မိခင်များနေ့

မိခင်များနေ့

သူငယ်ချင်းတို့ရေ ဒီနေ့ ကမ္ဘာအမေများနေ့ပေါ့။
ဒါကြောင့်ဒီနေ့တို့မိခင်တွေကို
စိတ်ချမ်းသာအောင်ထားကြရအောင်လို......................................
စေတနာများဖြင့် ........



မြန်မာ့အမေများနေ့ ဖြစ်ပေါ်လာဖို့ အစပျိုးခဲ့သူက ဘဘဦးသုခလို့ သိရပါတယ်။ ဘဘဦးသုခရဲ့ လှုံ့ဆော်မှုကြောင့် ပဲ ပြာသိုလ် လပြည့်နေ့ကို မြန်မာ့အမေများနေ့ဆိုပြီး ခေါ်ဆို အသုံးပြုခဲ့ကြပါတယ်။ အမေနေ့ဆို တာကတော့ အမေ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့အမှတ်ရတဲ့နေ့လို့ ပြောရမယ်ထင်ပါတယ်။ ဆိုတော့.. အမေရယ်လို့ ဖြစ်ပေါ်လာဖို့ အဖေဆို တာလည်း ရှိကိုရှိ နေရတာပဲလေ။ အဖေမရှိဘဲ အမေဆိုတာ ပေါ်လာဖို့မရှိ ဘူးပေါ့။ (ခြွင်းချက်အနေနဲ့ ရှိ တော့ရှိနေမှာပဲလေ)။ ဒါကြောင့် မန္တလေး ပညာရှင် အသိုင်းအ၀ိုင်းကလည်း အဖေများနေ့ ဆိုပြီးသတ်မှတ်လိုက်ကြ ပြန်တယ်တဲ့။ ရည်ရွယ်ချက်တွေကောင်းမွန်ပြီး ရှိသင့်ရှိထိုက်၊ လုပ်သင့် လုပ်ထိုက်တဲ့ နေ့ထူးနေ့မြတ်များလို့ ယူဆ မိပါတယ်။ ဒါဆိုရင် မိဘနှစ်ပါးကို မခွဲခြားနေတော့ဘဲ မိဘများနေ့ ဆိုပြီး သတ်မှတ် လိုက်ရင် ကောင်းလေမလား လို့ မဖြစ်ညစ်ကျယ် ဥာဏ်လေးနဲ့ တွေးမိလိုက်သေး တယ်ပေါ့။

ပြောလို့မကုန်နိုင်သလို ဆပ်လို့မကုန်နိုင်တာလည်း မိဘကျေးဇူးတွေပါပဲ။ မိဘတာဝန် ၀တ္တရားတွေ မကျေခဲ့ရင်၊ ချွတ်ယွင်းခဲ့ရင် တောင် မွေးကျေးဇူးတွေ ရှိနေတယ်ဆိုတာကိုတော့ လက်ခံရပါမယ်။ အဲဒီကျေးဇူးတွေကို မဆပ်နိုင် သေးရင် မဆပ်ချင် သေးရင်တောင် မကန်းမိဖို့တော့ လိုပါလိမ့်မယ်။ မိဘနဲ့ သားသမီးကြား နားလည်မှုတွေ လွဲချော် နေတာ၊ စေ့စပ်မရတဲ့ ကိုယ်စီ ခံစားချက်တွေ ရှိနေကောင်း ရှိနေပါလိမ့်မယ်။ ဒါပေမယ့် ဘယ်မိဘမှ ကိုယ့်သား သမီးကို မပစ်ပယ်ရက်ဘူးဆိုတာတော့ သေချာ ပါတယ်။ အဲ… သတင်းစာတွေထဲမှာ အမွေပြတ်ကြော်ငြာတွေ ထည့်နေကြတာကို ဘယ်သွားထားမလဲလို့ မေးလာကြ လိမ့်မယ်။ အဟီး… ကျွန်တော် ကျွန်မတို့ အုပ်ထိန်းမှု ညံ့ဖျင်းခဲ့လို့ အခုလို ကြော်ငြာရပါတယ်လို့ လူသိရှင်ကြား အော်လိုက်ကြတာလား၊ ဒါမှ မဟုတ် သားသမီးတွေ ကိုယ်တိုင်က မိဘရယ်လို့ မသတ်မှတ်ကြလို့လား။ ဒါတော့ ပြောတတ်တော့ဘူးဗျာ။ အကြောင်းတရားတွေ ရှိနေလို့ ဒီလို လုပ်ကြတယ်လို့ပဲ သဘောထားလိုက်ကြပါစို့ဗျာ။ (ဖြစ်နိုင်ရင် ဘယ်ခေတ် မှာ ဘယ်သူက စပြီး ဒီလို အမွေပြတ် ကြော်ငြာတာလဲဆိုတာ သိချင်လိုက်တာဗျာ)

ဗုဒ္ဓစာပေမှာ ပြဆိုထားတဲ့ သားသုံးမျိုးအကြောင်း ပြောကြည့်မယ်ဗျာ။ စာပေမှာ သားလို့ ပြဆိုထားပေမယ့် သမီးလည်း ပါမယ် ထင်ပါတယ်။ မထင်ရှားလို့သာ မထည့်တာလား၊ ဒါတော့ ကျွန်တော်လည်း မပြောတတ်သေး ဘူးလေ။ ဒါမှမဟုတ် ထင်ရှားတာကို ပြဆိုတဲ့အတွက် မထင်ရှားတာတွေလည်း ပါသွားသလိုမျိုးလား။ ဥပမာ.. ပေါ့။ ဘယ်လူကြီးတော့ လာတယ်ဟေ့… ဆိုရင် အဲဒီလူကြီးတစ်ယောက်တည်း လာတာမဟုတ်ဘဲ နောက်လိုက် အခြံအရံတွေလည်း ပါတယ်။ ဒါပေမယ့် ပြောတော့ လူကြီးဆိုပြီး အမည်တတ်သလိုမျိုးလား လို့လေ။
၁။ မိဘတို့ထက် အကျင့်မြတ်တဲ့ သား၊ (အတိဇာတ သား)
၂။ မိဘတို့နဲ့တန်းတူ ညီမျှတဲ့အကျင့်ရှိတဲ့ သား၊ (အနုဇာတ သား)
၃။ မိဘတို့အောက် ယုတ်ညံ့တဲ့အကျင့်ရှိတဲ့သား (သားဆိုး သားမိုက်) (အ၀ဇာတ သား) ဆိုပြီး သုံးမျိုးပါ။

ဒီနေရာမှာ ကိုယ်ကျင့်တရားကိုပဲ အဓိကထား ပြောပြထားတာ တွေ့ရတယ်။ ဒါပေမယ့် တွေးကြည့်မိလိုက်တယ်။ သားသမီးက အတတ်ပညာ အသိပညာဗဟုသုတတွေ မိဘထက် ပိုနေတာကို တွေ့ကြရမှာပါ။ အဲဒီလိုမျိုးများ ပိုနေပြီဆိုရင် ဘာမှနားမလည်ဘဲ နေရာတကာ လိုက်ချုပ်ခြယ်နေတယ်ဆိုတဲ့ အတွေးတွေ သားသမီးတွေမှာ ၀င်မနေတတ်ဘူးလား။ ကျေးဇူးတရားတွေ ဂါရ၀ နိဝါတတွေဆိုတာကို အသာထားလိုက်ဦး။ ပုထုဇဉ်စိတ်၊ ပုထုဇဉ်သဘောထားကို ပြောကြည့်တာပါ။ အဲလို အတွေးတွေသာ ၀င်ခဲ့မယ်ဆိုရင် အဲဒီလိုသားသမီးမျိုးနဲ့ မိဘကြားမှာလည်း အဖုအထစ် ရှိလာတော့မှာပဲလေ။ ဒါဆိုရင်… ဘယ်သူ့အမှားလဲ။

နောက် မိဘနဲ့ တန်းတူ အနေအထားတွေလည်း ရှိနေပါတယ်။ ဥပမာ မိဘက ဆရာဝန်မို့ သားသမီးတွေက လည်း ဆရာဝန်၊ မိဘတုံးက Master ဖြစ်ခဲ့လို့ သားသမီးတွေလည်း အဲလို ဖြစ်ရတာတွေလေ။ ဒါဆိုရင် ငါတို့လည်း သူတို့လိုပဲ ဖြတ်သန်းနေရတာပဲ။ ဘာထူးလဲဆိုတဲ့အတွေးမျိုး။ အဖေက အရက်သမားမို့ သားက လည်း အရက်သောက်တတ်တယ်။ ဘာဖြစ်လဲ ဆိုတဲ့ စိတ်ကူးမျိုး ရှိမနေနိုင်ဘူးလား။ ဒါဆိုရင် အဖုအထစ်တွေ လည်း ရှိနေမှာပဲ။ ပြဿနာဆိုတာလည်း ပေါ်နေဦးမှာပဲလေ။

နောက်တစ်မျိုးကတော့ မိဘတွေလောက် ပညာအရည်အချင်း၊ အစွမ်းအစ၊ အသိဥာဏ် ဗဟုသုတ မရှိတဲ့ သားသမီးမျိုး။ မိဘက ကျောင်းမထားပေးလို့ မဟုတ်ဘူး၊ မိဘက အားမပေးလို့မဟုတ်ဘူး။ သားသမီးကိုယ် တိုင်က လိုလိုလားလား မယူချင်တာ။ အကျင့်အပိုင်းမှာလည်း အဲလိုပဲ။ မိဘက ဘုရားဒကာ၊ ကျောင်းဒကာ၊ တရားနဲ့ မွေ့လျော်နေတတ်တယ်။ သားသမီးကျတော့ တခြားစီ။ အဲလို မိသားစုကြားမှာလည်း မလွဲမသွေ အထစ်အငေါ့တွေ ရှိနေမှာပဲ။ ဟုတ်ပါပြီ။ ဒီပြဿနာ ဒီအဖုအထစ်တွေကို ဖြေရှင်းနိုင်တာက ကျွန်တော်တို့ အပြောများကြပြီး လိုက်မလုပ်နိုင်ကြသေးတဲ့ နားလည်မှု ဆိုတာပါပဲ။ အဲဒီနားလည်မှု အားနည်းတာနဲ့ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ယောက်အပေါ် တစ်ယောက် အမြင်တွေ စောင်းနေကြဦးမှာပဲလေ။

အဲဒီလို နားလည်မှုတွေ တိုးပွားနေဖို့ အစဉ်အမြဲ ရှိနေဖို့ အမေများနေ့.. အဖေများနေ့ ဆိုတာကို ပညာရှင်များက သတ်မှတ်ပြဋ္ဌာန်း ကြတယ်လို့ ယူဆမိပါတယ်။ ဒီထက်လေးနက်တဲ့ အကြောင်းတရားတွေလည်း ရှိနေမှာပဲလေ။ ကျွန်တော်ကတော့ လက်တွေ့မြင်တွေ့ နေရတဲ့ အကြောင်းအရာကို အခြေခံပြီး တွေးကြည့်မိလိုက်တာပါ။ မိဘကျေးဇူးကို အမှန်တကယ် သိနားလည်ဖို့ဆိုတာလည်း မိဘအပေါ် ဘယ်လောက်ထိ နားလည်ကြသလဲ ဆိုတဲ့အပေါ်မှာ မူတည်လို့ ယူဆပါတယ်။ သိပ်အများကြီးတော့ မပြောချင်တော့ ဘူးဗျာ။ တွံတေးသိန်းတန်တို့ ဟင်္သာတ ထွန်းရင်တို့ကို ကြိုက်နှစ်သက်ခဲ့တဲ့ မိဘများကို အေသင်ချိုဆွေတို့၊ စန္ဒီမြင်လွင်တို့၊ စိုင်းစိုင်းတို့ကို သဘောကျနေတဲ့ သားသမီးက နားမလည်တာဟာ ခေတ်ကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီကွာဟ ချက်လေးတွေထဲမှာ နားလည်မှုဆိုတာကို ထည့်လိုက်ရင် အထူးပြောနေရမယ့် ပြဿနာမဟုတ် တော့ပါဘူး။ နားလည်မှု ဆိုတဲ့ နေရာမှာ မိဘရော သားသမီးရော နှစ်ဦးနှစ်ဖက်စလုံးမှာ ရှိနေရမယ့် အရာပါပဲ။

နောက်တစ်ခုက သားသမီးတွေအပေါ်မှာ မိဘများ မျှော်လင့်ချက်ထားတဲ့အရာ ငါးမျိုး ရှိပါတယ်။ အဲဒီငါးမျိုးက…
၁။ ငါတို့ အိုမင်း မစွမ်းဖြစ်တဲ့အခါ ငါတို့အပေါ် ပြန်လည်လုပ်ကျွေုးပြုစုလိမ့်မယ်၊
၂။ ငါတို့နဲ့ ပတ်သက်တဲ့ အမှုကိစ္စအားလုံးကို ငါတို့ကိုယ်စား လုပ်ပေးကြလိမ့်မယ်၊
၃။ အမျိုးအနွယ်ကို ဆက်လက်ရှည်အောင် ထိန်းသိမ်းကြလိမ့်မယ်၊
၎။ အမွေစား အမွေခံအဖြစ် ကျင့်ကြံကြလိမ့်မယ်၊
၅။ ငါတို့ ကွယ်လွန်သွားတဲ့အခါ ငါတို့ကို ရည်စူးပြီး ကုသိုလ်အထူးတွေ လုပ်ပေးကြလိမ့်မယ် ဆိုတဲ့ ငါးမျိုးပါ။

ဒီငါးမျိုးနဲ့ ညီနေတဲ့ သားသမီးတွေအတွက် မိဘများ ကျေနပ်နေလိမ့်မယ်လို့ ထင်ပါတယ်။ မညီရင်သာ အားမလို အားမရတွေဖြစ်ပြီး အပြစ်ပြောသလိုမျိုးတွေ ပြောဆို ဆုံးမတတ်ကြတာပါ။ ဒီတော့ဗျာ အမေများနေ့၊ အဖေများနေ့ ကို ဂုဏ်ပြု မယ်ဆိုရင် မိဘတွေရဲ့ ဒီမျှော်လင့်ချက်တွေကို သတိထားပေးဖို့ လိုပါမယ်။ ဒီ လိုအပ်ချက်တွေကို ဘယ်လောက်ထိအောင် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီလဲ၊ ဖြည့်ဆည်းပေးဖို့ရော ဘယ်အတိုင်းအတာထိ စီစဉ်ဆောင်ရွက် နေပြီလဲ။ ဒီလောက်လေး စဉ်းစားမိရင်ကို အမေများနေ့ သို့မဟုတ် အဖေများနေ့ကို ဂုဏ်ပြုရာ  ရောက်နေပြီလို့ ထင်မြင်ယူဆမိပါတယ်ဗျာ။

အမေများနေ့ကို ဂုဏ်ပြုကြိုဆိုလျက်...............

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection