မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာ၀တီကို ကယ်တင်ကြစို့။

သဘာ၀အလှနဲ့ ပြည့်စုံနေရုံမက မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာ၀တီကို ကယ်တင်ကြစို့။

သဘာ၀အလှနဲ့ပြည့်စုံနေရုံမက မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာ၀တီကို ဖျက်ဆီးပစ်နေတဲ့  မြစ်ဆုံရေ ကာတာစီမံကိန်း ရပ်ဆိုင်းသင့်ပါပြီ။






နယူးဒေလီ (မဇ္စျိမ) ။      ။ မြစ်ဆုံအပါအဝင် ဆည်စီမံကိန်းများကြောင့် ပျက်စီးနေသည့် ဧရာဝတီမြစ် ပျက်စီးမှု ကာကွယ်ရန် တောင်းဆိုနေမှုများကို အစိုးရအနေဖြင့် အလေးထားရန်နှင့် ပြန်လည် သုံးသပ်သင့်ပြီ ဖြစ်ကြောင်း
ရွေးကောက်ပွဲ ပါတီများက ပြောဆိုသည်။

ဆည်စီမံကိန်းများကြောင့် အဓိကကျသည့် ဧရာဝတီမြစ် တိမ်ကောလာခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်
နေခြင်းကြောင့် စီမံကိန်းရပ်ဆိုင်းရန်အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူများနှင့် ပညာရှင်များက တောင်းဆိုနေကြသည်။

“ ကိုယ်တွေ့ မျက်စိနဲ့ တွေ့နေရတဲ့ ဟာက ကျတော့ ဒီမြစ်ကြီးက တော်တော်လည်းပဲ ညစ်ပတ်တယ်။ တော်တော်လေးလည်း ကောနေတာတွေ တွေ့တယ်ဗျ။ သင်္ဘောတွေ ဘာတွေသွားတဲ့အခါကျရင်လည်း ရှောင်ပြီးတော့ သွားနေကြရတာပေါ့နော်။ အဲဒါကြောင့် အားလုံးပြန်ပြီးတော့ လေ့လာဆန်းစစ်ကြည့်ပါ။ လေ့လာသုံးသပ် ပြီးတဲ့အခါ ကျတော့မှ အချိန်ယူပြီး တော့မှ ဆုံးဖြတ်ပါ” ဟု ရွေးကောက်ပွဲဝင် ဒီမိုကရက် တစ်ပါတီ-မြန်မာဥက္ကဋ္ဌ ဦးသုဝေက မဇ္စျိမကို ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းကလည်း “အများက ပြောနေကြတာက ကောင်းကျိုး ထက်ကို ဆိုးကျိုးက ပိုများမယ် ဆိုနေတဲ့ အတွက်ကြောင့်မို့ အဘတို့လည်း စိတ်ပူတယ်။ ကျွမ်းကျင်သူ မဟုတ်ပေမယ့် တွက်ကြည့်မယ် ဆိုရင်တော့ ဖြစ်နိုင်တဲ့ အနေအထားတော့ ရှိတာပေါ့နော်။ ဒါကြောင့်မို့လို့ တိုင်ပင်ကြ၊ ညှိနှိုင်းကြ၊ ဆွေးနွေးကြမယ် ဆိုရင်တော့ အကောင်းဆုံးပါ” ဟု ဆိုသည်။

ဧရာဝတီ မြစ်ပေါ်တွင် တည်ဆောက်နေသည့် စီမံကိန်းများကြောင့် ဒေသခံများ ပြောင်းရွှေ့ပေးရခြင်း၊ မြစ်ကြောင်းများ ကောလာခြင်း၊ သောင်ထွန်းခြင်းများအပြင် မြစ်ကို မှီတင်းနေထိုင်ကြသူများပါ အတိဒုက္ခ ရောက်နေရသည်ဟု စွပ်စွဲထားသည်။

ယင်းအပြင် ဧရာဝတီမြစ်ဆုံတွင် တည်ဆောက်နေသည့် မြစ်ဆုံ စီမံကိန်းကြောင့် ဧရာဝတီတိုင်း အပါအဝင် မြစ်
အောက်ပိုင်းဒေသများ၌ ရေရရှိမှု နည်းပါး၍ မြစ်အတွင်း ပင်လယ်ရေ ဝင်ရောက်လာမှုကြောင့် အဓိကကျသည့် စိုက်ပျိုးရေး လုပ်ငန်းကို ထိခိုက်နိုင်ကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG မှ ထုတ်ပြန်သည့် “ဧရာဝတီမြစ်ကို ပိတ်ဆို့ ရေကာတာတည်ဆောက်ခြင်း” အစီရင်ခံစာတွင် ပါရှိသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ဧရာဝတီအတွက် ပန်ကြားခြင်း” အမည်ဖြင့် ဆည် တည်ဆောက်မှု များကြောင့် ဧရာဝတီမြစ် ပျက်စီးမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်ချက်တစောင်ကို သြဂုတ်လ ၁၁ က ထုတ်ပြန်ခဲ့သေးသည်။

အစိုးရကမူ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ခြင်း၊ စိုက်ပျိုးသီးနှံများအတွက် ရေကို လိုအပ်သည့် အချိန်ကာတွင် လိုသလောက် ထုတ်လွှင့်ပေးနိုင်ခြင်း၊ မြစ်အောက်ပိုင်း၌ သဲသောင်ပေါ်ထွန်းမှု၊ မြစ်ရေကြီးမှုနှင့် ပင်လယ် ဆားငန်ရေ ဝင်ရောက်မှုကို ကာကွယ်ပေးနိုင်သည်ဟု အစိုးရထုတ် သတင်းစာများမှ တဆင့် ပြန်လည်ချေ ပခဲ့သည်။

“ဒီအစိုးရက သူတို့ရဲ့စီမံကိန်းအတိုင်း တခုခု လုပ်မယ်ဆိုရင် သူတို့က ဘယ်သူပြောတာမှလည်း နားမထောင်ဘူး လေ။ နားမထောင်ဘဲနဲ့ သူတို့အစီအစဉ်အတိုင်းပဲ လုပ်လေ့ရှိတာပဲလေ။ ဒါပေမဲ့ သူတို့ လုပ်တာဟာ မကောင်းတဲ့ ဘက်က များတယ်ဆိုရင်တော့ ကိုယ်ကတော့ တတ်နိုင်သမျှ ပြောရမှာပဲ” ဟု ဦးသုဝေက ပြောသည်။

အစိုးရက ဧရာဝတီ၊ မေခ၊ မလိခမြစ်ကြောင်း တလျှောက်ရှိ မြစ်ဆုံ၊ ချီဖွေ၊ ချီဖွေငယ်၊ ဝူဆောက်၊ ခေါင်လန်ဖူး၊
ယီနန်၊ ဖီဇော၊ လိုင်ဇာဟူ၍ ရေကာတာ ၈ ခုကို ၁၅ နှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကာ စုစုပေါင်း စက်တပ်အင်အား ၁၈၄၉၉ မဂ္ဂဂါဝပ် ရှိသည်။

မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီကြီးဖြစ်သည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံရေး
ကော်ပိုရေးရှင်း CPI က ရင်းနှီးမြှုပ်နှံကာ ဦးဆောင်တည်ဆောက်နေပြီး၊ မြန်မာနိုင်ငံဘက်မှ အစိုးရပိုင် မြန်မာ့ လျှပ်စစ်လုပ်ငန်း MEPE၊ ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် စတီဗင်လောနှင့် မိသားစုပိုင် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

စတီဗင်လော၏ ဖခင်လော်စစ်ဟန်မှာ အေးရှားဝေါကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သလို၊ အမေရိကန်အစိုးရက သူ့ကို မူးယစ်ဆေး 'ဘိန်းရာဇာ'၊ ငွေကြေးခဝါချမှု စသည့် ပြစ်မှုများဖြင့် နာမည်ပျက်စာရင်း သွင်းထားသူလည်း ဖြစ်သည်။

ရေအားလျှပ်စစ် မီဂါဝပ် ၃,၆ဝဝ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” အရ မေခမြစ် အပိုင်းတွင် တာ ၅ ခု၊ မလိခမြစ်မှာ ၂ ခု ပိတ်ရမည် ဖြစ်သည်။

မြစ်ဆုံဆည်နယ်မြေ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈ဝဝဝ ရှိကာ ဆည်အမြင့် ၁၅၂ မီတာ (ပေ ၅ဝဝ) နှင့် အထက် ရေလှောင်ကန်အမြင့်မှာ ၂၉၉  မီတာ (ပေ ၉၈ဝ) ရှိသည်။

ဆည်နှင့် ရေလှောင်ကန်တည်ဆောက်မှု ကြောင့် ရေလွှမ်းမိုးနစ်မြုပ်ခံရမည့်နေရာ အကျယ်အဝန်းသည် စင်္ကာပူနိုင်ငံထက် ကျယ်ပြီး၊ ကျေးရွာအများအပြား ပျက်စီးပြောင်းရွှေ့ရမည်၊ ကျေးရွာလူထု ၁၅,ဝဝဝ ခန့်အထိ ထိခိုက်နစ်နာဖွယ်ရှိနေသည်။

ယင်းအပြင် ဧရာဝတီမြစ်အတွင်း နေထိုင်သည့် ရှားပါးမျိုးနွယ်ဝင် ဧရာဝတီ လင်းပိုင်များအပါအဝင် ဂေဟဗေဒ သဘောအရ အရေးကြီးသည့် ဇီဝသတ္တစုံလင်သော နေရာဒေသ အများအပြားပါ ပျက်စီးဆုံးရှုံး ရဖွယ်ရှိသည်ဟု KDNG ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“လူသားတယောက်အနေနဲ့ဆိုလို့ရှိရင် သဘာဝအတိုင်းပဲ မြင်လိုတဲ့ဆန္ဒ ရှိတာပေါ့။ ဆိုးကျိုးကတော့ မလိုချင် ဘူူး။ ကောင်းကျိုးဆိုတာကလည်း ဒီမြစ်ကြီးနဲ့ပတ်သက်ပြီး သူ့ရဲ့ အကျိုးအမြတ်ကို ခံစားနေတဲ့ သူတယောက် ဆိုတော့ ဆိုးကျိုးကတော့ လုံးဝ မဖြစ်စေချင်ဘူးလေ။ မြစ်ပျက်စီးမှုက ဧရာဝတီမှာလည်း ရှိတယ်” ဟုဦးနိုင်ငွေသိန်းက ဆိုသည်။

မြစ်ဆုံဆည် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၃,၆ဝဝ ကုန်ကျစရိတ် ရှိမည်ဖြစ်ပြီး ထွက်ရှိသည့် လျှပ်စစ်ကိုလည်း တရုတ်နိုင်ငံသို့ ရောင်းချကာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၅၅၈ သန်းမှ ၅၉၇ သန်းအထိ ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းထားကြသည်။

နေပြည်တော်တွင် သြဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ သတင်းစာ ရှင်းလင်းပွဲတွင်လည်း သတင်းထောက်များက မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ဖို့ ရှိပါသလားဟူသည့် မေးခွန်းကိုလည်း “စီမံကိန်းမှာ ကြီးကြီးမားမား ပြဿနာ မရှိကြောင်းနှင့် အမြင်ကွဲပြားမှုများသာ ဖြစ်သည်” ဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

ဆည် တည်ဆောက်မှုများနှင့် ပတ်သက်၍ လာမည့် ဒုတိယအကြိမ် လွှတ်တော် သုံးရပ် အစည်းအဝေးတွင် အဆို တင်သွင်းသွားရန် မူအားဖြင့် ပြင်ဆင်နေကြောင်းနှင့် လွှတ်တော်တွင်း တင်ပြခွင့် ရမည်၊ မရမည်ကိုမူ အသေအချာ မသိနိုင်သေးကြောင်း ရွေးကောက်ပွဲဝင်ပါတီများက ဆိုသည်။

“လွှတ်တော်မှာတင်တဲ့ဟာ ဥပမာ အကျဉ်းသား လွတ်မြောက်ရေးတို့၊ ငြိမ်းချမ်းရေးတို့၊ ပြီးတဲ့ အခါကျတော့ ပြန်လည် သင့်မြတ်ရေးတို့ဆိုတာက ပေါက်ကြားပစေလား။ ဘာဖြစ်လဲ။ ဒါဟာ လူတိုင်းက ဒါမျိုးကို လိုချင်နေကြတယ်ဆိုတာ ဒါ ပြည်သူရဲ့ လိုအပ်ချက်ပဲဆိုတော့ ပေါက်ကြားပစေ တင်လိုက်။ ဘာဖြစ်လဲ” ဟု မွန်ပါတီဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဆိုသည်။ ဒုတိယအကြိမ် အစည်းအဝေးကို သြဂုတ်လ ၂၂ ရက်တွင် ကျင်းပမည် ဖြစ်သည်။

ပြီးခဲ့သည့် အစည်းအဝေးတွင်မူ လွှတ်တော်သို့ မတင်သွင်းမီ မီဒီယာသို့ သတင်းပေါက်ကြားခဲ့သည့် အဆို အချို့ကို လွှတ်တော်ဥက္ကဋ္ဌများက ပယ်ချခဲ့ဖူးပြီး၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့်အဆိုတင်သွင်းမှု လည်း နည်းပါးခဲ့သည်။

လာမယ့်လွှတ်တော်အတွင်း သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် အဆိုတင်သွင်းမှုများ များပြား လာနိုင် ကြောင်းနှင့် အစိုးရအနေဖြင့် တစုံတရာလုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်းလည်း ဒီမိုကရက် တစ်ပါတီ-မြန်မာက ရှုမြင်ထားသည်။

“ဒီတခေါက်တော့ များများတင်ပါလိမ့်မယ် ထင်တယ်။ ဒီတခေါက်က လွှတ်တော်ကလည်းပဲ အစလည်း ဖြစ်နေပြန် တယ်။ နောက်ပြီးတော့လည်း အစိုးရသစ်လည်း မဟုတ်ဘူး၊ အစိုးရဟောင်းက ဖြေတာတွေ များတယ်လေ။မေးပြန်ရင်လည်းပဲ သူတို့ လုပ်ခဲ့ပြီးတဲ့ဟာတွေ ဖြေသွားတဲ့သဘောလောက် ရှိတယ်။ နောင် ဆက်ပြီးတော့ ဘာတွေလုပ်မယ် ဘာညာဆိုတာတွေ မပါဘူးလေ။ သူတို့ကလည်း တာဝန်ခံရတဲ့သူမှ မဟုတ်ပဲကိုး” ဟု ဦးသုဝေက ဆိုသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection