မန္တလေးတွင် နားရွက်ပြာ ဝက်ရောဂါ ပထမဆုံးဖြစ်ပွား
နားရွက်ပြာရောဂါဟု ခေါ်ကြသော ဝက်များတွင် မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု မန္တလေးတွင် ပထမဆုံးဖြစ်ပွား နေကြောင်း သိရသည်။ ဝက်များတွင် နားရွက်များပြာနှမ်းလာပြီး သေဆုံးမှုများ ဖေဖော်ဝါရီ ၁၅ ရက်က စတွေ့ခဲ့သည်။ မတ် ၄ ရက်အထိ ဝက် ၅၅၉ ကောင်ကို ကူးစက်ခဲ့ပြီး ဝက်ကောင်ရေ ၂၁ဝ သေဆုံး ခဲ့သည်ဟု သိရသည်။
ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (World Organization for Animal Health) ကလည်းမြန်မာနိုင်ငံတွင် ဝက်မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးပြန့်ပွားနေကြောင်း အရေးပေါ် ကြေညာချက် ထုတ်ထားသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးတွေ့ရှိခြင်းဖြစ်ပြီး အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ စစ်ကိုင်း၊ မတ္တရာ စသည့် မန္တလေးနှင့် ဝန်းကျင်မြို့နယ်များတွင် ကူးစက်နေကြောင်း သတင်းရရှိသည်။