မွတ်ဆလင် ၁၀ ဦး တောင်ကုတ်တွင် အသက်သေဆုံးရခြင်း

ဥပဒေ အကာအကွယ်မဲ့ရာမှ မွတ်ဆလင် ၁၀ ဦး တောင်ကုတ်တွင် အသက်သေဆုံးရခြင်းဖြစ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် လူအုပ်ကြီး၏ တိုက်ခိုက်မူကြောင့် အစ္စလာမ်ဘာသာဝင် ၁၀ ဦးသေဆုံး သွားရခြင်းမှာ အာဏာပိုင်များက ဥပဒေ အရအကာအကွယ် မပေးရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း အဆိုပါ အခင်းဖြစ်ပွားရာတွင် အနီးကပ် ရှိနေသူ ဒေသခံတစ်ဦးက ပြောသည်။

“ ရဲကဘဲ ဖြစ်ဖြစ်၊ စစ်တပ်က ဖြစ်ဖြစ် ထိန်းရင် အချိန်မီ ထိန်းလို့ရပါတယ်။ ခုလို အုတ်အော်သောင်းနင်း ဖြစ်နေတာကို အာဏာပိုင်တွေ အကုန်လုံး  သိပါတယ်။  ဒါပေမယ့် သူတို့က လုံးဝကို မထိန်းဘူး။ ဒီတိုက်ခိုက်မူက ချက်ချင်း ဖြစ်တာ မဟုတ်ပါ။ အချိန်တော်တော်ကြာ ဆွဲလားငင်လား ဖြစ်နေခဲ့တယ်။ အာဏာပိုင်တွေက လုံးဝ  ဝင်မတားခဲ့တဲ့ အတွက် နောက်ဆုံးမှာ စိတ်မကောင်းစရာ အဖြစ်ဆိုး ဖြစ်သွားရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

၎င်းပြင် အခင်းဖြစ်ပွားနေချိန်တွင် ရဲနှင့် စစ်သားများလည်း အနီးကပ် ရှိနေခဲ့ပြီး တစ်စုံတစ်ရာ ဝင်ရောက် ဟန့်တားခဲ့မူ မရှိကြောင်း သူက ပြောသည်။

“ ဒီပြဿနာကို ဘယ်လို ဖြေရှင်းတယ်ဆိုတာ ကျွန်တော်လည်း မသိဘူး။ အေးဒီနေ့က ဖြစ်နေတဲ့ အချိန်မှာ သတ်နေ ထောင်းနေကြတဲ့ နေရာမှာ သူတို့ ဝင်ရောက် တားမြစ်တာတွေ ကာကွယ်တာတွေ စောင့်ရှောက် တာတွေ တစ်ခုမှ မရှိဘူး။ သူတို့ရဲ့ မျက်စိရှေ့မှာဘဲ သတ်ပစ်၊ ထောင်းပစ်ကြတဲ့ အနေအထား၊ ဆိုတော့ ဒါဟာ ဥပဒရဲ့ ဘက်တော်သားတွေကိုယ်တိုင် ဝင်ရောက် ကာကွယ် တားဆီးပေးရမယ့်ဟာကို မလုပ်ခဲ့တဲ့ ကိစ္စပါ” ဟု သူက ပြောသည်။

တစ်ခြား  အမျိုးသမီ တစ်ဦးကလည်း အခင်းဖြစ်ပွားစဉ် အဆိုပါ နေရာတွင် ရဲသားနှင့် စစ်သားများ ရှိနေကြောင်းကို ယခုလို ပြောကြားသည်။

“ ဖြစ်နေတဲ့ အချိန်မှာ ရဲနဲ့ စစ်သားတွေလည်း ရောက်ပါတယ်။ သူတို့ အနေနဲ့ ဘာမှ မပြောနိုင်ပါ။ ပြောမယ်ဆိုရင်လည်း ပြောလို့ရမှာပါ။ သူတို့တွေက လေးတွေကို ဘာမှ ဝင်မပြောဘူး။ ဒီအတိုင်းဘဲ ကြည့်နေကြပါတယ်” ဟု သူက ပြောသည်။

ရိုးမ သစ္စာမှန်လုံးကားသည် တောင်ကုတ်မြို့ထဲ ကားဂိတ်မှ နေ၍ မြို့ပြင်သို့ မောင်းထွက်ချိန်တွင်  ထိုကားနောက်သို့ ဆိုင်ကယ် အများအပြားဖြင့် လိုက်သွားရာ လမ်းတစ်ခုလုံးတွင် ဆူညံနေကြောင်း၊ လူအုပ်ကြီးမှလိုက်ပါသွားခဲ့သည်ကိုလည်း အာဏာပိုင်များက သိကြောင်း၊ အချိန်မီ ဟန့်တားက ဟန့်တား၍ ရနိုင်ကြောင်း ဒေသခံများက ပြောသည်။

အတည်မပြုရသေးသော သတင်း တစ်ခုအရ အဆိုပါ ရိုးမ သစ္စာ မှန်လုံကားသည် လူအုပ်ကြီး လိုက်လာ သဖြင့် လူဝင်မူကြီးကြပ်ရေး ဝင်းသို့ မောင်းဝင်သွားခဲ့ကြောင်း၊ တာဝန်ရှိသူများက မွတ်ဆလင်တွေ ပါလာသဖြင့် မိမိတို့ ပြဿနာ အဖြစ်မခံနိုင်ဟု ဆိုကာ ပြန်လည် မောင်းထုတ်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ သတ်ဖြတ်ခံရခြင်းမှာ  တရားဥပဒေ စိုးမိုးမှုရဲ့ အားနည်း ချက်ကြောင့် ဖြစ်ကြောင်း တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးခင်လှက ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်ကို ယခုလို ပြောခဲ့သည်။

“ကျနော့အနေနဲ့ပြောရမယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးမှု မရှိလို့ ဖြစ်တာလို့ မြင်တယ်။ ဘာလို့လဲ ဆိုတော့ အချိန်က စောစောကြီးပဲ၊ ညနေ လေးနာရီခွဲ လောက်ပဲ ရှိတယ်။ ဖြစ်တဲ့ကိစ္စမှာလည်း တချက် တည်း ခုတ်၊ ထိုး၊ သတ်ပြီးတော့ လူတယောက် ထွက်ပြေးသွားတာမျိုး မဟုတ်ဘူးပေါ့နော်။ တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားဖို့ ဥပဒေစိုးမိုးဖို့ ကိုင်တွယ်နေတဲ့ ပုဂ္ဂိုလ်တွေမှာတော့ တာဝန်ရှိတယ်လို့ ကျနော် ထင်တယ်” ဟု ပြောသည်။

ဥပဒေစိုးမိုးမှု မရှိရာမှ ယခုလို ပြဿနာများ ပေါ်ပေါက်လာသဖြင့် ဥပဒေ စိုးမိုးမူ ရှိရန် လိုအပ် ကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌ  ဒေါ်စောမြရာဇာလင်းက နိရဉ္စရာသို့ ပြောသည်။

“ကျမအနေနဲ့ ဥပဒေစိုးမိုးမှုရှိဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဗုဒ္ဓဘာသာဘဲဖြစ်ဖြစ်၊ မူဆလင် ဘဲဖြစ်ဖြစ် ဘယ် ဘက်ကမဆို ဆုံးရှုံးနစ်နာမှု မရှိအောင် ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်အောင် အစိုးရက ဥပဒေ စိုးမိုးမှုရှိအောင် ဖန်တီးပေး ဖို့လိုတယ်။ ပြစ်မှုတခုကို ကျူးလွန်တယ်ဆိုရင် အဲဒီတရားခံကို ဥပဒေအရ ထိုက်သင့်တဲ့ အရေးယူမှုကို ပြုလုပ် ဖို့လိုပါတယ်”  ဟု ပြောသည်။

တောင်ကုတ်မြို့မှာ ရခိုင်ပြည်နယ်မှ ဗမာပြည်မသို့ ဝင်ပေါက် တံခါးဝ ဖြစ်သဖြင့် ရခိုင်ပြည်မှ မွတ်ဆလင် ဘာသာဝင်များ ဗမာပြည်သို့ မပြောင်းရွေ့ရအောင် အာဏာပိုင်များက ဒေသခံများကို သွေးထိုး လုံဆော်ကာ ဖြတ်သန်း သွားလာခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection