စွန့်ပစ်စက်ရုံ သုံးရုံသာ မြန်မာတွင်ရှိ
စွန့်ထုတ်လိုက်သည့် ပစ္စည်းနှင့် ရေများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေသည့် စက်ရုံမှာ တစ်နိုင်ငံလုံးတွင် စံနမူနာယူနိုင်သည့်စက်ရုံ ၃ ရုံသာရှိသေး ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
အဆိုပါ စံနမူနာယူထိုက်သည့် စက်ရုံမှာ ဆေးဝါးထုတ်လုပ်မှုစက်ရုံ Fame ၊ အိမ်သုတ်ဆေးထုတ် လုပ်သည့် စက်ရုံ UPG နှင့် ရေသန့်နှင့် အဖျော်ယမကာ ထုတ်လုပ် သည့် စက်ရုံ PNG တို့ဖြစ်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု ရှိ၊ မရှိနှင့် ပတ်သက်၍ ၂ဝဝ၇ ခုနှစ်မှစ၍ ၂ဝ၁၁ ခုနှစ်အတွင်း လေ့လာဆန်းစစ်မှုအရ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
စက်ရုံများအနေဖြင့် ၄င်းတို့ စက်ရုံမှ ထွက်သည့်စွန့်ပစ်ရေထဲတွင် ရေနေသတ္တဝါများ အသက်ရှင်နိုင်ရန် လိုအပ်သည့် အောက်ဆီဂျင်ပမာဏနှင့် ရေထဲသို့ စွန့်ပစ်နိုင် သည့် ဓာတုစွန့်ပစ်ပစ္စည်းပမာဏ PH အဆင့်ကို သတ်မှတ်အဆင့်သို့ ရောက်ရှိစေရန် အနည်ထိုင်စွန့်ပစ်ခြင်း၊ ဓာတုဆေးထည့်၍ စွန့်ပစ်ခြင်း၊ ပိုးမွေး၍ စွန့်ပစ်ခြင်း စသည့် နည်း လမ်း ၃ မျိုးအနက်မှ တစ်မျိုးမျိုးဖြင့် စနစ်တကျ စွန့်ပစ်ရန်လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
”စွန့်ပစ်ရေကို ဘယ်လောက် အဆင့်ရောက်မှ စွန့်ပစ်ရမယ်လို့ ကျွန်တော်တို့နိုင်ငံမှာ သတ်မှတ် ချက်မရှိ သေးပါဘူး။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်နဲ့ အညီလုပ်မယ်ဆိုရင်တော့ စက်ရုံ အားလုံးပိတ်လိုက်ရဖို့ပဲရှိတယ်” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။
မြန်မာနိုင်ငံတွင် စက်မှုဇုန်များ မှ စွန့်ပစ်ရေများကို လှိုင်မြစ်၊ ပဲခူး မြစ်နှင့် ငမိုးရိပ်မြစ်အတွင်းသို့ စွန့်ပစ် သည်ဖြစ်ရာ ယင်းမြစ်ရေထဲတွင် ပါဝင်သည့် ညစ်ညမ်းမှု စုစု ပေါင်း ပမာဏထက် စက်ရုံများမှစွန့်ပစ် သည့် စွန့်ပစ်ရေပမာဏ လျော့နည်းစေရန် စက်ရုံများဘက်မှ စီစဉ်လုပ် ကိုင်လျက်ရှိနေသေးကြောင်း သိရသည်။
”နိုင်ငံတကာမှာ စက်မှုဇုန် တွေရဲ့ စွန့်ပစ်ရေစွန့်ပစ်မှုကို အရမ်း အလေးထားတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း စက်ရုံတွေကို စွန့်ပစ်ရေတွေ စနစ်တကျစွန့်ပစ်ဖို့ နည်းလမ်းကောင်းတွေ ပေးမယ်။ စစ်ဆေးမှု ပြုလုပ်မယ့်အစီအစဉ်တွေ လည်း ရှိလာတော့မယ်” ဟု ၄င်း က ဆက်လက်ပြောသည်။
နိုင်ငံတကာတွင် စက်မှုဇုန် ဆောက်မည်ဆိုပါက ဘေးပတ်ဝန်း ကျင်မှ စက်ရုံများ၏ သဘောတူညီ ချက်အပြင် ပတ်ဝန်းကျင်ရပ်ကွက် များ၏ သဘောတူညီချက်ပါ ကောက်ခံရန်လိုအပ်ပြီး ယင်းတို့၏ ခွင့်ပြုချက်ရမှသာ ဆောက်လုပ်ခွင့် ရနိုင်သည်ဟု သိရသည်။
”ပြည်တွင်းမှာကျတော့ ဒီလို ခွင့်ပြုချက်ယူတာတွေ ဘာတွေက ကြပ်ကြပ်မတ်မတ်တော့ ခုအချိန် အထိ မရှိသေးဘူး။ နောက် ဖြစ်လာဖို့တော့ မျှော်လင့်ရတာပဲ” ဟု ၄င်းက ဆက်လက်ဆိုသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းသည် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ လေ့လာဆန်းစစ်မှု အလုပ်ရုံ ဆွေးနွေးပွဲကို ပထမဆုံး အကြိမ်အဖြစ် ဧပြီလအဆုံးပိုင်း၌ ယင်းအသင်း၌ ပြုလုပ်မည်ဖြစ်ရာ ဆွေးနွေးပွဲတွင် စံပြစက်ရုံ ၃ ရုံ၏ စွန့်ပစ်ရေနှင့် စွန့်ပစ်ပစ္စည်းများ စွန့် ထုတ်မှုပုံစံကို နမူနာယူနိုင်ရန် ဆွေးနွေးသွား မည်ဖြစ်ပြီး စံပြ စက်မှုဇုန် ၃ ရုံကိုလည်း ဂုဏ်ပြုလက်မှတ်ချီးမြှင့် သွားမည်ဟု သိရသည်။
ဝေမာထွန်း