အာဇာနည်ဗိမာန်သို့ သွားရောက်သူ များပြား

အာဇာနည်ဗိမာန်သို့ သွားရောက်သူ များပြား


ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ ၂၀၀၀ ကျော်တို့ ယနေ့ နေ့လယ် ၁၂ နာရီ ခန့်က ရန်ကုန်မြို့ အာဇာနည် ဗိမာန်သို့ သွားရောက် ဂါရ၀ပြုကြသည်။


အာဇာနည်ဗိမာန် ၀န်းကျင်ရှိ လုံခြုံရေးတပ်ဖွဲ့၀င်များနှင့် ပဋိပက္ခ ဖြစ်ပွားခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့၀င်များက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် အင်္ကျီများ ၀တ်ဆင်ထားကြသူများ





NLD ရုံးရှေ့မှ အာဇာနည်ဗိမာန်သို့ ချီတက်သွားသူမျာ
“ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ ၁၀၀ အဖွဲ့ က ကားနဲ့ သပ်သပ် သွားတယ်။ အခု ကျနော်တို့ NLD ရုံးချုပ်ရှေ့က ထွက်လာ တာက လူ ၂၀၀၀ ကျော် ရှိတယ်။ ဘေးက လိုက်ပါတဲ့ လူတွေကတော့ များတယ်။ လုံခြုံရေးတွေ ဘေးက ရှိပေမယ့် အားလုံး အဆင်ပြေပြေ အေးအေးချမ်းချမ်းပဲ” ဟု NLD လူငယ် တာ၀န်ခံ တဦးဖြစ်သူ ကိုရာဇာက ဧရာ၀တီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည် ဗိမာန်သို့ ယနေ့ ဒုတိယအကြိမ် သွားရောက်ခြင်း ဖြစ်သည်။

နံနက်ပိုင်း အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း ၏ မိသားစု၀င်တဦးအဖြစ် တက်ရောက်ခဲ့သည်။

နေ့ခင်းပိုင်းတွင် NLD ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့၀င်များ၊ လူငယ် ကွန်ယက် အဖွဲ့၀င်များ နှင့်အတူ သွားရောက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ဒေသခံ အများအပြားလည်း တနှစ်လျှင် တရက် ၀င်ခွင့်ရသည့် အာဇာနည်ဗိမာန်သို့ သွားရောက် အလေးပြုကြ သည်။

လုံခြုံရေးအရ စစ်ဆေးမှုခံယူပြီးလျှင် အာဇာနည်ဗိမာန် အတွင်း သို့ တကြိမ်လျှင် လူ ၅၀ နှုန်းဖြင့် ၀င်ရောက် အလေးပြုခွင့် ရှိသည်ဟု ဆိုသည်။

နံနက် ၁၀ ခွဲခန့်က အာဇာနည်ဗိမာန်သို့ လွမ်းသူ့ပန်းခွေများဖြင့် လမ်းလျှောက်ချီတက်သွားကြသူတချို့ဗဟန်းမြို့နယ် ငါးထပ်ကြီး ဘုရား အနီးတွင်ခေတ္တ တားဆီးခံရသည့်သတင်းများ ပေါ်ထွက်လာသည်။

“အပေါ်ဖြူ၊ အောက်က ယောလုံချည် အနက် ၀တ်ထားတဲ့ လူငယ်တွေကို လမ်းလျှောက် ချီတက်တာ ပြဿနာဖြစ်မှာ စိုးလို့ လုံထိန်းရဲ တွေက ကားနဲ့ အာဇာနည်ဗိမာန်ကို လိုက်ပို့တယ်။ တချို့က ဖမ်းတယ် ထင်သွားတာ။ အမှန်က မဟုတ်ပါဘူး” ဟု ကိုရာဇာက ရှင်းပြ သည်။

အာဇာနည်နေ့ အခမ်းအနားများကို မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ သာစည်၊ ၀မ်းတွင်း ၊ မိတ္ထီလာ စသည့် မြို့နယ်များတွင်လည်း လုပ်ဆောင်ကြပြီး သံဃာတော်များအား ဆွမ်းကပ်ကာ ကျဆုံးသွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများကို အမျှပေးေ၀ကြသည်။

မန္တလေးတိုင်း NLD ရုံးတွင် ကျင်းပသည့် အခမ်းအနားတွင် ကဗျာဆရာကြီး ကိုလေး (အင်း၀ ဂုဏ်ရည်) က ဟောပြောခဲ့ကြောင်း သိရ သည်။

ယနေ့ ကျရောက်သော ၆၄ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအဖွဲ့၀င် မဟုတ်သူတို့ကလည်း အောက်မေ့ဖွယ် အစီအစဉ်များ သီးခြားစီ လုပ်ဆောင်ကြသည်။

မန္တလေးမြို့ မနော်ယမန်ဥယျာဉ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင်ထိုင်၍ ဆုတောင်း မေတ္တာ ပို့သနေသူတဦးကို အားပေး ကြည့်ရှုသူများ၊ လုံခြုံရေးများဖြင့် စည်ကားနေကြောင်းလည်း သတင်းရရှိသည်။

အာဇာနည်နေ့သည် ၁၉၄၇ ခုနှစ်တွင် လုပ်ကြံခံရသည့် နိုင်ငံရေးခေါင်းဆောင်များအတွက် ဂုဏ်ပြု သတ်မှတ်ထားသောနေ့ ဖြစ်သည်။

ထိုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ အတွင်း၀န်ရုံးကို မသမာသူများက ၀င်ရောက်ပစ်ခတ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ သက်တော်စောင့်တဦးဖြစ်သူ ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုးနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တက်ရောက်




တပ်မတော် ဖခင်ကြီးနှင့် အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည် သည် အစိုးရ၏ တရားဝင် ဖိတ်ကြား မှုကြောင့် ကိုးနှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တရားဝင် တက်ရောက်ကြောင်း နိုင်ငံပိုင် သတင်း မီဒီယာ များနှင့် ဒေါ်အောင်ဆန်း စုကြည်၏ မိတ်ဆွေ များက အတည်ပြု ပြော ကြားသည်။ ၂၀ဝ၃ ခုနှစ် မေလမှ စတင်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလ အထိ နေအိမ် အကျယ်ချုပ် ဖြင့် ချုပ်နှောင် ထိန်းသိမ်းခြင်း ခံခဲ့ရသော ဒေါ်အောင်ဆန်း စုကြည်သည် ကိုးနှစ် တိုင်တိုင် အာဇာနည်နေ့ တက်ရောက် ခွင့် မရခဲ့ရာမှ ယခု ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို တရားဝင် တက်ရောက်ခွင့် ရခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် အာဇာနည် ကုန်းသို့ ရောက်ရှိ ဂါဝရပြု ခဲ့ပြီး နေ့လည် ၁၂ နာရီ ကျော်ခန့် တွင်လည်း ပြည်သူများနှင့် အတူ ထပ်မံ ဂါဝရ ပြုခဲ့သောကြောင့် နှစ်ကြိမ် တိုင်တိုင် ဂါဝရပြုခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်၏ မိတ်ဆွေများ ထံမှ သိရှိရသည်။ အာဇာနည်နေ့ အခမ်း အနား တွင် ပြည်သူများနှင့် အတူ ငြိမ်းချမ်းစွာ ဂါဝရပြုခွင့် ရရှိခြင်းနှင့် ပတ်သက်ပြီး အာဏာပိုင်များနှင့် ဒီမိုကရေစီ အင်အားစုများ အကြား ဆွေးနွေး ညှိနှိုင်း ဆောင်ရွက် မှုကြောင့် ဖြစ်ပြီး အဆိုပါ အလေ့အကျင့်သည် မြန်မာ့ နိုင်ငံရေး အတွက် နမူနာကောင်း ဖြစ်ကြောင်း၊ အဆင်ပြေ ချောမွေ့မှု အတွက် ကျေးဇူးတင်ရှိပြီး ဝမ်းသာ ကျေနပ်သည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားကြောင်း သူ၏ ရှေ့နေ ဖြစ်သူ ဦးဉာဏ်ဝင်းက သတင်း မီဒီယာများသို့ တရားဝင် ထုတ်ဖော် ပြောကြားသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ မနက် ပိုင်းတွင် ဂဠုန်ဦးစောနှင့် မသမာသူ လူတစ်စု၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင် ကိုးဦး ကျဆုံး ခဲ့ရသည်။ 

ဧရာဝတီ + မဇ္စျိမသတင်းဌာန

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection