နေ့တက်အထူးစာသင်ကျောင်းတို့ စတင်ကြော်ငြာ
အခြေခံပညာသင်ကျောင်းသားများ၏ စာမေးပွဲအောင်စာရင်းထွက်ချိန်တွင် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် နေ့တက် အထူးစာသင်ကျောင်း များ၌ ကျောင်းအပ်နှံရန် ကျောင်းနှင့်သက်ဆိုင်သည့် လက်ကမ်းကြော်ငြာများအား ရန်ကုန်မြို့တွင်းရှိ နာမည်ကြီးကျောင်းများရှေ့တွင် ဝေငှမှုများ ပြုလုပ်ခဲ့ ကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူများထံမှ သတင်းရရှိသည်။
ကိုယ်တွေ့ကြုံခဲ့ရသူ ကျောင်းသားမိဘက "မနက်စောစောပဲရှိသေးတယ်။ နေ့တက်ပညာသင်ကျောင်းအကြောင်း ကြော်ငြာတဲ့သူတွေက အနှံ့ပဲ။ ကျောင်းတွေကလည်း အစုံပဲ"ဟုဆိုသည်။ ကျောင်းသားမိဘတစ်ဦးကလည်း "အောင်စာရင်းထွက်ချိန်အမှီ ကျောင်းကြော်ငြာဆိုင်းဘုတ်တွေကို လူစည် ကားရာ လမ်းဆုံ၊လမ်းခွတွေမှာ ကြေငြာထားတာ တွေ့ရတယ်" ဟု ဒဂုံ (၁) ကျောင်းတွင် ဧပြီ ၁၈ ရက်နေ့မနက်က အောင်စာရင်း လာရောက်ကြည့်ရှုသူ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
နေ့တက်အထူးစာသင်ကျောင်းများတွင် သင်ကြားနိုင်သော အတန်းများမှာ ၅ တန်းမှ ၁၀ တန်းထိ ဖြစ်ကြောင်း သိရှိရသည်။
အမှတ်(၃) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက "အခုက ၅ တန်းကနေ ၁ဝ တန်းအထိ ခွင့်ပြုထားပါတယ်။ ဒီကျောင်းတွေရဲ့ အခြေ အနေကို ကြည့်ပြီး သူငယ်တန်းကနေ ဆယ်တန်းအထိ ခွင့်ပြုဖို့ကို စဉ်းစားပေးမယ်။ ဒီကျောင်းတွေအကုန်လုံး အခြေခံပညာရေးသင်ရိုးနဲ့ သင်ကြားရမယ်။ ဒီသင်ရိုးကနေ သွေဖည်ပြီး သင်ခွင့်မရှိပါဘူး" ဟု ဆိုသည်။ ပုဂ္ဂလိက အထက်တန်းပညာရေးဥပဒေအား မကြာမှီကာလအတွင်း ထုတ်ပြန်ဖို့ ရှိကြောင်း အဆိုပါတာဝန်ရှိသူမှ ဆက်လက်ပြောကြားသည်။
ပုဂ္ဂလိကပညာသင်ကျောင်းဟူသည့် အသုံးအနှုန်းအား သုံးနှုန်းခြင်းမပြုရန် သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၁၀ ခုနှစ်၊ မေလလယ်က တားမြစ် ခဲ့ပြီး ဘော်ဒါဆောင်အဖြစ်သာ သုံးနှုန်းခြင်းပြုရန် ဘော်ဒါဆောင်တာဝန်ရှိသူအချို့အား ခေါ်ယူသတိပေးခဲ့ခြင်းအတွက် လက်ကမ်းကြော်ငြာများနှင့် လမ်းမ ဘေးဆိုင်းဘုတ်များတွင် အဆင်မြင့်ပညာရေး ဘော်ဒါနှင့် နေ့တက် အထူးစာသင်ကျောင်းဟူ၍သာ သုံးနှုန်းထားခဲ့သည်ကြောင်း ဘော်ဒါဆောင် တာဝန်ရှိ သူတစ်ဦးက ဆိုသည်။
နေ့တက်အထူးစာသင်ကျောင်းများတွင် တစ်နှစ်စာ ပညာရေးစရိတ် ကျသင့်ငွေမှာ ကျပ်သိန်း ၂၀ မှ သိန်း ၃၀ အထိ ဖြစ်ကြောင်း ကမာရွတ် မြို့နယ်တွင် ဖွင့်လှစ်ထားရှိသော စံ ပညာရေးရိပ်သာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါတာဝန်ရှိသူက "သိန်း ၂၀ လောက် ကုန်ကျငွေထဲမှာ နေစားရိတ်၊စားစရိတ်ကအစ အကုန်ပါပါတယ်။ ဒါပေမယ့် တစ်ခါတစ်ခါ အိမ်ပြန်ချင်ရင်တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ရမှာပါ"ဟု ဆိုသည်။ နေ့တက်ဘော်ဒါကျောင်း တစ်ကျောင်းတွင် အတန်းစုံကျောင်းသား ဦးရေ ၂၀၀ အထိ သာ လက်ခံရန် သက်ဆိုင်ရာမှ ခွင့်ပြုထားကြောင်း သိရသည်။
နေ့တက်အထူးစာသင်ကျောင်းများသည် နွေရာသီကျောင်းပိတ်ရက်များတွင် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စာသဒ္ဒါ၊ ကွန်ပျူတာ ဘာသာရပ်များအား အဓိကထား သင်ကြားပေးမည်ဖြစ်ကာ အဆိုပါသင်ကြားမှုသည် အစိုးရကျောင်းများနှင့် သိသာစွာကွာခြားသောသင်ကြားမှု ဖြစ်ကြောင်း သိရသည်။
နေ့တက်အထူးစာသင်ကျောင်းတွင် မိမိ၏သမီးဖြစ်သူအား သွားရောက်အပ်နှံပြီးသူတစ်ဦးက "ဒီကျောင်းတွေမှာ ကလေးကို အပ်ဖို့ဆိုတာ နောင် ရေးမှာ သူနဲ့ပတ်သက်ပြီး စိတ်ချထားနိုင်အောင်ကအဓိကပါ။ ငွေကုန်ကျတာလည်း အစိုးရကျောင်းတွေနဲ့လည်း အရမ်းမကွာပါဘူး။ အစိုးရကျောင်း တက် ရင် ကျူရှင်ဖိုးနဲ့ သွားစရိတ်၊လာစရိတ်ကလည်း တစ်လကို ၂ သိန်းနီးပါးလောက် ကုန်မယ်ဆိုတော့ ဒီကျောင်းတွေမှာ ပုတ်ပြတ်ပေးလိုက်တာ ပိုကောင်း ပါတယ်"ဟု ဆိုသည်။
နေ့တက်အထူးစာသင်ကျောင်းများသည် အစိုးရစစ်မေးခွန်းထက် မိမိကျောင်းမှ စစ်ဆေးသောမေးခွန်းကို အလေးထား ဖြေဆိုခိုင်းမည်ဖြစ်သော ကြောင့် မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍတွင် တိုးတက်မှုတစ်စုံတစ်ရာ မြင်လာနိုင်ကြောင်း နိုင်ငံရေးဘောဂဗေဒဘာသာရပ်အား စဉ်ဆက်မပြတ် လေ့လာနေ သူတစ်ဦးမှ ဆိုသည်။
"အစိုးရကျောင်းတွေက ပညာရေးစနစ်ကို ပြည်သူက ယုံတယ်၊ မယုံတယ် ဆိုတာက သိသာနေတာပဲ။ ထားစရာကျောင်း မရှိသေးလို့သာ ထားနေ ရတာလေ။ ဒီလို ပုဂ္ဂလိကပညာရေးကဏ္ဍက ဖွံဖြိုးလာတော့ ပညာလိုချင်သူတွေ၊ စီးပွားရေးတတ်နိုင်သူတွေက သူတို့သားသမီးကို အဲဒီကျောင်းတွေမှာ သွားထားကြမယ်လေ။ ဒီတော့ အစိုးရအတွက်လည်း ဝန်ထုပ်ဝန်ပိုးလျော့သွားတာပေါ့။"ဟု ၎င်း၏အမြင်ကို သုံးသပ်ပြောဆိုသည်။
၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် နေ့တက်အထူးပညာသင်ကျောင်း ၁၀ ကျောင်းအား ဖွင့်လှစ်ခွင့်ပြုခဲ့ကာ အဆိုပါ ကျောင်းများအား ၉ တန်းအထိ ကျောင်းစစ်စာမေးပွဲစစ်ဆေးခြင်းအား ခွင့်ပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ခွင့်ရရှိထားသော နေ့တက်အထူးစာသင်ကျောင်း ၁၀ ကျောင်းမှာ မဟာ မြကျွန်းသာ၊ EC ပညာ့ရိပ်သာ၊ ပညာနန်းတော်၊ ဇင်ယော်၊ N-3၊ Success၊ အားမာန်ပညာ့ရိပ်သာ၊ သင်္ချာသန်းနိုင်၊ ရွှေပင်ရွှေသီး၊ သိန်းနိုင်(Academic) တို့ဖြစ်ကြောင်း သိရှိရသည်။
ကျော်စွာ