှင့်သက်ဆိုင်သူ များစွာနှင့် တွေ့ဆုံခဲ့သည့်အပြင် ခရီးစဉ်မစခင် ထိုင်း-မြန်မာ နယ် စပ်ရှိ လှုပ်ရှားတက်ကြွသူများ၊ လူသားချင်း စာနာသော အကူအညီပေး လုပ်ငန်းများ ဆောင်ရွက်သူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ နေပြည်တော်တွင် မြန်မာအစိုးရအတွင်း သဘောထားတင်းမာသူအဖြစ် လူသိများသော ဒု သမ္မတ ဦးတင်အောင်မြင့်ဦးနှင့် တွေ့ဆုံရာတွင်လည်း သူ၏ ပြတ်သားသော သဘောထားကို ပြောဆိုခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည် ပြောထားသလိုပါပဲ ဒီမိုကရေစီ အပြောင်းအလဲတွေအတွက် ခိုင်မာတဲ့ သံန္နိဌာန်တခု မြင်နိုင်တဲ့ ခိုင်မာ တဲ့ လုပ်ဆောင်ချက်တွေ အစိုးရက မလုပ်သရွေ့ ပိတ်ဆို့မှုတွေကို လျှော့ပေးခြင်း ဒါမှမဟုတ် ရုပ်သိမ်းပေးခြင်းတွေကို လုပ်မှာ မဟုတ် ပါဘူး”ဟု မက်ကိန်းက ပြောဆိုခဲ့သည်။

ဒေါက်တာ သန့်မြင့်ဦး
သမိုင်းပညာရှင်

အင်္ဂလန် နိုင်ငံ ကိန်းဘရစ်ချ် တက္ကသိုလ်၊ ထရီနီတီ ကောလိပ်တွင် သမိုင်းဘာသာရပ်ကို နှစ်ပေါင်းများစွာကြာ သင်ပြပေးခဲ့သော ထရီနီတီ ကောလိပ် ကျောင်းသားဟောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်ဟောင်း ၏ မြေး ဦးသန့်မြင့်ဦးသည် မြန်မာနိုင်ငံနှင့်ပတ်သက်သော သူ၏စိတ်ဝင်စားမှုက ဘယ်သောအခါမှ ပျောက်ကွယ်သွားခြင်းမရှိပေ။ ကုလသမဂ္ဂတွင် အမှုထမ်းပြီး နောက် မြန်မာ ပြည်အရေးတွင် သူတဖန် ပါဝင်လာခဲ့ပြန်သည်။ သူ၏ထင်ရှားသော စာအုပ်နှစ်အုပ်ဖြစ်သည့် “ခြေရာဖျောက်မြစ်များ (The River of Lost Footsteps)” နှင့် “တရုတ်နှင့် အိန္ဒိိယဆုံသောနေရာ (Where China Meet India)” စာအုပ်များသည် မဖြစ် မနေ ဖတ်သင့်သော မြန်မာပြည်အကြောင်းရေးသားထားသည့် စာအုပ်များဖြစ်သည်။ ထို့အပြင် သူ၏သုံးသပ်ချက်များ၊ တွေ့ဆုံမေးမြန်းခန်းများနှင့် အတွေးအမြင်ဆောင်းပါးများကို နိုင်ငံတကာစာစောင်များတွင် တွေ့ရှိနေရသည်။ သူကျွမ်းကျင်သော ပညာရပ်နှင့် သာအလုပ်အကျွေးပြုလိုပြီး မြန်မာ့နိုင်ငံရေးတွင် ပါဝင်မည်မဟုတ်ဟု ပြောဆိုနေသော်လည်း ပိတ်ဆို့မှုများကို ဖယ်ရှားသင့်ကြောင်းနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးမှ ရမည်ဟူသော သူ၏ ယုံကြည်ချက်ကိုတော့ မကွယ်မဝှက် ထုတ်ဖော် ပြောဆိုသည်။

ဒေါက်တာ ဦးမြင့်
သမ္မတ စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင်

မတ်လ အစိုးရသစ်ဖွဲ့ပြီးသည်နှင့် မရှေးမနှောင်း သမ္မတ ဦးသိန်းစိန်သည် သူ့အတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ အကြံပေးနိုင်သူများ စုစည်းသောအခါတွင် အမည်တခု ထွက်ပေါ်လာခဲ့သည်။ ထိုသူမှာ စီးပွားရေးအကြံပေး အဖွဲ့ ခေါင်းဆောင် ဦးမြင့်ဖြစ်သည်။ ဘာကလေ တက္ကသိုလ် ကျောင်းဆင်း စီးပွားရေး ပညာရှင်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မိတ်ဆွေရင်းချာဖြစ်သူ ဦးမြင့်အား အစိုးရအရာရှိများနှင့် အတိုက်အခံခေါင်းဆောင်များကပါ လေးစာကြည်ညိုသည်။ ထိုအချက်ကြောင့်ပင် စကားဝိုင်းများ ဖြစ်လာစေရေး နှစ်ဘက်စလုံးကို ဆွဲခေါ်ရာတွင် ဦးမြင့်က အခရာကျကျပါဝင်ခဲ့သည်။ သမ္မတ အကြံပေးအဖြစ် ခန့်အပ်ခြင်းမခံရခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပသော HIV ဝေဒနာရှင်များအတွက် ရန်ပုံငွေဂီတ ဖျော်ဖြေပွဲတွင် ဦးမြင့်သည် ဒေါ်အောင်ဆန်းစုကြည်၏သား ကင်မ်အဲရစ်နှင့်တွဲဖက်၍ တီးခတ်ဖျော်ဖြေသည်ကို တွေ့ခဲ့ရသည်။ ဦးမြင့်သည် မြန်မာစစ်ဗိုလ်ချုပ်များအပြင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးစသော လှုပ်ရှားမှုခေါင်းဆောင်များ၊ အဖွဲ့ချုပ်ခေါင်းဆောင်များ ကို မဖြစ်မနေလုပ်ဆောင်ရမည့် စီးပွေားရး ပြုပြုပြောင်းလဲမှုများအကြောင်း မျှဝေပေးခဲ့သည်။ ဦးမြင့်၏ စိတ်ကူးက မြန်မာနိုင်ငံ အတွက် တာရှည်ခံတိုးတက်မှုများရယူရာတွင် မဖြစ်မနေလုပ်ဆောင်ရန်လိုအပ်သည့် အခြေအနေတခုအပေါ် ဘုံသဘော တူညီချက် တခုယူ၊ ထိုသဘော ညီချက်အပေါ်အခြေခံပြီး နိုင်ငံရေးသဘောထားကွဲလွဲမှုများကို ပေါင်းကူးပေးရန် ဖြစ်သည်။ အကယ်၍ ယမန်နှစ်က စတင်ခဲ့သော အပေးအယူလုပ်မှုသည်သာ အောင်မြင်သည်ဆိုပါက ထိုအတွက် ဦးမြင့်ကို အများဆုံး အသိ အမှတ်ပြု ချီးကျူးသင့်သည်။

အရှင်ဉာဏိဿရ
သီတဂူဆရာတော်

မတ်လနှောင်းပိုင်းက ဖွဲ့စည်းခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ဦးဆောင်သည့် အစိုးရသစ်တက်လာပြီး ၃လအကြာ ရန်ကုန်မြို့အပြင်ဘက်တွင် ဖွင့်လှစ်ထားသော သီတဂူ နိုင်ငံတကာ ဗုဒ္ဓတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းပြည်အတွင်း ညီညွှတ်ရေး၏ အရေးကြီးပုံကို သီတဂူဆရာတော်ဟု လူသိများသော အရှင်ဉာဏိဿရ က မိန့်ကြားခဲ့သည်။ ဇွန်လ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သော ၅ ရက်ကြာဖွင့်ပွဲအခမ်းအနားသို့ အထင်ကရ ဆရာတော်များ၊ အစိုးရအရာရှိများ၊ သံတမန်များ၊ နိုင်ငံရေးသမားများ၊ လူမှုရေးလုပ်သားများ နှင့် ပုဂ္ဂလိက အလှူရှင်များတက်ရောက်ခဲ့ကြသည်။

“ဗုဒ္ဓ မိန့်ကြားခဲ့တာက သည်းခံစိတ်တရားကို လက်ကိုင်ပြုကြဖို့ပဲ၊ ဒါကြောင့် နိုင်ငံတော်ကို ဦးဆောင်နေကြသူတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို မကောင်းတဲ့ မစ္ဆရိယစိတ် တွေကို ဖယ်ရှားပစ်ကြဖို့ တိုက်တွန်းလိုတယ်”ဟု ဆရာတော်ကြီး က မိန့်ကြားခဲ့သည်။

ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် မိမိ၏ အတ္တစိတ်ကို ပရစိတ်အဖြစ်၊ မနာလိုဝန်တိုဖြစ်စိတ်ကို ပျော်ရွှင်သောစိတ်အဖြစ်၊ မကောင်းစိတ်ကို ကောင်းစိတ်အဖြစ် ပြောင်းလဲယူရမည်ဟု ဗုဒ္ဓအရှင်မြတ်က အသေအချာမိန့်ကြားခဲ့ကြောင်း ဆရာတော်ကြီး က ဆုံးမခဲ့သည်။

အရှင်ဉာဏိဿရသည် ၁၉၈၈ လူထုအရေးတော်ပုံအပြီးနောက်ပိုင်းတွင် အစိုးရမင်းများလိုက်နာရမည့် မင်းကျင့်တရားဆယ်ပါး နှင့်ပတ်သက်သော သူ၏ ထင်ရှားသည့် တရားပွဲများကြောင့် လူသိများလာခဲ့သည်။ ဆရာတော်ကြီးသည် လူသားချင်း စာနာ သော လုပ်ငန်းများတွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်တော်မူသည်။ အထူးသဖြင့် ၂၀ဝ၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းသင့်ပြည်သူများကို ကူညီပေးခဲ့သည်။

ဇာဂနာ
နိုင်ငံကျော် လူရွှင်တော်

ထင်ရှားသော ကမ္ဘာသိ လူရွှင်တော် ဇာဂနာသည် ၎င်း၏ခေတ်ကို သရော်သော ပြက်လုံး များကြောင့် မြန်မာအစိုးရ အာဏာပိုင်များက မကြာခဏ ခေါ်ယူသတိပေးခြင်း၊ ထိန်းသိမ်းခြင်း ခံရသူဖြစ်သည်။

ဇာဂနာအမည်ဖြင့် အငြိမ့်ကခွင့်ကို စစ်အစိုးရက ပိတ်ပင်ခဲ့သောကြောင့် ၎င်းထူထောင်သော မြပုဏ္ဏမာ အငြိမ့်တွင်ပါဝင်ပြသခွင့် မရခဲ့သည်မှာ ဆယ်စုနှစ် တခုမက ကြာပြီဖြစ်သည်။ စစ်အစိုးရ ပိတ်ပင်ထားသည့်အတွက် အငြိမ့်ကို ကိုယ်တိုင် မကနိုင်သော်လည်း ရသည့်နည်းဖြင့် အနုပညာအလုပ်များကို လုပ်ကိုင်ခဲ့သည်။

၎င်းထူထောင်ခဲ့သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်မှာ ၂၀ဝ၇ ရွှေဝါရောင် တော်လှန်ရေးအပြီး ရန်ကုန် မျှော်စင်ကျွန်းတွင် ထိမိ လှသည့် အစိုးရကို သရော်သော ပြက်လုံးများဖြင့် နာမည် ကြီးခဲ့သည်။၂၀ဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း သဘာဝဘေးဒဏ်  ခံရသူများအား ကူညီကယ်ဆယ်ရေး လုပ်ကိုင်ခဲ့သည်ကို အကြောင်းပြု၍ လူရွှင်တော် ဇာဂနာအား စစ်အစိုးရက အီလက်ထရွန်နစ် ပုဒ်မ အပါအဝင် ပုဒ်မများတပ်၍ ဖမ်းဆီးထိန်းသိမ်းကာ ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့သည်။

ထောင်တွင်း၌ ရှိနေစဉ် မိခင်နှင့် ဘခင်ကြီး ကွယ်လွန်ခဲ့သည့် ဇာဂနာသည် မကြာခဏ ထောင်ဝင်စာပိတ် အရေးယူခြင်း ခံခဲ့ရ သည်။

ယခုနှစ် သတင်းကျွတ်လပြည့်နေ့က လက်ရှိ ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် မြစ်ကြီးနားထောင်မှ ပြန်လည် လွတ် မြောက်လာခဲ့သည်။ လွတ်လွတ်ချင်း အနုပညာနှင့် နိုင်ငံရေးဆက်လုပ်သွားမည်ဟု ပြောဆိုခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သည်။ လွတ်မြောက်သည့် နေ့မှ စတင်၍ နိုင်ငံရေးအကျဉ်းသားများအတွက် ထောင်ဝင်စာ အကူ အညီကို ၎င်း၏ မိတ်ဆွေ အနုပညာသမားများနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားများအတွက် လိုအပ်သော ထောင်ဝင်စာအကူအညီအတွက် ငွေကို ကိုယ်ပိုင် facebook ဖွင့်လျက် အလှူခံလျက်ရှိရာ နိုင်ငံတကာရောက် မြန်မာ များက ဝိုင်းဝန်းလှူဒါန်းကြသည်။

အကျဉ်း ထောင်မှ လွတ်ပြီး မကြာမီ “လွတ်လပ်ခြင်း အနုပညာ” အမည်ရှိ ရုပ်ရှင်ပြိုင်ပွဲကို ဦးစီးကျင်းပလျက်ရှိရာ လာမည့် ၂၀၁၂ ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုရသူများကို ဒေါ်အောင်ဆန်းစုကြည်က ဆုချီးမြှင့်ပေးရန် စီစဉ်ထားသည်။

လူရွှင်တော် ဇာဂနာသည် ထောင်မှ လွတ်သည့်နေ့မှစ၍ တနေ့မှ နားနေခြင်း မရှိသည့်ကြားမှ ပြည်တွင်း၊ ပြည်ပမီဒီယာများ၏ မေးမြန်းခြင်းများကို ထိမိသော ဟာသများ၊ သရော်သော စကားလုံးများသုံး၍ ပြန်လည်ဖြေကြားခဲ့သည်။

အစိုးရအား “မယုံကြည်” ဆိုသည့်စကားကို ထောင်ကထွက်ထွက်ခြင်း ရဲဝံ့စွာ ပြောခဲ့သူ ဖြစ်သည်။ မကြာသေးခင်က ၎င်း၏ ကိုယ်ပိုင် facebook စာမျက်နှာတွင် ပြည်ပအသံလွှင့်ဌာန တချို့သည် ၎င်း၏ နားရွက်ကို တံတွေးဆွတ်သဖြင့် ပြည်ပမီဒီယာများသို့ အင်တာဗျူးပေးခြင်း ခေတ္တရပ်နားထားမည်ဟု ရေးကာ တင်ထား သောကြောင့် ၎င်း၏ facebook ပရိသတ်များအကြား ပွဲဆူခဲ့သေး သည်။

ဗိုလ်မှူးချုပ် ဂွမ်မော်
KIA ဒုတိယ စစ်ဦးချုပ်

မြန်မာနိုင်ငံမြေက်ဖက်ပိုင်းမှာ ကချင်လွတ်လွပ်ရေးတပ်မတော် (KIA) နှင့် မြန်မာအစိုးရတပ်ဖွဲ့တွေ အကြား အဖြေရှာမရေသေးတဲ့ လက်နက်ကိုင်ပဋိပက္ခက မပြီးဆုံး ဆက်လက်ဖြစ်နေဆဲဖြစ်သည်။  အသက်ငါးဆယ်အရွယ် ဗိုလ်ချုပ်ဂွမ်မော် ဆိုသည်မှာ စစ်သည်အင်အား တသောင်းကျော်နှင့် အိန္ဒိယ-မြန်မာနယ်စပ်နှင့် တရုတ်-မြန်မာနယ်စပ်တလျှောက်တွင် အခြေစိုက်လှုပ်ရှားနေသော ကချင်သူပုန် KIA ရဲ့ ဒုတိယစစ်ဦးစီးချုပ်တဦးဖြစ်သည်။ ၁၇ နှစ်သက်တမ်းရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ပြိုလှဲသွားတဲ့နောက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် တဖန်ပြန်ဖြစ်လာခဲ့တဲ့အချိန်ကစလို့ ဗိုလ်ချုပ်ဂွမ်မော်သည် KIA နှင့် ၎င်းရဲ့ အရပ်ဖက် အုပ်ချုပ်ရေးလက်တံဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KI)) ရဲ့ သြဇာတက္ကိမအရှိဆုံးခေါင်းဆာင်များအနက် တဦးအဖြစ်ပေါ်ထွက်လာသည်။ ၂၀၁၁ ခုနှစ်အတွင်း အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲနှစ်ကြိမ်စလုံးကို ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်ခဲ့သည်။  မန္တလေးတက္ကသိုလ်တွင် ရူပဗေဒဘာသာရပ်နှင့် ပညာဆည်းပူး တက်မြောက်ခဲ့သော ဗိုလ်ချုပ်ဂွမ်မော်ကို အထက်တန်း ကျောင်းသား ဘဝကတည်းက KIA က တပ်ထဲသွင်းခဲ့သည်။ တပ်ထဲဝင်ပြီး မကြာခင်မှာဘဲ ထူးချွှန်တဲ့ ကွန်မန်ဒိုတဦးအဖြစ်လည်း စစ်ရေးမှာ အောင်မြင်ခဲ့သူ ဖြစ်သည်။ ” တိုင်းရင်းသားပဋိပက္ခအရေး ဖြေရှင်းဖို့ဆိုတာ ဒီမိုကရေစီအရေးနဲ့ ထပ်တူထပ်မျှ အရေးကြီးပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုသည်။

ဦးကျော်ဆန်း
ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးတာဝန် ပူးတွဲထမ်းဆောင်လျက်ရှိပြီး အစိုးရအဖွဲ့ ပြော ရေး ဆိုခွင့် ပုဂ္ဂိုလ်နှင့် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။ မီဒီယာလောကကို ချုပ်ကိုင်ထားဆဲဖြစ်ကာ ပြည် တွင်းပြည်ပ မီဒီယာများ၌ ဖော်ပြခံနေရသော ဝန်ကြီးတဦး ဖြစ်သည်။

ဦးသိန်းစိန်အစိုးရ အဖွဲ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်အဖြစ် ပထမဆုံး သတင်းရှင်းလင်းပွဲ တခုကို စက်တင်ဘာ လ တွင် ပြုလုပ်ခဲ့ရာ သတင်းထောက်များ၏ မေးခွန်းများဖြေဆိုရင်း မျက်ရည်ကျ ငိုပြခဲ့သောကြောင့် ဦးကျော်ဆန်း၏ သတင်းနှင့် ဓာတ်ပုံများသည် စာဖတ်ပရိသတ်၏ အားပေးမှု အများဆုံး သတင်းတခုဖြစ်ခဲ့သည်။

ပြည်ပမီဒီယာများဖြစ်သည့် BBC, VOA, RFA ,DVB, စသည်တို့အား ဝေဖန်တိုက်ခိုက် ရေးသားထားသော စာသားများ သတင်း စာများ၏ နောက်ကျောဖုံး၌ နှစ်အတော်ကြာ ထည့်သွင်းဖော်ပြခဲ့မှုကို လက်ရှိအစိုးရ တာဝန်ယူပြီး လအနည်းငယ်အကြာတွင် ဖြုတ်ပေးလိုက်သည့် ပြောင်းလဲမှုတခုကို ဦးကျော်ဆန်းက လုပ်ဆောင်ခဲ့သည်။

၎င်းပါဝင်သည့် သတင်းစာရှင်းလင်းပွဲများတွင် သတင်းထောက်များ၏ မေးခွန်းကို ဘုကျကျ ဖြေဆိုတတ်သူဟု နာမည်င်္ကြီးပြီး သဘောထား တင်းမာသူတဦးဟု သတ်မှတ်ခံထားရသူဖြစ်သည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပျော့ပြောင်းလာသည့် သဘောထားတချို့ပြသခဲ့ပြီး VOA သတင်းဌာနနှင့်တွေ့ဆုံ၍ ရုပ်သံအတွက် အင်တာဗျူး ပေးခဲ့သေးသည်။

အစိုးရသစ်တာဝန်ယူပြီး မီဒီယာ လွတ်လပ်ခွင့်ပေးသည်ဟု ဆိုသော်လည်း နိုင်ငံရေးနှင့်ဆက်စပ်သော သတင်းများ၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့နှင့်ဖြစ်ပွားနေသော စစ်ပွဲသတင်းများ၊ အစိုးရအဖွဲ့ထဲရှိ လူ့အခွင့်အရေး ချိုးဖောက်နေမှု ကိစ္စများကို ဆက်ဆာ ဖြတ်တောက်နေဆဲ ဖြစ်သည်။

အသက် ၆၃ နှစ်အရွယ်ရှိ ဦးကျော်ဆန်းသည် လွှတ်တော် အစည်းအဝေးများ၌ ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေဆိုရာ တွင် ဇာတ်နိပါတ်တော်များနှင့် ဖွဲ့နွဲ့၍ မလိုအပ်သော အကြောင်းအရာများအား ရှည်လျားစွာ ဖြေဆိုသဖြင့် လွှတ်တော် ဥက္ကဋ္ဌ ၏ တားမြစ်ခြင်းကို ခံရကာ ကိုယ်စားလှယ်များ၏ ငြိုငြင်ခြင်း ခံရသူလည်း ဖြစ်သည်။ ဆန္ဒန်ဆင်မင်း နိပါတ်တော်ကို လွှတ်တော်၌ ပြောဆိုခဲ့ရာ ၎င်း၏ သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် စာဖတ်သူများက ၎င်းကို ဆန္ဒန်ကျော်ဆန်းဟု အမည်ပြောင် ပေးထားကြ သည်။
လွှတ်တော်ကိုယ်စားလှယ်များအကြား လွှတ်တော်မင်းသားဟုလည်း လှောင်ပြောင်ခံထားရသူဖြစ်သည်။ ဦးသိန်းစိန် အစိုးရအဖွဲ့ ဝင် ဝန်ကြီးများအနက် လုပ်ပိုင်ခွင့်ရှိသော ဝန်ကြီးတဦးဟုလည်း သိရသည်။ ၎င်းသည် ၂၀ဝ၃-၂၀ဝ၄ ခုနှစ် ဝန်းကျင်မှ ယနေ့တိုင် ပြန်ကြားရေးဝန်ကြီး တာဝန်ဖြင့် ပြည်တွင်း မီဒီယာများအား ထိန်းချုပ်လျက်ရှိသည်။

ဒေါက်တာ နေဝင်းမောင်
Myanmar Egress

ယခင်နအဖ စစ်အစိုးရ ဦးဆောင် ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် လှုံ့ဆော်သူတဦးဟု ပြည်တွင်း
ပြည်ပ နိုင်ငံရေးအသိုင်းအဝန်းအကြား ဝေဖန်ပြောဆို ခံထားရသူတဦးဖြစ်သည်။ ၎င်းနှင့် နီးစပ်သူ တချို့အား ရွေးကောက်ပွဲ ဝင်နိုင်ရန် ငွေကြေးထောက်ပံ့မှု၊ နိုင်ငံရေးအရ အကြံပေးမှုများလုပ်ဆောင်ခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ရွေးကောက်ပွဲသည် မြန်မာနိုင်ငံသားများအတွက် ထွက်ပေါက်တခုဟု ဦးနေဝင်းမောင်က ရေးသားလှုံဆော်ခဲ့ကာ ပြည်သူများအား မဲပေးကြရန် လှုံ့ဆော်နိုင်ရေးအတွက် မြန်မာ အီးဂရက်စ်(Myanmar Egress) အဖွဲ့မှ ၎င်း၏ သင်တန်းသားများကို ထောက် ခံမဲပေးရမည့် ပုံစံရေးသားထားသော အင်္ကျီများ ဝတ်ဆင်စေ၍ ရန်ကုန်မြို့၌ ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်ခဲ့သည်။

Living Color မဂ္ဂဇင်းနှင့် The Voice Weekly ဂျာနယ်တို့၏ထုတ်ဝေသူဖြစ်ပြီး အစိုးရအကြိုက် အယ်ဒီတာ့အာဘော်နှင့် ဆောင်းပါးများ ဆက်တိုက်ရေးသားခဲ့သည်။ နိုင်ငံရေးစိတ်ဝင်စားသည့် စာဖတ်ပရိသတ်များ၏ ဝေဖန်မှု အခံရဆုံး သူလည်းဖြစ်သည်။ သတင်းဂျာနယ် အယ်ဒီတာချုပ် တဦးဖြစ်သော်လည်း ပြည်ပ မီဒီယာများ အပေါ် အမြင်ကြည်သူ တဦးမဟုတ်ပေ။

နိုင်ငံရေးအကြောင်းအရာများကိုသာ ဦးစားပေးသင်ကြားပေးလေ့ရှိသည့် အီးဂရက်စ် အဖွဲ့အား တည်ထောင်သူ ၇ ဦးတွင်
ဦးနေဝင်းမောင်လည်း တဦးပါဝင်သည်။ ၎င်းသည် ထိုအဖွဲ့၏ အထွေထွေအတွင်းရေးမှူးနှင့် Programme Dicector တဦးဖြစ်ပြီး နိုင်ငံရေး အကြောင်းအရာနှင့် စီးပွားရေးအကြောင်းအရာ များကိုအဓိက သင်ကြားနေသူလည်း ဖြစ်သည်။

မြန်မာ အီးဂရက်စ် အဖွဲ့သည် အစိုးရအဖွဲ့၏ အရာရှိတချို့နှင့် နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊ ခေါင်းဆောင်များကို နိုင်ငံရေး၊ စီးပွားရေးနှင့်ပတ်သက်သော သင်တန်းများပေးလေ့ ရှိကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်ရာတွင် အီးဂရက်စ် အဖွဲ့မှ ဦးနေဝင်းမောင်၊ ဦးတင်မောင်သန်း၊ ဦးကျော်ရင်လှိုင် တို့ပါဝင်ခဲ့ကြပြီး ရှမ်းတိုင်းရင်းသား ဦးဟန်ညောင်ဝေ၊ အစိုးရ ရထားဝန်ကြီး ဦးအောင်မင်းတို့ ပါဝင်ခဲ့ကြသည်။

ဦးနေဝင်းမောင်သည် စစ်တပ်အရာရှိဟောင်းတဦး၏ သားဖြစ်ပြီး စစ်တပ်အသိုင်းအဝန်းနှင့်နီးစပ်သူဟု လူသိများသည်။ ၎င်း သည် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထောက်ခံသူတဦးလည်း ဖြစ် သည်။

ဦးသန်းရွှေအား ထောက်ခံခဲ့သော်လည်း နေအိမ်အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကို ဝေ ဖန်မှု လုပ်ခဲ့သည်။ ၎င်း၏ သင်တန်းသားများကို ထိုင်းနိုင်ငံအခြေစိုက် ဗဟုအဖွဲ့သို့ ပို့ဆောင်၍ နိုင်ငံရေး၊ စီးပွားရေး စသည့် အကြောင်းအရာများကို သင်ယူစေခဲ့သည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ ဘန်ကောက်မြို့များသို့ မကြာခဏလာရောက်၍ နိုင်ငံရေးအယူအဆများကို ဟောပြောလေ့ ရှိသည်။

ဒေါက်တာ သန်းထွဋ်အောင်
အမှုဆောင်အရာရှိချုပ်
Eleven Media Group

ဒေါက်တာ သန်းထွဋ်အောင်သည် မြန်မာနိုင်ငံ၏ အထင်ကရ မီဒီယာအဖွဲ့ အစည်းများအနက် တခုဖြစ်သော Eleven Media Group ၏ အမှုဆောင် အရာရှိချုပ် တဦးဖြစ်သည်။ Eleven Media Group ကို အပတ်စဉ် အားကစားဂျာနယ် ထုတ်ဝေရောင်းချသော လုပ်ငန်းဖြင့် စတင်ခဲ့ သော်လည်း နိုင်ငံရေးအမြင် သုံးသပ်ချက်များ ထည့်သွင်းဖော်ပြသော အပတ်စဉ်ဂျာနယ် တခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲယူခဲ့သည်။

အစိုးရနှင့်ပတ်သက်၍ ကျေးဇူးခံကျေးဇူးစား အဆက်အသွယ်မရှိသော ဒေါက်တာသန်းထွဋ်အောင် အတွက် တခြားထုတ်ဝေသူများ မကြုံရနိုင်သည့် စွန့်စားမှုများ ကြုံရနိုင်သည်။ သာဓကအားဖြင့် အမည်ခံအရပ်သားအစိုးရက ယခင်စစ်အစိုးရ ပြဌာန်းခဲ့သောမီဒီယာ ဖိနှိပ်ရေးဥပဒေများကို လျှော့ချပေးလိုက်သည့်အခါတွင် ဒေါက်တာသန်းထွဋ်အောင်က လောလောလတ်လတ် ရထားသော မီဒီယာ လွတ်လပ်ခွင့်ကို ဇွန်လတုန်းက ကျရောက်သည့် Eleven Media Group ၏ ၁၁ နှစ်မြောက် အထိမ်းအမှတ်ပွဲတွင် စမ်းသပ်အသုံးပြု ကြည့်ခဲ့သည်။ မြန်မာနိ်ုင်ငံက တရုတ်နိုင်ငံအပေါ် အမှီအခိုများလွန်းနေသည့်အချက်နှင့်ကို သူကပေါ်ပေါ်ထင်ထင် ဝေဖန်ပြောဆို လိုက်ပြီး အင်အားကြီး အိမ်နီးချင်းနိုင်ငံများ၏ လွှမ်းမိုးမှုကို တောင့်ခံမနိုင်သောနိုင်ငံငယ် မြန်မာနိုင်ငံ အတွက် အလွန်ကြီးမားသော ခြိမ်းခြောက်မှု တခု ဖြစ်ကြောင်း သူက ထောက်ပြသွားသည်။

မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကိုလည်း ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့သည်။ ထို့နောက် နိုဝင်ဘာလတွင်ကျရောက် ခဲ့သည့် ၁၁၊ ၁၁၊ ၁၁ အထိမ်းအမှတ်ဧည့်ခံပွဲတွင် ထောင်ကျနေသော ၈၈ မျိုးဆက် ကျောင်းသားများအတွက် ခုံနေရာသီးသန့်ဖယ် ပေးပြီး ကျောင်းသားခေါင်းဆောင်များကို လွှတ်ပေးရန် အတွက်လည်း အစိုးရအား တောင်းဆိုခဲ့သည်။ တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား ဒေသများအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက်လည်း သူကထောက်ပြဆွေးနွေးခဲ့သည့်အပြင် တိုင်းပြည် အတွင်းဖြစ်ပေါ်နေသော အပြောင်းအလဲများကို အသိအမှတ်ပြုလက်ခံခဲ့ပြီး ထိုအပြောင်းအလဲများဆောင်ရွက်ပေးသည့် သမ္မတ ဦးသိန်းစိန် နှင့် အစိုးရကိုပါ ချီးကျူးခဲ့သည်။ ဒေါက်တာသန်းထဋ်အောင်၏ နိုင်ငံရေးအမြင်ကြွယ်ဝမှုကြောင့် ဧည့်ခံပွဲအပြီးနောက် ပိုင်း တွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က သူ့ထံသို့ ချီးကျူးနှုတ်ခွန်းစကား ပါးခဲ့သည်ဟုပင် ကြားသိခဲ့ရသည်။

ဦးသိန်းညွန့်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်

ဦးသိန်းညွန့်သည် အမျိုးသားဒီမိုကရေစီ အင်အားစု(NDF) ပါတီကိုယ်စားပြု၍ ၂၀၁၀ ရွေးကောက်ပွဲ၌ သင်္ဃန်းကျွန်းမြို့နယ်မှ အရွေးခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်၊ ပြည်ပရောက်အတိုက်အခံ နိုင်ငံရေးအင်အားစုများ၊ မြန်မာနိုင်ငံသားများအားလုံး ပြည်တော်ပြန်လာရေး စသည့်အဆိုများ၊ မေးခွန်းများအား လွှတ်တော် အစည်းအဝေးများ၌ အဆိုပြုခြင်း၊ မေးမြန်းခြင်းတို့ကို အများဆုံး လုပ်ဆောင်ခဲ့သူအဖြစ် နာမည်ကြီးသည်။

နိုင်ငံရေးနှင့် ဆက်စပ်သော ကိစ္စများအား အဓိကထား၍ အဆိုတင်ခြင်း၊ မေးမြန်ခြင်း တို့လုပ်ဆောင်ခဲ့ပြီး အကျဉ်းထောင် ဥပဒေအား ခေတ်နှင့်အညီပြင်ဆင်ပေးရေး၊ တရားရုံး၏ ဥပဒေတချို့ ပြင်ဆင်ပေးရေးတို့ကို လွှတ်တော်၌ အဆိုပြု တင်သွင်း ခဲ့သည့်တိုင် ၎င်းတင်သွင်းသော အဆိုများ၊ မေးခွန်းများမှ အများစုမှာ ပယ်ချခြင်း ခံခဲ့ရသည်။

ဦးသိန်းညွန့်သည် ဝန်ကြီး ဦးကျော်ဆန်းကဲ့သို့ပင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံး၌ လွှတ်တော် မင်းသားအဖြစ် နာမည်ကြီးသူလည်း ဖြစ်သည်။

ရွေးကောက်ပွဲအပြီး NDF ပါတီ၏ ခေါင်းဆောင်များအကြား ငွေကြေး ကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုများကို မီဒီယာများသို့ ထုတ်ဖော်ပြောဆိုမှုကြောင့် ပါတီစည်းကမ်း မလိုက်နာဟုဆိုကာ ပါတီမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

NDF မှခွဲထွက်ပြီးနောက် အမျိုးသားဒီမိုကရေစီ ပါတီသစ်ဟု အမည်ရသော ပါတီတရပ်ထူထောင်ကာ ဥက္ကဋ္ဌ တာဝန်ယူ ထား သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်
ပြန်လည်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ NLD ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ပါက ၎င်း၏ပါတီအား ဖျက်သိမ်း ပေး မည်ဖြစ်ကြောင်းလည်း မီဒီယာများမှတဆင့် ထုတ်ဖော် ပြောဆိုထားသည်။ ၎င်းသည် ၁၉၉၀ ရွေးကောက်ပွဲ တွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ကိုယ်စားလှယ်တဦးအဖြစ် အရွေးခံခဲ့ရသည်။

ဦးသိန်းညွန့်သည် လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်နေသကဲ့သို့ ရှေ့နေတဦး အဖြစ်လည်း အမှုများလိုက်ပါဆောင် ရွက်လျက်ရှိသည်။ ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် ထိတွေ့မှု များသည့် နိုင်ငံရေးသမား တဦး ဖြစ်သည်။

ဒေါ်နော်အုံးလှ
နိုင်ငံရေး အကျဉ်းသား လွတ်ရေး အင်္ဂါဆုတောင်းပွဲ ဦးဆောင်သူ


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေစဉ် အတွင်း ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ၊ ရွှေဝါရောင် တော်လှန်ရေးကြောင့် ဖမ်းဆီးခံ သံဃာတော်များ ပြန်လည် လွတ်မြောက်ရေး အတွက် အင်္ဂါဆုတောင်းပွဲကို အပတ်စဉ် ဦးဆောင်ခဲ့သူ တဦးဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ မှော်ဘီမြို့နယ် စည်းရုံးရေးမှူး အဖြစ်မှ၂၀ဝ၅ ခုနှစ်တွင်ရပ်စဲခံခဲ့ရကာ ပါတီဝင်တဦးအဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။

အင်္ဂါဆုတောင်းပွဲ ပြုလုပ်ခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုတို့ကြောင့် မကြာခဏ ဖမ်းဆီးထိန်းသိမ်းခံရကာ ၎င်းနေထိုင်ရာ မှော်ဘီမြို့နယ်၏ အပြင်သို့ သွားလာခွင့် ကန့်သတ်ခံခဲ့ရသည်။

ဒေါ်နော်အုံးလှ၏ နိုင်ငံရေးအန်တုမှုဆိုင်ရာ လှုပ်ရှားမှုများသည် NLD ပါတီ၏ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မှုများနှင့်သိသိ သာသာကွဲပြားခဲ့သည်။ မကြာသေးမီလများက နော်အုံးလှနှင့်လုပ်ဖော်ကိုင်ဖက်များ၏ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ဒေါ်နော်အုံးလှက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခြင်း မရှိခဲ့ကြောင်း သိရသည်။

NLD ပါတီအား တရားဝင်အဖြစ်ပြန်လည် မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်မည်ဟု မကြာခင်ရက်ပိုင်းအတွင်း သတင်းများ ထွက် ပေါ်ခဲ့ပြီးနောက် ထိုကိစ္စကို တနိုင်ငံလုံးရှိ အဖွဲ့ဝင်များ ပြည်သူများ၏အသံကို နားထောင်ပြီးမှသာ ပါတီကိစ္စ ဆုံးဖြတ်သင့်ကြောင်း နော်အုန်းလှ အပါအဝင် ပါတီဝင် ၃၂ ဦး က ကန့်ကွက်ခဲ့ကြသည်။

မိမိ၏ ယုံကြည်ချက်များကို တားဆီးနေမှုများကြားမှ အစဉ်တစိုက် လုပ်ဆောင်နေသူ နော်အုန်းလှသည် နိုဝင်ဘာ ၁၈ ရက်နေ့က NLD ရုံးချုပ်အတွင်း ပါတီမှတ်ပုံတင်ရန် ဗဟိုအလုပ်အမှုဆောင်းများ ဆွေးနွေးနေစဉ် ရုံးရှေ့၌ ပါတီမှတ်ပုံတင်ခြင်း ကန့်ကွက်ကြောင်း စာများကို ဖြန့်ဝေခဲ့သည်။

Mr. Lu Qizhou
တရုတ် CPI ကုမ္ပဏီ ဥက္ကဋ္ဌ

သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံဆည် တည်ဆောက်မှု ရပ်ဆိုင်းကြောင်း ကြေညာချက်ကြောင့် အံ့သြတုန်လှုပ်သွားခဲ့ သူများထဲတွင် China Power Investment (CPI) ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Lu Qizhou လည်း တဦးအပါအဝင်ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံတန်ဖိုးရှိ ယင်းစီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းသည် နှစ်နိုင်ငံအကျိုးစီးပွား ထိခိုက်မှုကြီးမားပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များက လျော်ကြေးတောင်းခံလာနိုင်ကြောင်း၊ ဆုံးရှုံးနစ်နာမှု များပြားမည် ဖြစ်၍ ဥပဒေကြောင်း အရ ဆောင်ရွက်စရာများ ဖြစ်လာနိုင်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သူလည်း ဖြစ်သည်။

Mr. Lu Qizhou ဦးဆောင်သည့် CPI ကုမ္ပဏီက မြစ်ဆုံစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးပြီး ဒေသစီးပွား တိုးတက်လာမည်ဖြစ်၍ စီမံကိန်းကို ဒေသခံ ကချင် လူထု ၈၀ ရာခိုင်နှုန်းကျော်က ထောက်ခံကြောင်း၊ စီမံကိန်းပြီးစီးသည့်အခါ ပြောင်းလဲလာသည့် သဘာဝ၀န်းကျင်အနေအထားကြောင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ဆိုသည်။

၎င်း၏ ပြောဆိုမှုများကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်ပြောဆိုခဲ့ရာ ယခုနှစ်အတွင်း မြန်မာလူထုအတွက် ပွဲဆူစေခဲ့သူ တဦးဖြစ်ခဲ့သည်။

ဇေယျာသော်
ဟစ်ပ်ဟော့ပ် အဆိုတော်

မြန်မာပြည်တွင် ဟစ်ပ်ဟော့ပ် ဂီတကို စတင်မိတ်ဆက်ပေးခဲ့သည့်အဖွဲ့ဟု ဆိုနိုင်သော ACID အဖွဲ့ဝင် ဇေယျာသော် သည် ၂၀ဝ၇ ရွှေဝါရောင်တော်လှန်ရေးတွင် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(GW) ထူထောင်ရာတွင် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သည်။

GW သည် စစ်အစိုးရကို ဆန့်ကျင်သော လက်ကမ်းစာစောင်များ သီချင်းများကို လူငယ်ထုအတွင်း ဖြန့်ဝေခဲ့သည်။ ဇေယျာသော် ကို စစ်အစိုးရက ၂၀ဝ၈ ခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး မတရားအသင်း ထူထောင်မှု၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် ထောင် ဒဏ် ၆ နှစ် ချမှတ်ခဲ့သည်။ တရားရုံးတွင် အယူခံဝင်ခဲ့သောကြောင့် ထောင်ဒဏ် ၂ နှစ် လျှော့ပေါ့ခံခဲ့ရသော ဇေယျာသော်သည် သမ္မတ ဦးသိန်းစိန်အစိုးရ အာဏာလွှဲပြောင်းရယူပြီး ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်ရက် စေ့ရန် ၆ လအလို ယခုနှစ် မေလအတွင်း ထောင်မှ လွတ်မြောက်လာခဲ့သည်။

၎င်းသည် အကျဉ်းထောင်မှ လွတ်လွတ်ခြင်း မီဒီယာများအား “နိုင်ငံရေးဆက်လုပ်မယ်” ဟု ပြောခဲ့သူဖြစ်သည်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အပါအဝင် နိုင်ငံရေးအခမ်းအနားများတွင် ဟစ်ပ်ဟော့ပ် သီချင်းများ သီဆိုခဲ့သော ဇေယျာသော်ကို အစိုးရက ဘိုးဘွားရိပ်သာ ရန်ပုံငွေပွဲတပွဲတွင် သီချင်းသီဆိုခွင့် ပိတ်ပင်ခဲ့သည်။ ဇေယျာသော်သည် ၎င်းဦးစီး တည်ထောင်ခဲ့သော GW အဖွဲ့ကို ယခုနှစ်အတွင်း တရားဝင်မြေပေါ်အဖွဲ့အစည်းအဖြစ် ပြန်လည်အသက်သွင်းခဲ့ပြီး ယခုအခါ နိုင်ငံ ရေးနှင့် အနုပညာ အလုပ်ကို တွဲလျက် လုပ်ကိုင်နေသည်။

မစ္စ ဟီလာရီ ကလင်တန်
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး

မစ္စ ဟီလာရီ ကလင်တန်၏ လွန်ခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ခရီးစဉ်သည် နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တဦးအနေဖြင့် သမိုင်းဝင်ခရီးစဉ် တခုဖြစ်သည်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆက်လက် ရှိနေသော်လည်း သမ္မတ အိုဘားမား အစိုးရ၏  မြန်မာအစိုးရ ခေါင်းဆောင်များနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံရေးမူအရ ယခုကဲ့သို့ မစ္စ ဟီလာရင် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘက်က အမှန်တကယ် အဓိပ္ပာယ် ပြည့်ဝသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းသည် အမေရိကန် က ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများအား ပြန်လည်ရုပ်သိမ်းသွားစေရန် လွယ်ကူမည်ဆိုသည့်အချက်ကို မစ္စ ဟီလာရီ က သတင်းစကား ပါးခဲ့သည်။

မစ္စ ဟီလာရီ သည် မြန်မာနိုင်ငံသို့ မလာမီ သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ယခုထက်ပိုလုပ်ခြင်း၊ တိုင်းရင်းသား ဒေသများတွင် မြန်နိုင်သမျှ မြန်မြန် လက် နက်ကိုင် ပဋိမက္ခများ အဆုံးသတ်စေရေးတို့အတွက် တိုက်တွန်းပြောကြားခဲ့သည်။ ထို့အပြင် လာမည့် ကြားဖြတ် ရွေးကောက်ပွဲကို လည်း လွတ်လပ်၍ တရားမျှတပြီး အများလက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်စေရန်လည်း တိုက်တွန်းခဲ့သည်။ အဆိုပါ တိုက် တွန်းချက်များကို မြန်မာ အစိုးရဘက်က အကောင်အထည်ဖော်နိုင်သည်နှင့်အမျှ အမေရိကန်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော ခဲ့သည်။

မိုင်ချယ်ရီဇာဟောင်း
လူ့အခွင့်အရေး လှုပ်ရှားသည့် ချင်း တိုင်းရင်းသူ


ကမ္ဘာအရပ်ရပ်တွင် ရောက်ရှိသော ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ရောက်ရှိနေသော ချင်းလူထုက မဲပေးရွေးချယ်ခဲ့သည့် “၁ နှစ်တာအတွက် ချင်းတိုင်းရင်းသားများက အသိအမှတ်ပြုသူ” (Chin Person of the Year) ဆုကို ယခုနှစ်အတွက် အသက် ၃၀ အရွယ်ရှိ မိုင်ချယ်ရီဇာဟောင်း က ရရှိခဲ့သည်။ ထိုဆုကို ချီးမြှင့်ခဲ့သည်မှာ ၅ နှစ်သာ ရှိသေးပြီး ဆုရဖူးသူများထဲတွင် မိုင်ချယ်ရီဇာဟောင်းက အသက်အငယ်ဆုံးဖြစ်သည်။ မိုင်ချယ်ရီဇာဟောင်းသည် ၂၀ဝ၃ ခုနှစ်မှ စတင်၍ ယခု အချိန်အထိ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှု ကိစ္စရပ်များကို လုပ်ဆောင်ခဲ့သူ ချင်းအမျိုးသမီး တဦးဖြစ်သည်။ ချင်း ဒေ သ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချင်း တိုင်းရင်းသားများအတွက်သာမက မြန်မာတနိုင်ငံလုံးအတွက် လူ့အခွင့်အရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု မိုင်ချယ်ရီဇာဟောင်းက စက်တင်ဘာလတွင်ကျရောက်သော ချင်း နှစ်သစ်ကူးပွဲတော်တွင်ပြော ခဲ့သည်။

လူထု စိန်ဝင်း
စာရေးဆရာ၊ သတင်းစာ ဆရာ

အောက်ဆီဂျင်ပိုက်တန်းလန်းနှင့် ကောင်းစွာ မကျန်းမာသော်လည်း ပြတ်ပြတ်သားသားနှင့် အတွေးခွန်အား၊ ဝေဖန်မှု ပြတ်သားလှ သော စာများကို မီဒီယာများတွင် ဆက်တိုက်ရေးနိုင်နေသူမှာ သတင်းစာဆရာကြီး လူထုစိန်ဝင်း ဖြစ်သည်။

၁၉၆၉ ခုနှစ်တွင် ကိုကိုးကျွန်းသို့ အပို့ခံရပြီး ၁၉၇၂ တွင် ပြန်လည်လွတ်မြောက်လာသော ဆရာကြီး လူထုစိန်ဝင်းသည် ၁၉၈၀ တွင် လေဖြတ်ပြီးကိုယ်တခြမ်းသေကာ ဘယ်ဘက်လက်ဖြင့် စာရေးကျင့်ခဲ့ရသည်။ ရေးသားခဲ့သည့် ဆောင်းပါးထက်ဝက်ခန့်သည် စာ နယ်ဇင်း ပညာ တိုးတက်ရေးအတွက် အကြောင်းအရာများဖြစ်ပြီး တခြား နယ်ပယ်များတွင်လည်း ခေတ်နှင့် မျက်ခြည်မပြတ် ရေး သားနေဆဲဖြစ်သည်။

“သတင်းစာပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို စိုက်လိုက်မတ်တတ်ရေးခဲ့ရတဲ့ အကြောင်းရင်းက သတင်းထောက်၊ သတင်းစာ အယ်ဒီတာဆိုတဲ့ မျိုးဆက် ပြတ်သွားမှာ စိုးလို့ပဲ”ဟု တွေ့ဆုံမေးမြန်းခန်းတခုတွင် ဆရာလူထုစိန်ဝင်းက ဖြေကြား ဖူးသည်။

နအဖ စစ်အစိုးရလက်တွင်ရော ယခု ဦးသိန်းစိန် အစိုးရလက်ထက်တွင်ပါ အစိုးရကိုရော အတိုက်အခံများကိုပါ ပွင့်လင်း ပြတ် သား စွာ ရေးသားတင်ပြမှုများ၊ ခေတ်လူငယ်များနှင့် ခေတ်ယဉ်ကျေးမှုအပေါ် ဝေဖန်သုံးသပ်သည့် အမြင်များကြောင့် မီဒီယာနှင့် စာဖတ် ပရိသတ်များအကြားတွင် အခြေအတင် ဆွေးနွေးစရာများ ဖြစ်ပြီး မကြာခဏ ပွဲဆူခဲ့သည်။

ယခုနှစ်အတွင်း ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း ရန်တန့်ပေးရန် တောင်းဆိုကြသည့်ကာလတွင် ဆရာကြီး လူထုစိန်ဝင်းက “လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလို ဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက် လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆို ဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး”ဟု သမ္မတ ဦးသိန်းစိန် အစိုးရကို ပြတ်သားစွာ သတိပေးခဲ့သည်။

သို့ရာတွင်၂၀ဝ၇ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့က နိုင်ငံရေးအကျဉ်းသားများအတွက် ဆုတောင်းပွဲများ ဦးဆောင်ကျင်း ပသည့် ဒေါ်နော်အုံးလှ ဦးဆောင်သော အဖွဲ့က နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် စီတန်းလှည့်လည် ခဲ့ရာ လူထုစိန်ဝင်းက Eleven Media Group ၏ အင်တာနက် စာမျက်နှာပေါ်မှ ဝေဖန်ရေးသားခဲ့သောကြောင့် လူအများ၏ ပြန်လည် ဝေ ဖန်ခြင်း ခံရပြီး ပွဲဆူခဲ့သေးသည်။

ဖြူဖြူသင်း
HIV/AIDS ဝေဒနာရှင်များကို စောင့်ရှောက်သူ

သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာ သံတမန်များ၊ ကိုယ်စားလှယ်များ လာရောက် လေ့လာကြရာတွင် သွားလေ့သွားထ ရှိကြသော နေရာတခုကို ပြပါဆိုလျှင် တောင်ဒဂုံမှ မဖြူဖြူသင်း အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်များ လုပ်ဆောင်နေသည့် HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး ဂေဟာကို ပြရမည်ဖြစ်သည်။

၂၀ဝ၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် NLD လူငယ်တချို့သည် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(UNDP) ၏ HIV တားဆီးရေးနှင့် ပြုစုစောင့်ရှောက်ရေးသင်တန်းကို တက်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ HIV/AIDS ကူညီကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဇောက်ချ လုပ်ကိုင်ခဲ့သည်။

နအဖ စစ်အစိုးရလက်ထက်မှစ၍ အဆိုပါ စောင့်ရှောက်ရေးဂေဟာကို အာဏာပိုင်များက အနှောင့်အယှက်များ ဆက်တိုက် ပေးခဲ့ သည်။ တက်ကြွလှုပ်ရှားသူ လူငယ်များကို ဖိအားပေးမှု၊ ဖမ်းဆီးမှုများကြောင့် မဖြူဖြူသင်းသည် တနှစ်ကြာ ပုန်းအောင်းနေခဲ့ရပြီး ၂၀ဝ၈ ခုနှစ်တွင်မှ လူမြင်ကွင်း၌ ပြန်ပေါ်လာခဲ့သည်။ တိမ်းရှောင်ပုန်းနေရစဉ်အတွင်း ဖခင်ကွယ်လွန်သော်လည်း ဈာပနသို့ လာ ရောက်နိုင်ခြင်း မရှိပေ။

၂၀၁၀ နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် အစိုးရသတင်းစာက မဖြူဖြူသင်း၏ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများသည် ကျန်းမာရေး လုပ်ငန်းများနှင့် မညီညွတ်ဟုဆိုတာ ရေးသားကန့်ကွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက် စောင့်ရှောက်ရေးဂေဟာသို့ သွားရောက်လည်ပတ် အားပေးခဲ့ပြီးနောက်တွင် အစိုးရနှင့်ပတ်ဝန်းကျင်မှ ဖိအားများနည်းသွားခဲ့သည်။

HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးအတွက် မဖြူဖြူသင်းတို့ အဖွဲ့သည် ဆေးဖိုး၊ အာဟာရ၊ ခရီးစရိတ်နှင့် ဆေးခန်းပို့ခများအပါအဝင် ကုန်ကျစရိတ်များအတွက် တလလျှင် ကျပ် သိန်းရာနှင့်ချီ၍ အကုန်ကျခံ သုံးစွဲနေရသည်။

အစိုးရနှင့် အကင်းဆုံးအဖွဲ့မှာ သူတို့၏ ဂေဟာနှင့် ဦးကျော်သူတို့၏ နာရေးကူညီမှုအသင်းဟု အင်တာဗျူးတခုတွင် မဖြူဖြူသင်းက ပြောဖူးသည်။

ချက်သမ္မတနိုင်ငံ အခြေစိုက် People in Need အဖွဲ့က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလုပ်ငန်းများ ဆောင်ရွက်သူများကို ချီးမြှင့် သည့် Homo Homini ဆုကို ၂၀ဝ၇ ခုနှစ်တွင် မဖြူဖြူသင်း၊ မစုစုနွေးနှင့် မနီလာသိန်းတို့အား ပူးတွဲ ပေးအပ်ခဲ့သည်။ ၂၀၁၀ ပြည် သူ့ဂုဏ်ရည်ဆုအတွက် နောက်ဆုံးဆန်ခါတင် ၅ ဦးတွင် မဖြူဖြူသင်းလည်း ပါဝင်ခဲ့သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection