ပညာတတ် တိုင်း ပညာတတ် အသိ ရှိသူ မဟုတ်ကြပါ

ပညာတတ် တိုင်း ပညာတတ် အသိ ရှိသူ မဟုတ်ကြပါ

ဘိုဘိုကျော်ငြိမ်း
ကျနော်တို့ဗမာတွေရောထွေးနားလည်မှားနေသည့် အဓိပ္ပါယ် ဖေါ်ဆောင်ချက် တခုမှာ (ပညာတတ်) ဟူသော ေ၀ါဟာရ ဟုထင်မိသည်။

ကျနော်တို့အများက (ဘွဲ့) ကလေးတခု ရပြိီဆို လျှင် (ပညာတတ်) ဟုလွယ်လွယ် သတ်မှတ် လိုက် ကြသည်။ အမှန်က (ဘွဲ့) ဆိုသည်က အခြေခံ ကိုသာသင််ပေး လိုက်ခြင်းဖြစ်သည်။ ထို့ ကြောင့် တချို့ ဘာသာရပ်များတွင် အလုပ်သင် Internship ဆင်းရသည်။ ဆရာ၀န်ပညာရပ်ကို ၇ နှစ်သင်ကြားအပြီး အလုပ်သင် တနှစ်ထပ်ဆင်းပြီးမှ ဗမာနိုင်ငံတွင် ဆေးကုခွင့် လိုင်စင် (ဆမ) လျှောက်ခွင့်ရှိ သည်။ အသက်မွှေး၀မ်းကြောင်း ပညာရပ်များဟုသတ်မှတ်သော ဘာသာရပ် များတွင်မူ တကယ်တတ်မတတ် ကိုစစ်ဆေးရန် (လိုင်စင်) စာမေးပွဲများ ထပ်ဖြေရသည်။ ကျောင်းက (ဘွဲ့) ပေးလိုက် သည်ဆိုရုံနှင့် မလုံလောက် ဥပမာ အင်ဂျင်နီယာ ဆရာ၀န် ရှေ့ နေတို့သည် အမေရိကန်နိုင်ငံတွင် အများနှင့် ထိတွေ့ တော့ မည်ဆိုလျှင် ဘာသာရပ်ဆိုင်ရာ လိုင်စင်ရှိရမည်။

ဥပမာ ကျနော်က မြို့ ပြအင်ဂျင်နီယာနှင့် ဘွဲ့ ရလာသည်။ အမေရိကားက အေဘီစီကုမ္ပဏီ တွင်အလုပ် ရသည်။ ပြဿနာ မရှိ။ သို့ သော် ကျနော်ဒီဇိုင်းဆွဲသော တံတားကို အေဘီစီကုမ္ပဏီက တည်ဆောက် ခွင့် ့ ပါမစ်လျှောက်လိုလျှင် ကျနော်မှာ ပီအီး (Professional Engineer) ရှိရပါမည်။ ပီအီးရှိသူ လက် မှတ် ထိုးထားသော လျှောက်လွှာကိုသာ အစိုးရ က လက်ခံသည်။ ဆိုလို သည်မှာ ကော လိပ် ကျောင်း မှ ပေးလိုက်သော (ဘွဲ့) လက်မှတ်နှင့် မလုံလောက် အစိုးရက (စံ) သတ်မှတ်ထား သော (အသိ) ရှိမရှိ ကို တိုင်းတာသော စာမေးပွဲအောင်မှ အသက်မွှေး ၀မ်း ကြောင်း လုပ်စားနိုင် လောက်အောင် တတ်ပြီ စိတ်ချနိုင်လောက်ပြီ ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့နည်းတူစွာ ရှေ့ နေဘွဲ့ ရပြီးသူတယောက်သည် အများ ကို ကိုယ်စားပြရသော ရှေ့ နေအဖြစ် အလုပ်လုပ်လိုပါက(ဘား) စာမေးပွဲအောင်ကာ ရှေ့ နေလိုင်စင် ရှိ ရပါမည်။

ဤနေရာတွင် (ဘွဲ့) သင်တန်းမှပေးလိုက်သော (အသိ) မှာ အများအားဖြင့် (စာတွေ့ - အသိ) များဖြစ်
ကြသည်။ လက်တွေ့-အသိ ဆိုသည်မှာ အလွန်နဲသည်။ ဟားဗတ် အမ်ဘီီအေ တို့တွင်မူ စာတွေ့ ကြီးမဟုတ် သင်ရိုးညွှန်တမ်းတည်ဆောက်ကတည်းက ကေ့စ် စတာဒီ (Case Study) ကိုဦးစား ပေး သည်။ ဒီလို ကျောင်းများက ရှားသည်။ အမှန်က ဘွဲ့ ဆိုတာက အခြေခံကိုသင်ပေးလိုက်ရုံပဲရှိတာပါ။ ဒီကမှ ဒီဘွဲ့ကို ကိုင်ပြီးအလုပ်ရှာ အလုပ်က ရလာတဲ့ အတွေ့အကြုံနဲ့ မိမိရဲ့ (အသိ) ကို ဖြည့်။ ဒီကမှ နောက်တဆင့်ကို တက် လှမ်းပြီး တိုးတက်ရာလမ်းကိုရှာကြရတာကိုး။ လောကမှာ စာတော်တိုင်း အလုပ်မှာ အောင်မြင် မည်ဟုမပြောနိုင်။အလုပ်မှာ လူလူချင်းဆက်ဆံမှု ရိုးသားမှု တွေကလည်း အရေးပါသေးတာကိုး

ဒါကြောင့် ပညာရှာတဲ့ နေရာမှာ (အရွယ်) ဆိုတာသိပ်အရေးကြီးပါတယ်။ အနောက်နိုင်ငံတွေ မှာ အသက် ၄၀ ကျော်ပါက စကော်လာရှစ် မပေးလိုကြတော့ပါ။ ပညာရှာအပြီး ဒီပညာနဲ့ လုပ်စားဖို့ (အချိန်) - အလုပ်အကျွေးပြုဖို့ အချိန်တွေသိပ်မရှိတော့ဖူးလို့ ယူဆကြလို့ပါ။

ပါရဂူ ဘွဲ့ တွေရပြီးရင်တောင် အလုပ်အတွေ့အကြုံနဲ့ အလုပ်ရလဒ်က သိပ်အရေးကြီးလာ ပါတယ်။ နိုင်ငံရေးခံယူချက်တွေ ခဏ ဘေးချိပ်ထားပြီး ပညာတတ်သက်သက်အမြင်က ကြည့် ကြရအောင်။ ကျနော့်အမြင် အရ ဗမာနိုင်ငံရဲ့ စစ်ဖက်ရေးရာမှာ ဒေါက်တာမောင်အောင်မျိုးဟာ အသိဆုံးပဲ။ သူဟာ ဒေါက်တာဘွဲ့ ကို သြတြေးလီးယားနိင်ငံ ANU က ပါရဂူဘွဲ့ ရခဲ့ ပါတယ်။ နောက်အမျိုးသားကာကွယ် ရေးတက္ကသိုလ်မှာ စာပြခဲ့ တာကြောင့် လက်ရှိဗမာ့တပ်မတော် အကြောင်း အသိဆုံးတဦး လို့ပြော လို့ရနိုင်ပါတယ်။ ဒါတောင် ဒေါက်တာကျော်ရင်လှိုင် စင်္ကာပူက ဟောင်ကောင် ကျောင်းကို ပြောင်းတော့ ဒေါက်တာ မောင်အောင် မျိုး မှာ စာအုပ်ရေးထားတာမရှိသေးတဲ့ အတွက် စင်္ကာပူမှာ အပြိုင်ရ ခက်နေ တယ်။ သူ မဟာ၀ိဇ္ဇာ ယူခဲ့တဲ့ ဂျပန်တက္ကသိုလ်မှာစာသင် ပြီးစာအုပ်ရေးခဲ့ရတာ။ မတတ် လို့မဟုတ်။ မတော်လို့မဟုတ်။ စာအုပ်မထွက် သေးလို့။ သူ့ စာအုပ်ထွက်လာတော့ ရည်ညွှန်းခံရ တဲ့စာအုပ်ကောင်း တခုအဖြစ် အသိ အမှတ်ပြုခံရတာပဲ။ အခုလည်း ကျနော်သိရသလောက် ဂျပန်မှာ ပါမောက္ခ ဒါရိုက်တာအဖြစ် တာ၀န်ထမ်း ဆောင်လျက်ရှိတယ်။ သိသူတချို့ ကလဲ ကိုးရီးယားမှာဟု ဆိုကြသည်။ ကျနော် ဒေါက်တာ မောင်အောင်မျိုးကို သိလည်းမသိ မြင်လည်းမမြင်ဖူးပါ။ သို့သော်် ဗမာစစ်တပ် အကြောင်း လေ့လာလိုလျှင် ၎င်း၏ ရေး သားချက် များကိုရှောင်၍မရပါ။ ANU ကထုတ် ေ၀သော သူ၏ စာတန်းတိုများမှာ နားလည်သူများအဖို့ အလွန်တန်ဖိုးရှိပါသည်။
ဒါလက်တွေ့ ကမ္ဘာမှာ အားလုံးနဲ့ ပြိုင်ကြရတာ။ ဒေါက်တာကျော်ရင်လှိုင်ဟာ ဟောင်ကောင်မှာ စာပြတယ်။ အီးဂရက် အဖွဲ့ ၀င် တဦး ဖြစ်တယ်။ သူ East West Center မှာ ခေတ္တပညာရှင် အနေနဲ့ ၀ါရှင်တန် မှာ လာအလုပ်လုပ်ရင်းတွေ့တာပါ။ ပါမောက္ခပညာရှင်ဖြစ်သွားရင် စာအုပ် တွေရေး စာတန်း တွေရေး မှ ဒီလူဟာဘယ်လောက်် သူ့နယ်ပယ်မှာ တတ်ကျွမ်းတယ်။ ပညာတတ်အသိ ရှိတယ်မရှိဖူး ဆိုတာပေါ်လွင်ပြီး အများက ထင်မြင်ချက်ပေးနိုင်မှာကိုး ။ ဒါကြောင့် အကယ်ဒီမစ် ပညာရှင်ဖြစ်လိုလျှင် စာအုပ်စာတန်း မပြုစုပဲ အလုပ်ကောင်းမရနိုင် သလို အသိအမှတ် အပြုခံ ရမည်မဟုတ်ပါ။

ဒေါက်တာကျော်ရင်လှိုင်ဟာ အသက် ၄၀ မပြည့်သေးဖူး။ မန္တလေး က အိုင်အာလ်နဲ့ဘွဲ့ရပြီး အမေရိ ကန်နိုင်ငံ ကော်လ်နယ်က နိုင်ငံရေးသိပ္ပံဘာသာနဲ့ ပါရဂူဘွဲ့ရတယ်။ ပထမစင်္ကာပူမှာ စာသင်တယ်။ အခု ဟောင်ကောင်ကိုပြောင်းသွားတယ်။ ငါတို့နဲ့ သဘောမတူသူမှန်သမျှ ရန်သူပဲကွ ဆိုပြီး ရန်ငါစည်း မျက်
စိသက်သက်နဲ့ ကြည့်ပြီး ရန်ဖွဲ့ အပြစ်ရှာလို့ရတယ်။ အတိုက် ခံတွေ အတွက် ဘာအကျိုး ရနိုင်မလဲ? စာရေးသူက သူ့ကိုဗမာပညာရှင် လို့့်ပဲ မြင်တယ်။ ဗမာ ပညာရှင်တယောက် အောင်မြင်တာကို အသိ အမှတ်ပြုသင့်တယ်။ အတိုက်အခံ တွေကို ဘာ အထောက်အကူ ပြုနိုင်မလဲ ဆိုတာကို ကြည့်သင့်တယ်။ ဒါကြောင့် ထင်ပါရဲ့ ဒေါ်စုက ဒေါက်တာ ကျော်ရင်လှိုင်နဲ့တွေ့ ကြောင်း အင်တာနက်အပေါ်မှာဖတ် လိုက်ရ တယ်။ အင်အယ်ဒီ အဖွဲ့သားတွေ ကို အသိစွမ်းအင် Capacity မြှင့်တင်ဖို့ရာတွင်ကူညီရန် သဘော တူညီမှုရကြတယ်။

၈၈၈၈ အကြောင်းကို ကျကျနန စံနစ်တကျ သုတေသနပြုပြီး အစကအဆုံး အဆင့်မြင့်မြင့် ရေးသားထားတဲ့စာအုပ်ကောင်းကောင်းသိပ်မရှိသေးဖူး။ Bertil Litner ရဲ့ Outrage နဲ့ ဒေါက်တာ မောင်မောင် ရဲ့ စာအုပ် ဒီနှစ်အုပ်ပဲ ရှိတယ်။ ကိုမိုးသီးဗမာလိုရေးထားတာ အဆုံးပိုင်းကို အပြီး မသတ်နိုင်သေးဖူး။ ကျန်တာတွေက အင်တာနက်ပေါ်မှာ ကိုယ်ရေ သွေးထားတာတွေပဲ။ ဒေါက်တာ ကျော်ရင်လှိုင် က အချက်အလက်တွေ စုဆောင်း သုတေ သနပြုနေတယ်။ စာရေး သူက ၈၈၈၈ စာအုပ်ကောင်းတအုပ်ထွက်စေချင်တယ်။ ပါမေက္ခ အဆင့် ကစာအုပ်ရေးရင် မိမိထင်ရာကို ပေါက် တတ်ကရ စွပ်ရေးလို့ မရ အတိအကျ အထောက် အထားနဲ့ သုတေသနလုပ်ပြီး တင်ပြရမယ်။ ပညာ တတ်အသိ ရှိသူတွေ အတွက် credibility နဲ့ peer review ဟာသိပ်အရေးကြီးပါတယ်။


ဒီနေရာမှာမေးစရာရှိလာတယ်။ အနှစ် ၂၀ ကျော် ဒေါ်စုမျက်နှာနဲ့ အမေရိကန်နဲ့ နောက်နိုင်ငံတွေက အတိုက်ခံတွေကို ငွေကြေးထောက်ပံ့ခဲ့ကြတာပဲ။ ဘာကြောင့် အတိုက်ခံတွေဖက်က ဒေါက်တာ ကျော်ရင်လှိုင်တို့လို ပညာရှင်စစ်စစ်တွေ မထုတ်နိုင်ပဲ ဟိုမရောက်ဒီမရောက် ပညာတတ် ဖြစ်ချင်သူ wannabe တွေပဲ အသံကြယ် နေကြ တာလဲ။ အဖြေကရှင်းရှင်းလေး ပြည်ပ ရောက် အတိုက် အခံ ခေါင်း ဆောင်နေရာယူထားသူတွေ၊အဝေးရောက် အစိုးရဆိုပြီး မော်ကြွား ခဲ့သူတွေ ကိုယ်နိုက်က မိမိတို့ ရပ် တည်နိုင်ရေးဟာ အဓိက ဖြစ်နေသည့် အတွက် Human Resource ဟာအရေး ကြီး မှန်းပင်မသိ။ မသိ တော့ လူငယ်လူတော်တွေကို ရှာဖွေပြုစု ပြိုးထောင် ပေး ရမှန်းမသိ။ ပေါ်ထွက် လာသော လူငယ် ပညာ တတ် များကို သိမ်းသွင်းရမယ် မှန်းမသိကြ။

အမှန်က အတိုက်ခံတွေမှာ လူတော်တွေမရှိဖူး မဟုတ်ပါဖူး ဒါပေမဲ့ လူကြီးတွေ စီကဘာအကူအညီမှ မရပဲ ကိုယ်ထူကိုယ်ထ ကြိုးစားကြရတော့ ထွန်းပေါက်သင့်သလောက် မထွန်းပေါက်ကြတော့ဖူးပေါ့။ ဟားဗတ် ကဘွဲ့ရသူတွေရှိသလို London School of Economics (LSE) က ဘွဲ့ရသူတွေလည်း ရှိကြ ပါတယ်။ မင်းဇင် တို့လို လူငယ်လူတော်တွေ ရှိပါတယ်။ နော်မေဦးတို့လို ကရင် ပညာတတ်လူတော် တွေရှိ ပါ တယ်။ ဒါပေမဲ့ စံနစ်တကျပြုစုပြိုးထောင်ပေးတာမရှိဖူး။ မရှိကြတဲ့အပြင် ကိုယ့်အရေအချင်းနဲ့ ကိုယ် ပညာတတ်လာပြန်ရင်လည်းကျနော်တို့ ရွှေဗမာတွေက အပြိုင်အဆိုင်အဖြစ်မြင်ပြီး မဆလ စိတ်ဓါတ် အပြည့်နဲ့ ၀ိုင်းဆဲဝိုင်းတွယ်ကြပြန်ရော။ အချင်းချင်းဝိုင်း ကူဖို့ အစား မနာလိုစိတ်က ရှေ့ ကိုရောက် လာကြတယ်။ ဒေါက်တာဇာနီ ထွန်းပေါက်တုန်းကလည်း ပညာတတ်ဆိုပြီး ၀ိုင်းဆဲ လိုက် ကြတာ။ နောက် ကျနော်တိှု့ဗမာ့နိုင်ငံရေးမှာ ပညာတတ် ဆိုတာနဲ့ တပြိုင်နက် ဖေါက်ပြန်သူဆိုတဲ့ အစွဲ ကငြိပါလာတယ်။

ဒါက ဗိုလ်ချုပ်အောင်ဆန်း တို့ အင်္ဂလိပ်ဆီက ရွေးကောက်ပွဲ တောင်းဆိုတိုက်ပွဲ ၀င်ကတည်းက စခဲ့တဲ့ တိုက်ပွဲပါ။ ခေတ်သစ်ဗမာ့ရာဇ၀င်ကို အသေးစိတ်လေ့လာကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းလောက် တော်တဲ့ အရေအချင်းပြည့်တဲ့ ခေါင်းဆောင် မရှိဖူး။ ကျနော်အမြင်အရ ပြောရရင် နိုင်ငံရေးမှာ တော်လှန်ရေးသမား - နိုင်ငံရေးသမား - ပညာတတ် - ပညာတတ်တော်လှန်ရေးသမား မတူကြပါ။ အကြမ်းပြင်းအရပြောရရင် တော်လှန်ရေးသမား ဆိုတာက သေရဲတယ် သတ်ရဲတယ် တော်လှန်ရေး အတွက်ဆို ခုတ်မယ်ထစ်မယ် ပါးပါးလီးမယ်ပေါ့။ တော်လှန်ရေးသမားဆိုတာ စဉ်းစားမှု နဲ လေ ကောင်း လေပဲ။ နိုင်ငံရေးသမားက မိမိအနောက်မှာ ထောက်ခံမည့်သူရှိရမယ်ဆိုတာကို သဘောပေါက်တယ်။ စည်းရုံးမှုလိုတယ်ဆိုတာကိုကောင်းကောင်းနားလည်တယ်။ ပညာတတ်သက်သက်ကတော့ ပညာ စွမ်းဆိုင်ရာမှာ ကျွမ်းကျင်ပေမဲ့ တခါတရံ လူထု ထောက်ခံမှုလိုတယ် ဆိုတာမှာ အားနဲတတ်တယ်။ ပညာတတ်တော်လှန်ရေးသမား ကတော်လှန်သင့်တဲ့အချိန်မှာ တော်လှန်မယ်။ ဆွေးနွေးသင့်တဲ့ အချိန်မှာ ဆွေးနွေးမယ်။ မိမိ ရည်မှန်း ချက်ကို မရောက်ရောက်အောင် ဦးဆောင်နိုင်တဲ့ ဦးထုပ် အားလုံးကို ဆောင်း နိုင်တဲ့ခေါင်းဆောင်ကောင်း ဟာ ရှားတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဟာ အဲဒီ လိုခေါင်းဆောင်မျိုးဖြစ်တယ်။

တရုတ်ပြည်မှာ ချောင်အင်လိုင်း တိန်လျောက်ပိန်တို့ ဟာလည်း ဦးထုပ်အားလုံးကိုဆောင်းနိုင်တဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ အလံဖြူ ကွန်မြူနစ်တွေက ဥါဏ်မမှီတာရယ် နိုင်ငံခြားသားကို အထင် ကြီးတာရယ် ကြောင့် ဗိုလ်ချုပ်အောင်ဆန်းတော့ နိုင်ငံရေးခြေလှမ်းမှားပြီဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဖဆပလ ခေါင်းဆောင်တွေကို တိုက်ခိုက် တိုင်းပြည်ကိုရောင်းစားတယ်ဆိုပြီး စွပ်စွဲ အင်္ဂင်္လိပ်အလိုတော် ကြီးတွေ ပါ ဆိုပြီးအသံကောင်းဟစ် ပညာတတ်တွေကိုတိုက်ခိုက် ငါတို့မှ တော်လှန်ရေးသမား စစ်စစ် တွေပါဆို ပြီး ကျွေးကျော်နေကြတာ အခုအထိပါပဲ။ ဒါကြောင့် အခုအချိန်အထိ ကွန်မြူနစ်တွေရဲ့ အဆွဲ ကကျန်နေ တော့ ပညာတတ်ဆိုတာနဲ့ ဆဲလိုက်ရမှဆိုတဲ့အကျင့်က ခုထိမပျောက်ကြဖူး။ ဒါပေမဲ့ ကွန်မြူနစ်တွေ ဒီကနေ့အထိ သဘောမပေါက်တာက နိုင်ငံရေးမှာ ဆဲတာ၊ အတိုက်အခံပြုတာ၊ မှန်ကန် တဲ့နိုင်ငံရေး ဗျူဟာ နဲ့ ဦးဆောင် အောင်ပန်း စွပ်ခူးနိုင်တာ မတူကြဖူး ဆိုတာကို ပဲ။ တသက်လုံး လမ်းမှားကိုလိုက် ခဲ့ကြပြီး တံလျှပ်ကိုရေထင် ရွှေသမင်လိုက်မှားခဲ့ကြတာကြောင့် အောင်မြင်တဲ့ ဦးဆောင်မှု ဆိုတာကို လုံးဝနားမလည် နှိုင်ကြပဲ ဆဲတာနဲ့ ဆန့်ကျင်တာကိုပဲ နိုင်ငံရေးလို့ ထင်မှတ် နေကြရှာတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစိုးရကစပြီး ဆဲလိုက် ဆန့်ကျင် လာလိုက်ကြတာ ခုထိပဲမဟုတ်လား? ပညာ တတ်ဆိုတာနဲ့ တီကိုဆားနဲ့ တို့လိုက်သလို တွန့်တက်ကုန်ကြတယ်။

ဒါကြောင့် အောက်စီဂျင်ပိုက် နဲ့ကွန်မြူနစ် စာရေးဆရာကြီးက ပညာ တတ်တွေကိုတိုက်ခိုက် လာတာပေါ့ ။ တကယ်က တတိယအုပ်စု လို့အမည်ရထားတဲ့ အဖွဲ့ ကို တိုက် ခိုက်လိုတာပါ။ သတ္တရှိရင် ဒီအဖွဲ့ကတော့ ဒါတွေလုပ်တယ် ဒါကြောင့် ငါမကျေနပ်ဖူး စသည်ဖြင့် လုံးစေ့ပတ်စေ့ ယောက်ျားပီပီ ဝေဖန်တင်ပြ။ ဒါမှ ကျန်တဲ့လူတွေက လည်းဟုတ်တယ် မဟုတ်ဖူး သုံးသပ်နိုင်ကြ မယ် လေ။ တတိယအုပ်စုဆိုသူတွေ ဖြေရှင်းချင်ရင်ဖြေရှင်းနိုင် တာပေါ့။ အခုတော့ တို့ထိ တို့ထိ ကွန်မြူ နစ်တို့ ရဲ့လုပ်ထုံး လုပ်နည်း အကျင့်စရိုက် အတိုင်း ချုံခို တိုက်ခိုက်ပြီး ပညာ တတ်တွေ အားလုံး မကောင်းတဲ့ ပုံမျိုး ၀ါးလုံး ရှည်နဲ့လှည့်ရမ်းလာတယ်။ ဒါတရုတ်ပြည်ကြီးမှာ လေးဦး ဂိုဏ်းက ပညာ တတ်တွေကို တိုက်ခိုက်တဲ့ ပုံမျိုးပဲ။ တကယ်ဥါဏ်အမျှော်အမြင်ကြီးတဲ့ ချောင်အင်လိုင်း က ပညာ တတ်တွေမရှိရင် တိုင်းပြည်ကို ဘယ်သူတွေ ထူထောင်မှာလဲ ဆိုပြီး ပညာတတ်တွေကို အထိ မခံဖူး။ စာရေးဆရာ အိုကြီးနားမလည် တာက လူတွေက ရောယောင်ပြီး ပညာတတ်ဆိုတာနဲ့ မကောင်း ဖူး လို့ သတ်မှတ်လာကြရင် တိုင်းပြည် ထူထောင်ဖို့ လိုအပ်တဲ့ပညာတတ်တွေ ဘယ်လာကူညီကြ တော့မှာ လည်း နောက်ဆုံး ကမ္ဘောဒီးယား မှာလို ဥါဏ်နဲသူတွေကို လူမိုက်တွေက ခေါင်းဆောင်ပြီး လူဦးရေ လေးပုံတပုံကို သတ်ပစ်တဲ့ ဘ၀ မျိုးရောက်ရချေရဲ့။

နောက်တခါ အီလစ် လို့ခေါ်တဲ့ လူတွေကို တိုက်ခိုက်လာပြန်တယ်။ နိုင်ငံတိုင်းမှာ မိမိဘာသာ ရပ်နယ်ပယ် မှာ ထူးချွန်သူတွေ အောင်မြင်သူတွေ နံမည်ရ သူတွေကို (အီလစ် - Elite) – ရေပေါ်ဆီဆိုပြီး တင်စားကြတယ်။ နိုင်ငံတိုင်းမှာ ထိပ်ပိုင်းကိုရောက်လာသူတွေ၊ အသိအမှတ် အပြု ခံရသူတွေ ဟာ လူတော်တွေဖြစ်တာ ကြောင့်သာ အောင်မြင်မှုရကြတာ မဟုတ်လား? တခါ နိုင်ငံရေး အီလစ် ၊ စီးပွားရေးအီလစ် ဆိုပြီး ရှိကြပြန်တယ်။ ကွန်မြူနစ် ဆရာအိုကြီးက ရောပြီး ရမ်းသွားလေရဲ့ တကယ် တန်း သမာသမတ် ကျကျ သုံးသပ်ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်း ဦးနု ဦးကျော်ငြိမ်း သခင်စိုး သခင် သန်းထွန်း သခင်သိန်းဖေ သခင်ဗဟိန်း တို့အားလုံးဟာ အီလစ်တွေပဲဖြစ်သလို ၊ မော်စီတုံး ချောင် အင်လိုင်း၊ တိန်လျောက်ပိန်၊ လူလျောက်ချီ တို့အားလုံးဟာ တရုတ် အီလစ်တွေပဲဖြစ်တယ်။ ထို့နည်း တူစွာ အမေရိကန် လွပ်လပ် ရေးကိုတိုက် ယူ ပေးခဲ့ကြတဲ့မျိုးချစ်ခေါင်းဆောင်တွေဟာလည်း အီလစ် တွေပဲလေ။ နိုင်ငံအများရဲ့ တော်လှန်ရေးတွေ ကို နိုင်အောင်ဦးဆောင်ပေးသွား သူတွေ အများ စုဟာ ပညာတတ် အီလစ်တွေ ပဲ။ ဒီလူတန်စားကို နိုင်ငံရဲ့ရန်သူအဖြစ် ပုံသဏ္ဍန် သွင်းလိုက် တော့ ဥါဏ် မရှိ သူတွေပဲ ကျန်ခဲ့ မှာပေါ့။ အလံဖြူ ကွန်မြူနစ် ပါတီကို ကြည့်ရင် ဒီလို လူတန်းစား ရန်သူရှာ ရင်း အချင်းချင်း သတ်လိုက်ကြတာ ပါတီ လည်း ပြိုကွဲပြီး နိုင်ငံရေး ရေတိမ်နစ် ခဲ့ကြ့ရရှာတယ် မဟုတ် ပါလား?

ခုတော့ အဖြစ်အပျက်နဲ့ ဧည့်မျှော်တဲ့ ပါတီဘ၀ကို သက်ဆင်းသွား ကြရ ရှာပြီ။ ဒေါ်စု နယ်လှည့် ခရီးသွား မယ်ဆိုရင် အကြောင်းရှာပြီး ထွက် အသံပေးလိုက်။ တရုတ်ခေါင်း ဆောင်တွေ ဗမာပြည် လာလည်ရင် ထွက် ခေါင်းပြူပြလိုက်။ မက်ကိန်းလို အမေရိကန်ခေါင်းဆောင် တယောက်လောက် မျက်စိလည် လမ်းမှားပြီး ဗမာပြည်အလည် ရောက်လာရင် ထွက်ပြီးဝေဖန်မှု ပေးလိုက် စသည်ဖြင့် ငါတို့ ကွန်မြူနစ် ပါတီ ရှိပါသေးကြောင်း ထွက်ထွက် အရောင်ပြရသည့် အယောင်ဆောင် အဆင့်ပဲ ရှိပါ တော့တယ်။ ကွန်မြူနစ် စံနစ်ကမ္ဘာမှာ ကျဆုံးသွးပေမဲ့ ဒါတွေဒါကြောင့် လက်ဝဲ ၀ါဒဟာ အဓိပ္ပါယ်ရှိ နေသေးတယ်။ ဒါကို တော့ ငါတို့ ယုံကြည်နေနိုင်သေးတယ်။ ဘာကြောင့်ယုံကြည်နေနိုင်သေးတယ် စသည်ဖြင့် သဘောတရား ရေးရာ ကိုရှင်းပြနိုင်ရမှာပေါ့။ ကွန်မြူနစ်ပါတီဆိုတာ သဘောတရားရေးရာ ကို အခြေ ခံတဲ့ပါတီဖြစ်ရမှာပေါ့။ ပါတီအတွေတွေအတွင်းရေးမှုးကိုယ်တိုင် ကွန်မြူနစ် စာပေကျမ်းတွေ ဖတ်ဖူးရဲ့ လားမသိ။ တခါမှ သဘောတရားရေးရာအကြောင်း ကျေကျေညက်ညက် ဆွေးနွေးထားတာ မတွေ့ဖူး မိပါ။

၂၀၀၄ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ကက(လှမ်း) ခမြာ ကက(ကြည်း) ရဲ့ခြေမှုန်းခြင်းကို အလူးအလည် ခံလိုက်ကြ ရရှာတယ်။ ကြောင်တွေမရှိရင် ကြွက်တွေလွပ်လွပ်လပ်လပ် သောင်းကျန်း သင့်တာပေါ့။ တကယ် ယူဂျီအစစ်သာ ဖြစ်ခဲ့ရင် ဒါပွဲကြီးပွဲကောင်းပဲ။ ၀ါဒရေး သဘောတရားရေးတွေ ရေး လှုံ့ဆော် စာတမ်းတွေဝေ စည်းရုံးရေး စာဆောင် တွေပလူပျံအောင် ဖြန့် ယူဂျီဆဲလ်တွေဖွဲ့ သင်တန်းတွေပေး အို လုပ်ချင်တာတွေ လုပ်လို့ကောင်းလိုက်မည့်ဖြစ်ခြင်း။ ထောက်လှမ်းရေး အသစ်တွေက ဘာမှန်းမ သိ ကြသေး။ သို့သော် ကွန်မြူနစ်တွေခမြာ စာရွက်အပေါ်တွင်သာ ယူဂျီလုပ် နေကြသည်မှာ ထင်ရှား သည်။ ထောက်လှမ်းရေး လစ်ဟပ်နေသည့် လေဟာနယ်ပယ်မှာ ကွန်မြူနစ်ယူဂျီတွေ ပေါ်မလာကြပါ။
ပြောရေးဆိုခွင့်ရှိသူ၏ ဝေဖန် ဆောင်းပါးတွေသာ ထွက်ပေါ်လာသည်။ အတွေးအခေါ်ရှိရှိ တိကျသော သုံးသပ်ချက်နှင့် သဘောတရားရေးဦးဆောင်မှု ပေးထားသည့် လေးနက်သော ဆောင်ပါးများမဟုတ် ဒါက ပါတီရဲ့ ဦးတည်ချက် ဒါကပါတီ၏ လမ်းစဉ် ဒီလမ်းလျှောက်ရင် ဒီကိုရောက်မည် ဆိုသည့် လမ်းညွှန်မှု တွေကိုမတွေ့ရ။ မဲမဲမြင်ရင် လက်ညှိုး  ထိုးပြီး အပြစ်တင်တဲ့ အဆင့်ပဲရှိတယ်။ ပါတီ လည်း တော်တော် နုံခြာသွားရှာပြီ။ စိတ်မကောင်းစရာ။

ဒါဟာနောက်ဆုံးတော့ ရှေ့သို့သာ ကြည့်တတ်ပြီး နောက်သို့ပြန်ကြည့်ရမှန်းမသိတဲ့ ဥါဏ်မမှီတဲ့ အားနဲချက်ပဲ။ ဒီအားနဲ ချက်ဟာ စာရေးသူအမြင်အရတော့ သခင်သန်းထွန်းတို့ ဂိုရှယ်တို့ အသတ်ခံ ရပြီးကတည်းက ဥါဏ်အမျှော်အမြင်ရှိတဲ့ ပညာတတ် ခေါင်းဆောင်တွေ ဦးဆောင်တာမရှိတော့လို့။ သခင်ဇင် သခင်ဗသိန်းတင်တို့ဆိုတာက ဗရက်ဇ်ညက် ကိုဆီဂျင်တို့လို ပါတီဗျူရိုကရက်တွေ သခင် သန်းထွန်း ခိုင်းတာ ခေါင်းညိမ့်ခဲ့ရတဲ့ ပုတ်သင်ညိုတွေ။ ခပ်ညံ့ညံ့ ခေါင်းဆောင်တွေ။ ဦးဆောင်နိုင်တဲ့ နိုင်ငံရေးခေါင်းဆောင် တွေ မဟုတ်ကြ။ အတွေးအခေါ်အရလည်း ထူးထူးခြားခြား ဘာမျှမရေးပြနိုင် ခဲ့ကြ။ သခင်ဗသိန်းတင်ဆို ၁၉၈၉ ခုနှစ်ရောက်သည့်တိုင်အောင် ၁၉၄၉ အတွေးအခေါ် လောင်းရိပ် အောက် ကရုန်းမထွက်နိုင်ခဲ့။ ဒါကြောင့် အောက်ခြေမှာ ဘာဖြစ်နေသည်ကို မသိ နောက်ဆုံး သူ့ လက်ထက်မှာ ပါတီပျက်ခဲ့ရတယ်။ ဗိုလ်ကျင်မောင်ခမြာ ကွန်မြူနစ် စာပေတွေတောင် ကောင်းကောင်း ဖတ်ဖူးရဲ့လားမသိ။ GS Report ဆိုတာတွေက ရှစ်တန်းကျောင်းသားအက်စ်ဆေးသာသာပဲရှိတယ်။ ပြောရေးဆိုခွင့်ရှိသူ ဆိုသူနဲ့ ဒေါက်တာလှကျော်ဇော် တို့နှစ်ယောက်လောက်ပဲ စာဖတ်ဝါသနာ ရှိကြ ပုံရသည်။ သို့သော် သူတို့ နှစ်ယောက်စလုံး exposure အပိုင်းမှာ အားနဲကြတယ်။ အမေရိကားကို မရောက်ဖူးပဲ တရုတ်တွေ ပြောစကားနှင့် အမေရိ ကန်တွေကို ယနေ့အထိ ရှုတ်ချ အပြစ်ရှာနေ ကြ တုန်း။ ယူနန်ကမထွက်နိုင်ပဲ ကမ္ဘာကြီး ကို ပေ သုံးသောင်း က မြင်နိုင်ဖို့က အခက်သား။ ကျနော့် အမြင် အရ ဒေါက်တာလှကျော်ဇော် ဟာ ပညာတတ် အမြင်ရှိတယ်။ အတွေးအခေါ်အားကောင်းတယ်။ သို့ သော် ဗကပ ပါတီလိုင်းကို ဖတ်လိုက်ရင် လက်ဝဲအစွမ်း ဆရာကြီးတွေကို မကျော် နိုင် တာ ထင် ရှား တယ်။ လက်ရှိ ပါတီ ဟာ ပုဂ္ဂိုရ်ရေးတိုက်ခိုက်မှု ကိုကျော်ပြီး ပါတီ (မူဝါဒ) ကို ခုထိ ပုံမဖေါ်နိုင်ကြ သေး။ ကွန်မြူနစ် တွေတချိန်က ရဲဘော်အောင်ဆန်း ဘယ်လဲလို့ မေးခဲ့သလို ကွန်မြူနစ် ပါတီ ဘယ်လဲ? ဘယ်ကို ချီတက်နေ တာလဲ? လို့မေးရင် ရောက်ရာ ပေါ့ဗျာ လို့ပဲ ဖြေနိုင်ကြမယ် ထင်တယ်။

စိတ်မကောင်းစရာက ဗကပ ဆရာကြီးတွေဟာ ကွန်မြူနစ်ပီပီ ၀ါဒဖြန့်ချီရေး နဲ့ ပုဂ္ဂိုရ်ရေးတိုက်ခိုက်မှု ကို ပဲဇောင်းသန် နေကြတယ်။ critical thinking မရှိကြ။ ဒါကြောင့်အတွင်းကိုပြန်ကြည့်ရမှန်းပင် မသိကြ မိမိတို့၏ အမွေဆိုးတွေကိုလည်း လူငယ်ကလေးတွေကို ဖြန့်ဝေလျက် ရှိကြမြဲ။ မိမိတို့ပါတီ နွံနစ် နေ သည်ကိုပင် မသိကြ။ ပညာတတ်သူတွေ ရှိပါသော်လည်း ပညာတတ် အသိ စိတ်ရှိသူတွေ ခန်းပါး နေ သော ကြောင့်ဖြစ်ပေသည်။

လူငယ်လေးတွေ လူကြီးတွေအမှား ကိုခြေရာခံ မလိုက်စေချင်တဲ့ စေတနာကြောင့် ထောက်ပြရတာပါ။

ပညာတတ်တိုင်း ပညာတတ် အသိ မရှိ ပါ

ဘွဲ့ကလေး တခုရတာနဲ့ ပညာတတ်လို့ သတ်မှတ်ကြ ချင်ပေမဲ့ ပညာတတ် သူတိုင်းပညာတတ် (အသိ) ရှိသူ ဟု မဆိုနိုင်ပါ။ ပိုမိုတိကျစွာ ဖေါ်ပြရပါလျှင် အင်္ဂလိပ်လို Intellect ကို ဆိုလိုခြင်းဖြစ်ပါသည်။ ဥါဏ်ကို လွှာ သုံး၍ အတွေးခေါ် နှင့် အကျိုးအကြောင်းကို ဆက်စပ်လျက် ဝေဖန်ပိုင်းခြားမှု ကို မိမိ ပညာရပ် တွင်ဖြစ်စေ ကိုယ်ပိုင်တွေးခေါ်မှုတွင် ဖြစ်စေ အသုံးချသူ ကိုသာ ပညာတတ် (အသိ) ရှိသူ ဟု သတ်မှတ် နိုင်ပါမည်။ (၀ီကီပီးတီးယား ၏ အဓိပ္ပါယ်ဖေါ်ဆောင်ချက်။)

ဥပမာ ပေးရသော် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဖဆပလ ခေါင်းဆောင်တွေကို ပေးရပါမည်။ အင်္ဂလိပ် အဆုတ် ဂျပန်အ၀င်မှာ အင်္ဂလိပ်တွေက ဗမာနိုင်ငံကို မြေလှန်ဖျက်စီးသွားကြတယ် ထို့နည်းတူစွာ အင်္ဂလိပ်ပြန်ဝင်တော့ ဗမာနိုင်ငံဟာ စစ်မြေပြင်ဖြစ်ရပြန်တယ်။ မိအေးနှစ်ခါနာ ဖြစ်ခဲ့ရတဲ့ ဗမာနိုင်ငံ ကို ဖဆပလ ခေါင်းဆောင်တွေဟာ ဖြစ်နိုင်ရင် စစ်တလင်းမြေ မဖြစ်စေခြင်တော့ဖူး။ ဒါတိုင်းပြည်နဲ့ လူမျိုး ကိုချစ်တဲ့စိတ်နဲ့ ငဲ့ငြာကြလို့ပဲ။ နောက်ဆုံး မရ မှ ချဖို့ ပြင်ဆင်ခဲ့ကြတယ်။ ဒါ အချက်အလက်တွေကို မျှမျှ တတသုံးသပ်ပြီး ဝေဖန်ပိုင်းခြားနိုင်တဲ့ ဥါဏ်ရှိကြလို့။ ပညာတတ် (အသိ) ရှိကြလို့

ကိုဗဟိန်း သခင်သန်းထွန်း သခင်စိုး ဂိုရှယ် တို့ ဟာလည်း ပညာတတ်တွေပဲ။ ဒါပေမဲ့ ပညာတတ် (အသိ) မရှိ နိုင်အောင် ပါတီအာဏါရရှိရေး က အရေးကြီး နေကြလေရဲ့ ပါတီအကျိုးက တိုင်းပြည် အကျိုး အထက် မှာ ရောက်နေကြတာကြောင့် ဝေဖန်တွေးတော နိုင်စွမ်းမရှိကြ။ လက်နက်ကိုင် တော်လှန်ရေးနှင့်ကွန်မြူ နစ်တွေ အောင်ပွဲခံ အာဏါသိမ်းပိုက်နိုင်မည်ဟု ဘ၀င်လေခပ်နေကြတာမို့ တိုင်ပြည် (နာ) မည်ကိုပင် ဂရုမစိုက်နိုင်။

လွပ်လပ်ရေး အတွက် နောက်ဆုံး အဆင့် အောင်ဆန်းအက်တလီဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ၏ ပညာတတ် (အသိ)၊ ရှေ့ရေးကို တွေးခေါ်နိုင်မှု၊ သတ္တရှိရှိ တာဝန်ယူနိုင်မှု တွေဟာ ပိုထင်ရှား လာ တယ်။ လွပ်လပ်ရေးပေးဖို့သဘောတူခါနီးမှာ အင်္ဂလိပ်တွေက သူတို့ ဆောက်ခဲ့ရတဲ့ အဆောက်အဦိးနဲ့ ရင်းနှီးမှုတွေ အတွက် လျှော်ကြေးပြန်တောင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းက သဘောတူလိုက်တယ်။ သာမန်လမ်းပေါ် ကလူတယောက်မျက်စိနဲ့ကြည့်ရင် မခံချင်စရာပါပဲ။ မိမိတို့နိုင်ငံကိုလည်းကျူးကျော် ကျွန်ပြုသေးတယ် ပြီးဒင်းတို့ က ရင်နှီးမှုအတွက်လျှော်ချေးတောင်းသေးတယ်။ သို့သော် လွပ်လပ်ရေး အတွက်တာဝန်ယူ ဆွေးနွေးရသော တာဝန်ရှိသူ ဗိုလ်ချုပ် နေရာက ကြည့်လျှင် တမျိုးမြင်နိုင်သည်။ လွပ်လပ်ရေးအတွက် လက်တကန်းသာလိုတော့သည်။ မှန်သည် အင်္ဂလိပ်တို့ ညစ်သည်ကို မငြင်းလို။ သို့သော် ဤအချက်ကို မခံချင်စိတ် အလေးပေး၍ ဆွေးနွေးပွဲ ပျက်ခဲ့ သော် တိုက်ယူကြရတော့မည်။
ဤအချက်မှာ မူနှင့်လည်း ငြိသည်မဟုတ်။ တိုင်းပြည်လွပ်လပ်ရေးရအပြီး ကိုယ်ပိုင်ထူထောင်ခွင့်ရ လျှင် ဤမျှလောက် ငွေကိုပြန်ရှာနိုင်မည်။ ဤငွေ တခုအတွက် မိမိ တို့ရည်မှန်းချက်ဖြစ်သော လွပ်လပ်ရေး ကို အထိအခိုက် မခံနိုင်။ ဒါဟာ ပညာတတ် (အသိ) နဲ့ကြည့်တဲ့ အမြင်ပဲ။

ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၃၀ ကျော်ကျော်လေးသာရှိသေးသည် သို့သော် နိုင်ငံ့ ခေါင်းဆောင် တာဝန်ကိုယူထားရတာကြောင့် (အသိ) တရားက ရှေ့ပြေးဖြစ်နေရသည်။ နန်းရင်းဝန်လုပ်ခဲ့သော ဒေါက်တာဘမော်ပင် နားလည်ရခက်နေသည်။ ဝေဖန်လာသည်။ ဗိုလ်ချုပ်ကရှင်းပြရသည်။ အစပထမ ဆိုရှယ်လစ် များကလည်း ဘ၀င် မကျကြ။ ဗိုလ်ချုပ်ကို ယုံသည်နှင့် ပြန်မပြောရဲဒါကြောင့် လက်ခံခဲ့ကြ သည်။ နားမလည် နိုင်တာက တော့ ကွန်မြူနစ်တွေ။ ပညာတတ် (အသိ) မှ မရှိလေပဲ။ ကွန်မြူနစ်တွေ အဖို့ မခံချင်ဖြစ်ဖို့သာ နား လည်ကြသည်။ ဆွေးနွေးပြီးအဖြေရှာနိုင်သည် ဆိုသည် ကို နားမလည် နိုင် ကြ။ ရန်သူ ၏ တောင်းဆိုချက် ကို လိုက်လျောခြင်းသည် အရှုံပေးခြင်းဟု လှေနံဓါးထစ် အသေမှတ် ထားကြ သည် ဥါဏ်မမှီကြရှာ။ ခေါင်းဆောင်ဆိုတာ (ငါ) ဆိုသည့် (မာန) အလံလွှင့် ကာ ငါတကော မကော သင့်။ တိုင်းပြည်နှင့် လူမျိုး အကျိုးကို (ငါ) ဆိုသည့် မာန အရှေ့တွင် ထားရပေမည်။

သမ္မတကလင်တင်လက်ထက် က အောစလို ဆွေးနွေးပွဲ တွေမှ အရှိန်ရလာကာ အဇ္ဇရေးတွေနှင့် ပါလက်စ္စတိုင်း တွေ ငြိမ်းချမ်းရေး နားလည်မှုရရန် လက်မတင်ကလေးလိုတော့တယ်။ နောက်ဆုံး ရာစာအာရဖတ် သွေးကြောင်ကာ (ငါ) ဆိုတဲ့မာန ကိုမကျော်နိုင်ပဲ ဗိုလ်ချုပ်အောင်ဆန်းလို သတ္တရှိရှိ တာဝန် မယူရဲ ခဲ့တာကြောင့် အသက်ပေါင်းများစွာ စတေးရပြီးတာတောင် ခုထိရွာလည် နေကြရတယ်။ ခေါင်းဆောင်ဆိုတာ တခါတရံ လူမကြိုက်တဲ့ ကိစ္စတွေကို တာဝန် သိသိ ဆုံးဖြတ်ရဲ ရတယ်။

နောက် တခု က (ငါ) ဆိုတဲ့ (မာန)

စာဖတ်သူ တို့ သခင်သန်းထွန်း၏ နောက်ဆုံးနေ့ကို ပြန်အမှတ်ရကြည့်ကြပါ။ မျက်စိမှတ်ပြီး ခဏမျှ ဈာန်ဝင်ကြည့်ကြပါ။ ငါတို့ပါတီ ငါတို့ပေါ်လစီ ငါတို့ဥက္ကဌကြီး ငါတို့ဝါဒ ငါ…ငါ..ငါ ဆိုတဲ့ မာန်မာန တွေ
ကို ဒေါသစိတ်တွေ ဖုံးလွှမ်းနေတဲ့ အတ္တစိတ် တွေနဲ့ အတူ ရောထွေး ခံစားလာကြပါရမယ်။ ပြည့်ဝတဲ့ ခေါင်းဆောင် သဘောထားတည်ကြည်တဲ့ ခေါင်းဆောင်တွေဟာ ဒီ အတ္တနဲ့ မာန စိတ် ကို ပညာတတ် (အသိ) စိတ်နဲ့ပဲ ထိန်းသိမ်းသွားကြတာပါ။ ကိုယ်စိတ်ရှိ တိုင်းမလုပ်နိုင်ကြ (တာဝန်) က ရှိသေးတာကိုး
ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်တွေကို အာဃာတ နဲ့ မဆက်ဆန်ခဲ့ သလို နအဖစစ်ဗိုလ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲရင်းမှာ မတရား လုပ်ကြံကြတာတောင် ဒေါ်စုဟာ တိုင်းပြည်မျက်နှာနဲ့ ရန်ငြှိုးမထားခဲ့။ ထို့နည်းတူစွာ မင်တယ်လားဟာ တိုင်းပြည်လွပ်မြောက်ရေး အတွက် လူဖြူအစိုးရ ကို နားလည်မှုနဲ့ ၎င်းရဲ့ ကြီးမြတ်မှုကို ပြသခဲ့တယ်။ အတ္တရှေ့ထားကာ ဖြုတ်-ထုတ်-သတ် ခဲ့ကြသော ကွန်မြူနစ်များနှင့် ကွာပါဘိသခင်သန်းထွန်းအပြင် နောက်တယောက် ရှိ သေးသည် ကန်ပူးခြားမှ ပေါလ်ပေါ့။

လူတွေ မသိ လိုက်ကြရသော ကွန်မြူနစ်တို့ ကြောင့်တိုင်းပြည် နစ်နာရတာတွေကို တင်ပြပါရစေ။ ဗိုလ်ချုပ်အောင်ဆန်း ရော ဖဆပလ ခေါင်းဆောင်တွေဟာ တိုင်ပြည်ပြန်လည်ထူထောင်ရေးကို စိတ် အားထက်သန်လျက် ရှိကြတယ်။ အောင်ဆန်းအက်တလီ စည်းဝေးပွဲမှာ တိုင်းပြည်ထူထောင်ဖို့ ပိုက်စံ မလောက်တာမြင်လာကြတယ်။ ဗိုလ်ချုပ်ရော ဦးကျော်ငြိမ်းရော ဗြိတိသျှ တို့ရဲ့ သဟဇာတ အဖွဲ့အ၀င် ဖြစ်နေခဲ့ ရင် တိုင်းပြည်ထူထောင်ရာမှာ အထောက်အကူ ဖြစ်မယ် ဆိုတာကို မြင်ကြတယ်။ ဒါပေမဲ့ သခင်မြ က ကွန်မြူနစ်တွေရဲ့ တိုက်ခိုက်မှုကို စိုးရိမ်ပြီး အကြောက်အကန် ငြင်းတယ်။ ဗိုလ်ချုပ်ရော ဦးကျော်ငြိမ်း ပါ သခင်မြ ကို လေးစားစိတ်နဲ့ နောက်ဆုတ်လိုက်ကြတယ်။ ဒါတောင် ဂိုရှယ် စာတန်းမှာ ဗိုလ်ချုပ်တို့ ကြိပ်ကြံကြပါတယ် လို့စွပ်စွဲလာသေးတယ်။ ကွန်မြူနစ်တွေအဖို့ကတိုင်းပြည် ထူထောင် ရေးသည် အဓိက မဟုတ် အာဏါနီ တည်ဆောက်ရေးက အဓိကကိုး။

နောက် စစ်ထပ်တိုက်ရရင် တိုင်းပြည်အရင်းအနှီးတွေကို မလိုအပ်ပဲ စစ်တပ်ကို ပုံအော ရမယ်ဆိုတာ ကို ဖဆပလ ခေါင်းဆောင်တွေက သိကြတယ်။ ဒါကြောင့် ဦးနုခမြာ ငြိမ်းချမ်းရေးအတွက် ကြိုးစားရှာ တာ။ ကွန်မြူနစ်တွေက ရင်ပြင်နီမှာ အလေးပြုခံဖို့ စိတ်ကူးယဉ်နေကြတာ။ ခေါင်းဆောင်တွေ မာန ထောင် လွှားပြီး ပညာတတ် (အသိ) ခေါင်းပါးရင် တိုင်းပြည် နာတတ်ကြောင်း လူငယ်လေးတွေကို သိစေ ချင် တာပါ။ အခုလည်းကြည့်လေ အထူးသ ဖြင့် ပြည်ပရောက် အတိုက်အခံတွေ ဟာ အစိုးရကို ဆဲ တာနဲ့ ဒေါ်စု ကို ထိုင်စောင့်ကြတာက လွဲလို့ ဘာမှ ထိထိရောက်ရောက် မလုပ်ခဲ့ကြ။ တချိန်လုံး အထိန်းသိမ်း ခံရပြီး လွပ်လာတော့ ဘာမှတည်ဆောက်ထားတာမရှိ။ ဒါကြောင့်ဒေါ်စု ခမြာ မမော နိုင် network တွေ တည်ဆောက်ရ ကိုယ့် လူတွေ (အသိ) တိုးအောင် ပညာရှင်တွေကို ခိုင်းရနဲ့ တယောက် ထဲ ရုန်း နေရ ရှာ တယ်။ ဟော ပြီးရင် အန္တရယ်ကြား က နယ်ထွက် စည်းရုံးရဦးမယ်။

ဘွဲ့ရ တွေဒီလောက်ပေါ နေတာတောင် ပညာတတ် (အသိ) မရှိတော့ (သတိ) မရှိ ကြပါ။ ထို့အပြင် ကွန်မြူနစ်တွေရဲ့ အတွေးအခေါ်အတိုင်း မျက်စိမှိတ်ပြီး ချ..ချ..ချ.. ဆိုပြီး လေတော်လှန်ရေး မှာ မျှော်နေ ပျော်နေ ကြလေရဲ့။
 
ရဲရင့် (ကနေဒါ)
 

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection