ကျပ်ငါးထောင်တန်ဖုန်း ရောင်းချမည့် အစီအစဉ် မဖြစ်နိုင်

ကျပ်ငါးထောင်တန်ဖုန်း ရောင်းချမည့် အစီအစဉ် မဖြစ်နိုင်

ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားပြီး ကျပ်ငါးထောင်ဖြင့် မိုဘိုင်းဆင်းမ် ကဒ်များကို ရောင်းချပေးမည် ဆိုသည့် အစီအစဉ်သည် ယခုလက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ ဥပဒေများအရ ဆောင်ရွက်နိုင်ဦးမည် မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ရုံးမှ ဦးဆောင် ညွှန်ကြားရေးမှူးက ပြည်တွင်း မီဒီယာများသို့ တရားဝင် ပြောကြားလိုက်သည်။

ယနေ့ (ဇန်နဝါရီ ၂၉ ရက်) နံနက် ၉ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ဆက်သွယ်ရေးသင်တန်းကျောင်းအတွင်း ပြုလုပ်ခဲ့သည့် မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း၏ ဌာနအသီးသီးမှ အဓိက တာဝန်ရှိသူများနှင့် အဆိုပါ ပုဂ္ဂလိကုမ္ပဏီဖြစ်သည့် ရွှေပြည်တံခွန် ကုမ္ပဏီတို့၏ နှစ်ဖက်တွေ့ဆုံ ရှင်းလင်းပွဲတွင် တက် ရောက်လာသည့် မီဒီယာများသို့ ပြောကြား ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးက “ဆက်သွယ်ရေး အနေနဲ့ ဘယ်လိုပုဂ္ဂလိက ကဏ္ဍရဲ့ ဆောင်ရွက်ချက်မျိုးကိုမဆို လက်ခံပါတယ်။ ဒီစီမံကိန်းကို ခွင့်မပြုတာ မဟုတ်ပါဘူး။ တည်ဆဲဥပဒေတွေနဲ့ မကိုက်ညီတာတွေ ရှိနေတာကြောင့် လောလောဆယ် အနေထားမှာ လုပ်ငန်းဆောင်ရွက်ခွင့် မရနိုင်သေးတာပါ” ဟု ပြောကြားသည်။ ယင်းတွေ့ဆုံရှင်းလင်းပွဲမှာ ရွှေပြည်တံခွန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဘက်မှ တက်ရောက်လာသည့် တာဝန်ရှိသူများကို ၎င်း၏ ငါးထောင်တန်ဖုန်း စီမံကိန်းနှင့်ပတ်သက်ပြီး power point တင်ပြချက်ဖြင့် ရှင်းလင်းခဲ့သည်။

သို့သော် ၎င်း၏ ရှင်းလင်းတင်ပြချက် အပြီးတွင် ဆက်သွယ်ရေးဘက်မှ တာဝန်ရှိသူများ မေးမြန်းလာသည့် နည်းပညာပိုင်းဆိုင်ရာ စီမံကိန်းများနှင့် ဆောင်ရွက်ရမည့် အခြေအနေများကိုမူ ထိုကုမ္ပဏီ၏ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းပြောဆိုနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ ထိုကုမ္ပဏီက နိုင်ငံတော်သမ္မတရုံးသို့ ၎င်းစီမံကိန်းကို တင်ပြထားပြီးနောက် ဇန်နဝါရီလ ၂၅ ရက်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့လည်း အဆိုပြုလွှာ တင်သွင်းထားသည်။


သို့သော် မြန်မာ့ဆက်သွယ်ရေးသို့ တင်ပြထားသည့် အဆိုပြုလွှာတွင်မူ ကျပ် ၅,ဝ၀ဝ ဖြင့် ရောင်းချပေး မည်ဟူသည့် အဆိုပြုလွှာ မပါရှိဘဲ ၎င်းတို့ကုမ္ပဏီကို ဆက်သွယ်ရေးနှင့် Second Mobile Operator အဖြစ် ငါးနှစ်သက်တမ်း လုပ်ကိုင်ဆောင်ရွက်ခွင့် ပေးရန်ကိုသာ တောင်းဆိုထားသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အထွေထွေမန်နေဂျာ ဖြစ်သည့် တာဝန်ရှိသူက “လက်ရှိ ရွှေပြည်တံခွန်ရဲ့ စီမံကိန်းကာလဟာ အရမ်း ကို အချိန်နည်းပါး လွန်းပါတယ်။ တကယ်တမ်း ဆက်သွယ်ရေး စီမံကိန်းတစ်ခု အတွက် အဆင့်တစ်ခု ချင်းစီ အလိုက်ကို တာဝန်ယူရ လုပ်ဆောင်ရတဲ့ အချိန်ဟာ မနည်းလှပါဘူး။ ဒါကြောင့်မို့ လက်တွေ့မှာ လေးငါး ခြောက်လတည်းနဲ့ မိုဘိုင်းဖုန်း သန်းဂဏန်း အရေအတွက်ကို ထုတ်ပေးနိုင်တယ် ဆိုတာဟာ စဉ်းစားစရာပါ” ဟု သုံးသပ် ပြောကြားခဲ့သည်။

ခွင့်ပြုချက် ကျလာသည်နှင့် အချိန်သုံးလမှ ခြောက်လအတွင်း မိုဘိုင်းဆင်းမ်ကဒ် တစ်သန်းကို ထုတ်လုပ်မည်ဟု ဆိုသည့် အထက်ပါ ကုမ္ပဏီက ထုတ်လုပ်မည့် မိုဘိုင်းဖုန်းစနစ်မှာ ၎င်းတို့ ထုတ်လုပ်သည့် မိုဘိုင်းဖုန်းနက်ဝါ့ခ် အချင်းချင်းသာ ပြောဆိုနိုင်သည့် (ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချထားသည့် မည်သည့်ဖုန်းကိုမျှ ဆက်သွယ်နိုင်ခြင်း မရှိသည့်စနစ်) တစ်ခုဖြစ်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ရွှေပြည်တံခွန် ကုမ္ပဏီ၏ ရည်ရွယ်ချက်သည် ၎င်းတို့လုပ်ငန်း၏ ရည်ရွယ်ချက်နှင့် တူညီပါကြောင်းကိုလည်း အထက်ပါလုပ်ငန်း၏ တာဝန်ရှိသူများက ပြောဆိုကြသည်။ သို့သော် မတူညီသည့် အချက်များ ရှိနေသေးသဖြင့် ထိုမတူညီသည့် အချက်အလက်များကို ညှိနှိုင်းကာ ပူးပေါင်း ဆောင်ရွက်မှုများ ဖြစ်လာနိုင်ကြောင်းကိုလည်း ဆက်လက် ပြောကြားကြသည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အနေဖြင့် လက်ရှိတွင် ဆက်သွယ်ရေး ဥပဒေမူကြမ်းကို နိုင်ငံတော်ရှေ့နေချုပ်ရုံး အဆင့်သို့ တင်ပြထားပြီဖြစ်ပြီး အဆိုပါဥပဒေ ထွက်ပေါ်လာပါက ပြည်တွင်း၏ ဆက်သွယ်ရေးလုပ်ငန်းရပ်များတွင် Second Operator ဖြစ်သည့် ပုဂ္ဂလိက ကုမ္ပဏီလေးခုခန့်ကို ဆောင်ရွက်ခွင့် များ ပေးသွားရန်ရှိကြောင်း အထက်ပါ ရှင်းလင်းပွဲမှ သိရသည်။ လက်ရှိတွင် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထား သည့် ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများမှာ ရွှေပြည်တံခွန် ကုမ္ပဏီတစ်ခုတည်း မဟုတ်ပဲ ရာဂဏန်းနှင့် ချီပြီးရှိနေသည်ဟု သိရသည်။

ထိုအရေအတွက်များတွင် ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီး မြှုပ်နှံလုပ်ကိုင်လိုသည့် ကုမ္ပဏီများ၏ အဆိုပြုလွှာများမှာ ပြည်တွင်းထက် ပိုမိုများပြားကြောင်း အထက်ပါ ဦးဆောင်ညွှန်ကြားရေးမှူးက ပြောသည်။ ယခုလက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် မိုဘိုင်းဖုန်း အသုံးပြုခများမှာ အခြားနိုင်ငံများထက် ဈေးကြီးနေရခြင်းမှာ အခြေခံအဆောက်အဦများကို ရင်းနှီးတည်ဆောက်ရမှု၊ နိုင်ငံတော်မှ ချပေးသည့် ဘတ်ဂျက် ကို ရေရှည်အသုံးပြုခွင့် မရပဲ သတ်မှတ်နှစ်များ အတွင်း အမြတ်ငွေအဖြစ် ပေးဆောင်နေရခြင်းများကြောင့် ဖြစ်ကြောင်း အထက်ပါ တွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက ပြောသည်။ သို့သော် အစိုးရအနေဖြင့် ပြည်တွင်း၏ မိုဘိုင်းဖုန်း အသုံးပြုခများကို တဖြည်းဖြည်းချင်း တစ်ဆင့်ဆင့်ချင်း လျော့ကျ သက်သာအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection