NLD လုပ်ငန်းများရပ်ရန် အစိုးရ သတိပေး

NLD လုပ်ငန်းများရပ်ရန် အစိုးရ သတိပေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံရေးပါတီ အဖြစ် တရားဝင် ရပ်တည်နိုင်ခြင်း မရှိသောကြောင့် လက်ရှိ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခြင်း မပြုရန် ပြည်ထဲရေးဝန်ကြီးဌာနက အကြောင်းကြားထားသည်ဟု ယနေ့ ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

NLD ဌာနချုပ်ရုံး အပါအ၀င် နယ်ရုံးများ ဆက်လက် ဖွင့်လှစ်ထားခြင်း၊ နိုင်ငံရေး ပါတီအနေဖြင့် ကြေညာချက် ထုတ်ပြန်ခြင်း၊ စာအုပ်စာစောင်များနှင့် ဗီဒီယိုခွေများ ထုတ်ဝေခြင်း၊ နိုင်ငံခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ အစည်း အဝေး အခမ်းအနားများ ပြုလုပ်နေခြင်း တို့သည် ဥပဒေအား တမင် ဆန့်ကျင်နေခြင်းဖြစ်ကြောင်း စာတွင် ဖော်ပြ ထားသည်။

လူမှုရေးလုပ်ငန်းများ လုပ်ဆောင်လိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။
အခမ်းအနားတခုတွင် တွေ့ရသော NLD ခေါင်းဆောင်များ ဖြစ်သည့် ဦးအောင်ရွှေ နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-Faceboook)

အကြောင်းကြားစာကို NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ထံ ပေးပို့ထားသည်ဟု သိရသည်။

ထိုသို့ အကြောင်းကြားစာ ပေးပို့ခြင်းမှာ အစိုးရက NLD ကို ဖိအားပေးလို၍ ဖြစ်ကြောင်း၊ လူစုလူဝေး ပြုလုပ်ပါက အစိုးရက အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လာ နိုင်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေ ဦးအောင်သိန်းက သုံးသပ်သည်။

နယ်ခရီးထွက်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံမည်၊ မြန်မာပြည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပြီးနောက်ပိုင်း အစိုးရက ထိုအကြောင်းကြားစာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် ပြီးခဲ့သည့်နှစ်က ရက်ပေါင်း ၆၀ အချိန်ပေးခဲ့သော်လည်း NLD က မှတ်ပုံတင်ခဲ့ခြင်း မရှိကြောင်း စာထဲတွင် ဖော်ပြထားသည်ဟု ဆိုသည်။

NLD က ၂၀၁၀ ရွေးကောက်ပွဲသည် တရား မျှတမှု မရှိနိုင်သည့် အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကိုလည်း လက်မခံနိုင်ဟု ဆိုကာ ပါတီမှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ပေ။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၄ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က NLD ကို နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်း လိုက်ကြောင်း ကြေညာလိုက်သည်။

သို့သော်လည်း NLD က ဖွင့်ခွင့်ရသည့် ရုံးများတွင် ပုံမှန် အလုပ်များ ဆက်လက် လုပ်ကိုင်ခဲ့သည်။ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခြင်းသည် တရားမ၀င်ဟု ဆိုကာ ဥပဒေကြောင်းအရ တရားရုံး အဆင့်ဆင့်ကို လျှောက်ထားသော်လည်း ပ လပ် ခံရသည်။

ယခုနှစ် ဧပြီ ၅ ရက်နေ့က နိုင်ငံရေးပါတီ ၃၇ ခု သို့ ပေးပို့သည့် ရွေးကောက်ပွဲ ကော်မရှင်၏ စာတွင် တရားမ၀င် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှု မပြုကြရန် သတိပေးထားသည်။

ထိုစာသည် NLD ပါတီနှင့် ဆက်သွယ်ခြင်း မပြုရန် တားမြစ်သည့် စာဖြစ်သည်ဟု အများက ယူဆကြသည်။

ထိုစာနှင့် ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “NLD ပါတီက အခုချိန်ထိ အစိုးရက ဖျက်သိမ်းတာကို တရားဝင် မကြေညာသေးဘူးလေ။ ဒီတော့ ကျနော်တို့က သူတို့နဲ့ ပြောဆိုတာတွေ ဆက်လုပ်မှာပါ” ဟု ဧရာဝတီကို ပြောပြခဲ့သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection