ချစ်သူများနေ့ လက်ဆောင်

ချစ်သူများနေ့ လက်ဆောင် 

လပြည့်၀န်း ပလာဇာရှေ့မှာ ကားငှားဖို့ စောင့်နေတဲ့၊ အဖြူရောင် တီရှပ်ပေါ်မှာ အသည်းပုံ Love၊ Life စာတန်း ထိုးထားတဲ့ ဆင်တူ အင်္ကျီ၀တ် စုံတွဲကို ကြည့်ပြီး ဒီနေ့တရက်တော့ ချစ်သူကို သတိရမိတယ်လို့ သူ့ချစ်သူနဲ့ လမ်းခွဲခဲ့ပြီးသူ မကေခိုင်က ဆိုပါတယ်။
valentines-day-2011-4
ရန်ကုန်မြို့ ကမ်းနားတနေရာတွင်တွေ့ရသည့် ချစ်သူစုံတွဲများ (ဓာတ်ပုံ - life.com)
ဒီနေ့အတွက် သူ့မှာ ဘာအစီအစဉ်မှ မရှိ ပေမယ့် ကော်ဖီ ဆိုင်မှာ အတူတူထိုင်ပြီး စကားဖောင်ဖွဲ့နေတဲ့ စုံတွဲတွေ၊ ရှော့ပင်း စင်တာထဲမှာ လှည့်ပတ်သွားလာပြီး ဈေး၀ယ် နေတဲ့ စုံတွဲတွေ၊ ဂိမ်းပြိုင်ပွဲ ၀င်နေတဲ့ စုံတွဲတွေ၊ လက်ဆောင် အပြန်  အလှန် လဲလှယ်နေတဲ့ စုံတွဲတွေကို မနက် အလုပ်လာကတည်းက တောက်လျှောက် တွေ့ရတာ ကတော့ ကြည်နူးစရာ ကောင်း တယ်လို့ လပြည့်၀န်း ပလာဇာမှာ အရောင်း၀န်ထမ်း လုပ်ကိုင်နေတဲ့ သူက ဆက်ပြောပါတယ်။


“အလုပ် တရက်ပျက်ရင် တရက်စာဖြတ်တော့ ချစ်သူရှိ သေးရင်လည်း ဒီနေ့ လည်ဖြစ်မယ်မထင်ဘူး” လို့ မကေခိုင်က ဆိုပါတယ်။


မြန်မာနိုင်ငံဟာ စီးပွားရေး၊ နိုင်ငံရေး ပြဿနာတွေကြောင့် ပြင်ပကမ္ဘာနဲ့ တော်တော်လေး အဆက်ပြတ်၊ အထီးကျန် နေပေမယ့်လည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က စတင်ပြီး လူငယ်ထုကြားမှာ ခေတ်စားလာတဲ့ ချစ်သူများနေ့မှာတော့  ပန်းစည်းတွေ ပေးတာ၊ ချောကလက်ကျွေးတာ၊ ပို့စ်ကတ် လဲလှယ်ကြတာ စတဲ့ အလေ့အထတွေကတော့ ပိုများလာတာ တွေ့ရပါတယ်။

အဲဒီလက်ဆောင်တွေရဲ့ အောက်မှာ ဖုံးကွယ်နေတဲ့ အမှတ်တရ လက်ဆောင်တခု ရှိနေပါတယ်။ ဒါကတော့ အပျို၊ လူပျို ဘ၀ကို စွန့်လွှတ်ပြီး အဲဒီနေ့မှာ ချစ်သူနဲ့ အတူတူ စနေမယ်ဆိုတဲ့ အလေ့အထ မြန်မာပြည်မှာ ရှိနေပြီ ဆိုတာပါပဲ။


“ကျနော် သတိထားမိသလောက် သိပ်မကြာသေးဘူး။ ၃ နှစ်လောက်ပဲ ရှိဦးမယ်။ အဲဒီနေ့ဆို တည်းခိုခန်းက အချိန်ပိုင်းနဲ့တင် ၀င်ငွေ တော်တော် ဖြောင့်တာ။ တချို့ဆို အခန်း ပတ်ရှာတာ မရလို့ ဒီမှာပဲ ထိုင်စောင့် နေရတဲ့ အထိပါ ရှိတယ်” လို့ ကန် တော်ကြီးအနီးမှာ ရှိတဲ့ နယူးကန်တော်ရိပ် ဟိုတယ် ၀န်ထမ်း တဦးက ပြောပါတယ်။


အဲဒီနေ့မှာ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာထက် မိုတယ်တွေ၊ တည်းခိုခန်းတွေမှာ အခန်းရဖို့ မသေချာဘူးလို့ သူက ဆိုပါတယ်။

ဒီလို ထွန်းကားလာတာကြောင့်လည်း ပန်းခြံ၊ စားသောက်ဆိုင်နဲ့ ရှော့ပင်းမောလ်က ပရိုမိုးရှင်းပွဲတွေ၊ ချစ်သူများနေ့ စင်တင် တေးဂီတ ဖျော်ဖြေပွဲတွေအပြင် တည်းခိုခန်းနဲ့ မိုတယ်တွေမှာ အဲဒီနေ့ဆို အခန်း အပြည့် ငှားရတဲ့အထိ ရှိနေတယ်လို့  ရန်ကုန်မြို့ခံတွေ ဆီက သိရပါတယ်။

“သန်လျင်လို တည်းခိုခန်းနဲ့ ဟိုတယ်ပေါတဲ့ နေရာမှာတောင် အဲဒီနေ့ဆို အခန်းရဖို့ မလွယ်ဘူး” လို့ သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်း MITT က အရာရှိ တဦးဖြစ်တဲ့ ကိုကျော်မင်းဆွေက ပြောပါတယ်။

ချောကလက်နဲ့ ပန်းစည်းပေးတာတွေက ၁၄ နှစ်အောက် လူငယ်တွေကြားမှာပဲ ရှိတော့တဲ့ အလေ့အထ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ယုဇနပလာဇာ အနောက်ဘက်က တောင်ပေါ်သား တည်းခိုခန်း၊ မြေနီကုန်းနားက Motherland ၊ Summer place၊ ဖိုးစိန် လမ်းပေါ်က ဟိုတယ်တွေ၊ အင်းတွေမှာဆိုလည်း စုံတွဲတွေ အပြည့်လို့ သိရပါတယ်။

ရန်ကုန်က အထက်တန်းကျောင်းသား တဦးဖြစ်တဲ့  ဇေယျာကတော့ သာမန်နေ့တွေမှာထက် ချစ်သူများ နေ့မှာ စုံတွဲတွေ အတူ အိပ်ကြတာ အဓိပ္ပာယ် ပိုရှိတယ်၊ ပိုပြီး လေးနက်မှုကို ပြတယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဆိုရင်တော့ မယူဖြစ်ရင် အတူတူနေတယ် ဆိုတာ မိန်းကလေးရော၊ ယောကျာ်းလေး အတွက်ပါ နစ်နာတယ် ဆိုတဲ့ စကားက မှန်ပါသေးတယ်။ အခုခေတ်မှာတော့ ရန်ကုန် အသိုင်းအ၀န်းမှာ ဆို ဒီလိုကိစ္စကို လက်မခံတော့ ပါဘူးလို့” သူက ပြောပါတယ်။


အခုခေတ်မှာ လူငယ်တွေက အတူတူနေတဲ့ကိစ္စကို ပွင့်လင်းတယ်လို့ မြင်လာ လက်ခံလာပြီး သူတို့ ဆယ်ကျော်သက်တွေ အ လယ် မှာတော့ ဖြစ်သင့်တဲ့ သဘာ၀ တခုလို့ မြင်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် ချစ်သူများနေ့ ဆိုတာ စောင့်ဆိုင်းရတဲ့ ရက်တရက်လို့ ပြောကြပါတယ်။ ထိုင်း မှာရှိတဲ့ အထူး နေ့ထူးနေ့မြတ်တွေ အမျိုးစုံရှိတဲ့ ကြားထဲက ထိုင်းတွေဟာလည်း ချစ်သူများနေ့ကို နေ့ထူးနေ့မြတ် တရက်လို သတ်မှတ်ထား ကျင်းပကြတာ ၁၀ စုနှစ်တခုလောက် ရှိပါပြီ။

စေ့စပ်ပွဲတွေ၊ လက်ထပ်ပွဲတွေက အဲဒီနေ့မှာ အများဆုံး ကျင်းပတတ်ကြသလို၊ ချစ်သူတွေလည်း အဲဒီနေ့ ကနေ စပြီး အတူတူ နေကြပါတယ်။ အဲဒီနေ့ဟာ ထိုင်း တနိုင်ငံလုံးမှာ ကွန်ဒုံး အရောင်းရဆုံး နေ့လို့လည်း သိရပါတယ်။ ထိုင်း လူမျိုးတွေက ချစ်သူများနေ့အတွက် အကုန်အကျခံကြတဲ့ ပိုက်ဆံတွေက မနည်းပါဘူး။

ချစ်သူများနေ့ဟာ အနောက်နိုင်ငံက အစပြုခဲ့တဲ့၊ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပေမယ့် ချစ်သူတွေ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြတာ၊ ပန်းကလေးတွေ၊ ကဗျာကလေးတွေ ပို့ပေးကြတာ ကြည်နူးစရာ ကောင်းပါ တယ်လို့ စာရေးဆရာမ နုနုရည် (အင်း၀) က ဆိုပါတယ်။ ဒါပေမယ့် စီးဆင်းလာတဲ့ ယဉ်ကျေးမှုမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို သတိမူ သင့်တယ်လို့ ပြောပါတယ်။

“အဲဒီ ရေစီးကြောင်းကြီးထဲကို တိုက်စားပွတ်တိုက်ပြီး ပါမသွားစေချင်တာကတော့ Virgin ဆိုတဲ့ အပျိုစင် ဂုဏ်လေးပါပဲ။ စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊ မိမိကိုယ်ကိုယ် ယုံကြည်မှု တန်ဖိုး၊ သိက္ခာ တန်ဖိုး၊ ယဉ်ကျေးမှု တန်ဖိုးတွေနဲ့ ပြည့်စုံနေတဲ့ အပျိုစင် ဆိုတဲ့ ဂုဏ်လေးကို မြန်မာ မိန်းကလေးငယ်တွေ ဂုဏ်ယူစွာနဲ့ စောင့်ရှောက်ထိန်းသိမ်းစေချင်ပါတယ်” လို့ မြန်မာစာ ဆရာမ တဦးလည်း ဖြစ်တဲ့ စာရေးဆရာမ နုနုရည် (အင်းဝ) က ဆိုပါတယ်။

ဆရာမ နုနုရည်က သူ့ကို ရှေးဆန်လိုက်တာလို့ ပြောချင်ပြောပါစေ၊ ရယ်စရာလို့လည်း ထင်ကောင်း ထင်မယ်၊ ဒါပေမယ့် ကိုယ့် ယဉ်ကျေးမှုဆိုတာကို ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့၊ ကိုယ့်ယုံကြည်မှု သိက္ခာကို တန်ဖိုးထားချင်တဲ့ မြန်မာမိန်းကလေးတွေ အနေနဲ့ ကတော့ နားလည်လောက်မယ် ထင်ပါတယ်လို့ ဆက်ပြောပါတယ်။


တနင်္လာနေ့လို ပျားပန်းခတ်မျှ ရှုပ်ထွေးလှတဲ့ ရန်ကုန်လမ်းတွေပေါ်မှာ ဆင်တူ အင်္ကျီ၀တ်ဆင်ထားတဲ့ စုံတွဲတွေ၊ ချစ်သူများနေ့ စင်တင် ဂီတ ဖျော်ဖြေပွဲ ကြော်ငြာ ဘေလ်ဘုတ်ကြီးတွေ၊ လမ်းမ ကြီးပေါ်အထိ လျှံကျလာတော့မယ် ထင်ရတဲ့ အင်းလျား ကန်ပေါင်က စုံတွဲတွေဟာ ရန်ကုန်မြို့ရဲ့ ချစ်သူများနေ့ ပွဲတော်ကို ထင်ရှားပေါ်လွင်စေတဲ့ ပြယုဂ်တွေပါပဲ။

ဒီလိုနေ့မှာ စုံတွဲတွေ အတူနေတာကြောင့် တည်းခိုခန်းတွေမှာ အခန်းတွေ မအားလပ်တဲ့အထိ ဖြစ်နေပေမယ့် ကွန်ဒုံးတွေရဲ့ ရောင်းအားကတော့ သိသိသာသာ တက်မလာပါဘူးလို့ ဆေး၀ါး ကုမ္ပဏီ တခုမှာ လုပ်ကိုင်နေတဲ့ လူငယ်ဆရာ၀န် တဦးက ပြောပါတယ်။

“ကွန်ဒုံးသုံးတာကို  ကြေးစားဆန်တယ်လို့ သဘောထားလို့ လိင်ဆက်ဆံချိန်မှာ ကွန်ဒုံး မသုံးဖြစ်တာ များတယ်။ သုံးတဲ့ အချိန်ကလည်း ကြေးစား လိင်အလုပ်သမ မိန်းကလေးတွေနဲ့ နေတဲ့အချိန်ပဲ။ လေ့လာရသလောက် ချစ်သူတွေ၊ သမီး ရည်းစားတွေ ကြားထဲမှာ ကွန်ဒုံးမသုံးကြဘူး။ အဲဒါနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အမြင်တွေ ရှိတာကို ဘယ်လိုမှ မတားဆီး နိုင်သေးဘူး” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ တခြား အိမ်နီးချင်းနို်င်ငံတွေ ကွာခြားတာကတော့ မူလတန်းကျောင်းသား ကျောင်းသူ အရွယ်ကတည်းက လိင်ပညာပေး သင်ခန်းစာတွေကို အစိုးရကျောင်းတွေမှာ သေသေချာချာ သင်ကြား ပေးတာပါ။ မြန်မာပြည်က အစိုးရကျောင်း တွေကတော့ ယဉ်ကျေးမှုဆိုတဲ့ တံတိုင်းနဲ့ ဘောင်ခတ်ထားပြီး ဒီလို သင်ခန်းစာတွေကို ရှက်စရာလို့ မြင်နေသေးတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ဒီနေ့လို ချစ်သူများနေ့မှာ ဟိုတယ်တွေ၊ ကလပ်တွေမှာ ကွန်ဒုံး အခမဲ့ဝေတဲ့ ဓလေ့မျိုး ရှိပါတယ်။

အမျိူးသမီး သတင်းထောက်တဦးက “အိမ်ထောင်ကွဲတွေကို တွေ့ရတာ များလို့လားတော့ မသိဘူး။ ယူလိုက်ပြီးမှ အဆင် မပြေတာထက် အတူနေရင်း လေ့လာ စေချင်တယ်။ တကယ်ချစ်တဲ့သူ ဆိုရင်တော့ အစဉ်အလာတွေ မထိန်းသိမ်းချင်ဘူး။ ကိုယ့်မှာလည်း လွတ်လပ်ခွင့် ရှိတယ်လေ။ အပျိုစင် မဟုတ်တော့ ပေမယ့်လည်း ကိုယ့်ကို ချစ်တဲ့၊ ကြိုက်တဲ့ ယောကျာ်းက ယူလိမ့်မယ်” လို့ ပြောပါတယ်။

ဒီလို ချစ်သူစုံတွဲတွေ လက်မထပ်ခင် အတူတူနေတာနဲ့ ပတ်သက်ပြီး ဘာသာစကား သင်တန်းကျောင်း တကျောင်းမှာ အင်္ဂလိပ်စာ သင်ကြားနေတဲ့ မကေဇင်သွယ်က “တရား၀င် လက်ထပ်ထားတာ မဟုတ် သေး တဲ့ အတွက် အဲဒီလို နေလိုက်ပြီးလို့ မယူဖြစ်ကြတော့ရင် ယောကျာ်းလေးက ဘာမှမဖြစ်ဘူး။ မိန်း ကလေးပဲ နစ်နာမှာလေ။ မယူခင် အဲဒီ အခွင့်အရေးကို ယောကျာ်းလေးတွေကို မပေးသင့်ဘူး။ မြန်မာ့ ယဉ်ကျေးမှုနဲ့ ကြည့်ပြီး ပြောရရင်လည်း မကိုက်ညီဘူး” လို့ ပြောပါတယ်။


မြန်မာပြည်မှာ HIV/ AIDS ရောဂါနဲ့ ပတ်သက်လို့ ပညာပေးနေတဲ့ NGO အဖွဲ့အစည်း PSI ရဲ့ ဆက်သွယ်ရေး အရာရှိ တဦးဖြစ်သလို၊ ကျန်းမာရေး အသိပညာပေး စာပေတွေ ရေးသားနေတဲ့ စာရေး ဆရာမ မြနှောင်းညိုက အချိန်မတိုင်ခင် သိပ်နုနယ်တဲ့ အရွယ်မှာ လိင်ဆက်ဆံတာကို မလုပ်စေချင်ပါဘူးလို့ ဆိုပါတယ်။
 
valentines-day-2011-3
အင်းလျားကန်စောင်း တနေရာက ချစ်သူ စုံတွဲတတွဲ (ဓာတ်ပုံ - life.com)
“လက်မထပ်ခင် အတူနေတဲ့ အလေ့ အထ ကို ခေတ်နဲ့ လျော်ညီတဲ့ အကြံပေး ရရင် မယူနိုင်သေးဘဲ တအိမ် တည်း မှာ အတူတူ နေကြတဲ့ အခိုက်အတန့် တယောက်နဲ့ တယောက်သစ္စာ ရှိစေချင်တယ်။ ကွဲသွားကြလို့ မယူဖြစ်ရင် HIV စစ်ပေါ့” လို့ ဆရာမ မြနှောင်းညိုက ဆက်ပြော ပါတယ်။

ဒီအချိန်မှာတော့ မော်လမြိုင်မြို့ပေါ်က အင်တာနက်ဆိုင် တဆိုင်မှာ လွန်ခဲ့တဲ့ ၅ ရက်လောက် ကတည်းက ချစ်သူနဲ့ တွေ့ဆုံ စကားပြောနိုင်ဖို့ အတွက် စက်တလုံး ချန်ထာပေးဖို့ တောင်းဆိုထားတဲ့ အသက် ၂၀ အရွယ် မနှင်းအိကတော့ သူ ချိန်းဆို ထားတဲ့ နာရီအတိုင်း အရောက်သွားနိုင်ဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။


“လက်ဆောင် ကိုယ်တိုင်ကိုယ်ကျ မပေးရပေမယ့် အင်တာနက်ကနေ ဒီမတိုင်ခင်ကတည်းက ကြိုရှာထားတဲ့ Valentine ကတ် ကို ဒီနေ့ ပို့ပေးလိုက်တယ်။ ဖုန်းပြောချင်ပေမယ့် အိမ်ကို တိုက်ရိုက်ခေါ်ဖို့ ဖုန်းက အဆင်မပြောတော့ ဂျီတော့ခ် ကနေပဲ ပြောရ တာပေါ့။ ဒီနေ့ အတွက် အမှတ်တရက သူများတွေလို အကောင်အထည်ပြလို့ မရတဲ့ ချစ်စကားတွေပဲ ရှိတယ်လို့” သူက ဆိုပါတယ်။

ချစ်သူသာ အနားမှာ ရှိမယ်ဆိုရင် အတူတူလျှောက်လည်ပြီး တနေရာရာ သွားဖို့ စီစဉ်မယ်၊ သူကြိုက်တဲ့ ပန်းကို အဲဒီနေ့မှာ ပေးဖို့ တောင်းဆိုမယ်လို့ မနှင်းအိက ဆက်ပြောပါတယ်။

နိုင်ငံ တ၀န်းလုံး ကျင်းပနေတဲ့ ချစ်သူများနေ့ဟာ အနောက် နိုင်ငံတွေမှာ ဓလေ့တခုလို ဖြစ်နေပေမယ့် ကူးစက်ခံ အရှေ့တိုင်း နိုင်ငံတွေ မှာကတော့ ချစ်သူများနေ့ကို ပိုပြီး အမှတ်တရ ဖြစ်အောင် ဖန်တီး ကြတာ တွေ့လာရပါတယ်။

ရောမ ခေတ်က ချစ်သူ ၂ ဦးကို တိတ်တဆိတ် ထိမ်းမြားပေးခဲ့တာကြောင့် သေဒဏ်ပေးခံရတဲ့ ဘုန်းတော်ကြီး St. Valentine ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်၀ါရီ ၁၄ ရက်နေ့ ကို ချစ်သူများနေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။


ဒီ အနောက်တိုင်း ယဉ်ကျေးမှုက မြန်မာ လူငယ်တွေရဲ့ ယဉ်ကျေးမှုကို စတင် ဖျက်ဆီးနေပြီလား ဆိုတာ ကတော့ စဉ်းစား စရာပါ။     ။

 မူရင်းလင့် =http://bur.irrawaddy.org/index.php/articles/2-articles/5737-2011-02-14-12-56-55

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection