ကျောက်မဲအနီးတွင် ပစ်ခတ်မှု ထပ်ဖြစ်
မန္တလေး-ကျောက်မဲ ကားလမ်းပေါ်ရှိ ရင်ကွဲတောင်၌ လမ်းလုံခြုံရေး တာ၀န်ယူထားသည့် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ-၁) မှ တပ်စုတစုကို ယမန်နေ့ညနေ ၅ နာရီ ခန့်တွင် အမည်မသိသေနတ်သမားများက ကားပေါ်မှ ပစ်ခတ်သွားကြောင်း ကျောက်မဲမြို့ခံတဦးက ပြောသည်။ ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရသေးကြောင်း၊ ကျောက်မဲမြို့ရှိ အနီးတ၀ိုက်တွင် တိုက်ပွဲငယ်များ မကြာခဏဖြစ်ပွား နေသည့်အတွက် ဒေသခံလူထုမှာ ပိုမို စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။
![]() |
ကျောက်မဲမြို့ (ဓာတ်ပုံ - Kyauk Me / Facebook) |
“မြို့ပတ်၀န်းကျင်မှာ တိုက်ပွဲတွေက စိပ်လာပြီး လက်နက်ကိုင် လှုပ်ရှားမှုတွေက များလာတော့ မြို့လူထုက မလုံခြုံတော့ဘူးလို့ ခံစားနေရတယ်” ဟု ကျောက်မဲမြို့ခံက ပြောသည်။
ဇူလိုင်လ ၂၉ ရက်နေ့ကလည်း အမည်မသိ လက်နက်ကိုင် ၁၀ ဦးခန့်က နံနက် ၅ နာရီဝန်းကျင်တွင် ကျောက်မဲမြို့ အဝင်ဂိတ်၌ ပစ်ခတ်ခဲ့သည့်အတွက် အရပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး ဒဏ်ရာရှိသွားသည်။
ထိုပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကျောက်မဲမြို့ရှိ လက်ဖက်ရည်ဆိုင်၊ ဘိလိယက်ခုံများနှင့် ဈေးဆိုင်များသည် ညနေ ၆ နာရီခန့် မှစ၍ ပိတ်ထားကြပြီး လူစည်ကားရာ ညဈေးတန်းကိုလည်း ပိတ်ထားရကြောင်း၊ အသွားအလာများ ရပ်ဆိုင်းသွားကြောင်း ကျောက်မဲမြို့ခံက ပြောသည်။
ယခုအခါ လားရှိုး-မန္တလေး ကားလမ်းပေါ်တွင်လည်း လုံခြုံမှု မရှိတော့ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းကပင် ခရီးသည်တင် ကားတစီးအား လူ ၂ ဦးက တူမီးသေနတ်ဖြင့် ပစ်ခတ်တိုက်ခတ်မှု ဖြစ်ပွားခဲ့သေးသည့်အတွက် ခရီးသွားများပင် လုံခြုံမှုမရှိကြောင်း သိရသည်။
ဤဒေသသည် ယခင်က ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော် မြောက်ပိုင်း (SSA-N) လှုပ်ရှားရာဒေသဖြစ်ပြီး မကြာသေးမီကလည်း ယင်းတပ်ဖွဲ့များ စိမ့်၀င်လှုပ်ရှားမှုရှိကြောင်း စစ်ဘက်မှ ပြောဆိုမှုများ ရှိနေသည်ဟု မြို့ခံများက ပြောသည်။
အရပ်သားများကို ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဒေသဆိုင်ရာ အာဏာပိုင်များက ၀န်ထမ်းများကို ည ၇ နာရီကျော် လျှင် အပြင်မထွက်ရန် အစည်းအေ၀းများ ခေါ်ယူကာ တားမြစ်ထားသည်ဟု ၀န်ထမ်းတဦးက ပြောသည်။
ကျောက်မဲမြို့သည် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁ အခြေစိုက်ရာ မြို့ဖြစ်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ဌာနချုပ် အခြေစိုက်ခဲ့ဖူးသည့် စိန်ကျော့ဒေသနှင့် နီးသည်။
စကခ ၁ အခြေစိုက်ထားသော်လည်း ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် မြို့လူထု လုံခြုံရေးအတွက် မည်သည့် တာ၀န်မှ ယူပေးခြင်း မရှိကြောင်း၊ လုံခြုံရေး တင်းကျပ်မှုလည်း မရှိကြောင်း အဆိုပါ ၀န်ထမ်းက ဆက်ပြော သည်။
ကျောက်မဲမြို့သည် ပြီးခဲ့သည့် လအတွင်းက အမည်မသိ လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကို ၂ ကြိမ် ခံခဲ့ရပြီး ဇူလိုင်လ ၁၂ ရက်နေ့ တိုက်ခိုက်မှုတွင် ဒဏ်ရာရသူ ၄ ဦး၊ ဇူလိုင်လ ၂၉ ရက်နေ့ ပစ်ခတ်မှုတွင် သေဆုံးသူ ၃ ဦး၊ ဒဏ်ရာရသူ ၃ ဦး ရှိခဲ့သည်။
ထိုတိုက်ခိုက်မှုများနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ကမှ မိမိတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြော ဆိုခြင်း မရှိပေ။