နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တွင် ဟိုတယ်ဇုန်နှင့် ဇီဝကဆေးဆိုင်ခန်းများ ဖော်ထုတ်တည်ဆောက်နေကြောင်း သတင်းရရှိပါသည်။
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဖော်ထုတ်လျက်ရှိသည့် ဟိုတယ်ဇုန်သည် နေပြည်တော်၏ တတိယမြောက် ဟိုတယ်ဇုန်လည်းဖြစ်ပြီး ဟိုတယ်အရေအတွက် ၂၀ ၀န်းကျင်ခန့် ပါဝင်ဖွယ်ရှိသည်ဟု သိရသည်။
နေပြည်တော်တွင်ဟိုတယ်သစ်များ တည်ဆောက်ဖွင့်လှစ်လိုသည့် တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များကို ဦးစားပေး လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး ဟိုတယ်ဇုန်တွင် အနည်းဆုံး မြေဧက ငါးဧကမှ ၁၀ ဧကထိ ဆောက်လုပ်ခွင့်ပြုမည်ဟုလည်း သိရသည်။
လက်ရှိတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ဟိုတယ်ဇုန်(၁) တည်ရှိပြီး ဟိုတယ် ၁၉ လုံး ဖွင့်လှစ် လည်ပတ်လျက်ရှိကြောင်း၊ ဟိုတယ် ဇုန်(၂)မှာ နေပြည်တော် ဥတ္တရသီရိ မြို့နယ်တွင်တည်ရှိပြီး ဖွင့်လှစ်ပြီး ဟိုတယ်အနည်းငယ်သာရှိပြီး အများစုမှာ တည်ဆောက်ဆဲ ဖြစ်ကြောင်း၊ ဟိုတယ်ဇုန်(၂)တွင် ဟိုတယ်အရေအတွက် ၁၉ လုံး ပါဝင်မည်ဟုလည်း သိရသည်။
နေပြည်တော်ပုဗ္ဗသီရိမြို့တွင် ဟိုတယ်ဇုန်နှင့်အတူ ဇီဝကဆေးဆိုင် ခန်းများကိုလည်းဆောက်လုပ်လျက် ရှိပြီး ဇမ္ဗူသီရိမြို့နယ်တွင်လည်း ဇီဝကဆေးဆိုင်ခန်းများကို တည်ဆောက်နေပြီး ဆေးဝါးနှင့်ပတ်သက်သည့် လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
ပုပ္ဗသီရိမြို့တွင် ဖော်ထုတ် တည်ဆောက်ဆဲဖြစ်သည့် ဟိုတယ်ဇုန်နှင့် ဇီဝကဆေးဆိုင်ခန်းများသည် ဥတ္တရသီရိမြို့မှ ပုဗ္ဗသီရိမြို့ရှိ နေပြည်တော် ဘူတာကြီးသွားလမ်းဘေးတွင်တည်ရှိကြောင်း သိရသည်။
"ဒီ ဇီဝကဆေးဆိုင်ခန်းတွေကို ဇမ္ဗူသီရိမြို့ရှိ သပြေကုန်းဈေးနှင့် ရိုင်ရယ်မြန်မာဂေါက်ကွင်းကြားတွင် နှစ်ခန်းတွဲ ၂၆ လုံးတည်ဆောက်နေ ပါတယ်။ ပုဗ္ဗသီရိမြို့မှာလည်း နှစ် ခန်းတွဲ ၂၆ လုံးတည်ဆောက်သွား မှာပါ။ ပုဗ္ဗသီရိမြို့မှာတော့ ဇီဝက ဆေးဆိုင်ခန်းတွေအပြင် Shopping Complex တွေ၊ Shopping Mall တွေနဲ့ ဟိုတယ်လုပ်ငန်းတွေကို စိစစ်ပြီး တည်ဆောက်ခွင့် ပေးထားပါတယ်" ဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
သပြေကုန်းဈေးအနီးနှင့် ပုဗ္ဗသီရိမြို့တွင် တည်ဆောက်နေသည့် ဇီဝကဆေးဆိုင်ခန်းများသည် ဆိုင်ခန်းတစ်ခန်းလျှင် နှစ်ထပ်ဖြစ်ကာ ပေ(၄၀_၆၈)ကျယ်ဝန်းသည့်အတွက် အထူးကုဆေးခန်းများ၊ စမ်းသပ်ခန်း များ၊ ဆေးနှင့်ဆေးပစ္စည်းများ ဖွင့်လှစ်ရောင်းချနိုင်ကြောင်း သိရသည်။