သင်္ဃန်းကျွန်း ရပ်ကွက်မီး၊ အိမ် ၁၀ လုံး ဆုံးရှုံး

သင်္ဃန်းကျွန်း ရပ်ကွက်မီး၊ အိမ် ၁၀ လုံး ဆုံးရှုံး

သင်္ဃန်းကျွန်းမြို့နယ် ၁၆ ရပ်ကွက်၊ အပိုင်း ၄၊ သီတာရေစင် လမ်းတွင် မီးဖိုအသုံးပြုသော နေအိမ်မှ စတင်ပြီး နေအိမ် ၁၀ လုံးအထိ မီးစွဲလောင်ကျွမ်းမှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

“ကျနော်တို့ ရောက်တဲ့အချိန်မှာပဲ မီးကတော်တော် စွဲနေပြီ။ သွပ်မိုး ဓနိဆိုတော့လည်း မီးကူးမြန်တယ်။ မီးညွန့်ကတော့ ၃ နာရီမှာ ကျိုးသွားပေမယ့် တငွေ့ငွေ့လောင်နေတာတွေကို ထပ်ငြိမ်းနေရတယ်” ဟု မီးသတ်သမားတဦးက ဆိုသည်။

မီးသည် နေ့လည် ၂ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးစတင် လောင်ကျွမ်းသည့် နေအိမ်မှ ညှော်နံထွက်လာပြီး ၁၀ မိနစ်ခန့်တွင် မီးညွန့်များပါ ထွက်လာကြောင်း မီးလောင်ရာတွင် နေအိမ်ပါသွားသူ တဦးက ပြောသည်။

“မီးညွန့်ကြီးက လူနှစ်ရပ်လောက်မြင့်ရော၊ ကျနော်လည်း ကိုယ့်အိမ်ထဲ ပြေးဝင်ပြီး ပစ္စည်းသွားသိမ်းတာ၊ ကြောက်အားလန့်အားနဲ့ ဘာကိုင်လို့ကိုင်ရမှန်း မသိဘူးဖြစ်ရင်း မီးက ကျနော့်အိမ်ကို စွဲလာတော့ ဆင်းပြေးရတော့တယ်” ဟု ၎င်းကဆိုသည်။

မီးလောင်ကျွမ်းသော ရပ်ကွက်သည် ဆင်ခြေဖုံးရပ်ကွက်ဖြစ်သည့်အတွက် လမ်းများမှာ ကားဝင်ရန် ကျဉ်းမြောင်းသည့် အပြင် မီးလောင်မှုကို လာရောက်ကြည့်ကြသော ရပ်ကွက်အတွင်းရှိ လူများ၊ စက်ဘီး များနှင့် မိမိအိမ်များကို မီးကူးလာမည် စိုးရိမ်သဖြင့် ပစ္စည်းများ သယ်ပြေးသူများကြောင့် မီးငြိမ်းသတ်ရန် လာရောက်သော မီးသတ်ကားများ အလွယ်တကူ မ၀င်ရောက်နိုင်ကြောင်း သီတာရေစင်လမ်းတွင် နေထိုင်သူတဦးက ပြောသည်။

“အိမ်တွေက မီးကူးမြန်တဲ့ သစ်တွေ၊ ဓနိတွေနဲ့ ဆောက်ထားတာတွေဆိုတော့ မီးကူးမြန်တယ်လေ။ ကျမအိမ်နဲ့ တော်တော်လှမ်းပေမယ့် ကလေးတွေကို လိုက်ရှာပြီး သယ်နိုင်တဲ့ တန်ဖိုးရှိပစ္စည်းတွေ သယ်ပြီး ပြေးရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုတွင် အိုးမဲ့အိမ်ဖြစ်ပွားခဲ့သော မိသားစုများအတွက် ကယ်ဆယ်ရေးစခန်းကို ရပ်ကွက်ဓမ္မာရုံတွင် ဖွင့်လှစ်ထားပေးကြောင်း ရပ်ကွက်လူကြီးတဦးက ပြောသည်။

“ပိုက်ဆံတွေရော၊ ပစ္စည်းတွေရော တခုတောင် မကျန်တော့ဘူးတဲ့။ နဂိုကတည်းက အခက်အခဲ အစုံ တွေ့ပြီး မပြေလည်တဲ့ အဘွားတို့မိသားစု ရှေ့လျှောက် ဘယ်လိုဆက်သွားရမလဲ” ဟု မီးလောင် ကျွမ်းရာ တွင် နေအိမ်ပါသွားပြီး ရပ်ကွက် ဓမ္မာရုံတွင် ခိုလှုံနေသော အသက် ၆၅ နှစ်ရှိ အမျိုးသမီးကြီးက ဆိုသည်။

မီးလောင်ကျွမ်းရာတွင် ရပ်ကွက် ရာအိမ်မှူးအိမ်လည်း ပါသွားပြီး ယင်း မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနမှ ဆုံးရှုံးမှုတန်ဖိုးစာရင်းနှင့် မီးစတင်လောင်ကျွမ်းခဲ့သော နေအိမ်ကို စစ်ဆေးအရေးယူမှုများ ပြုလုပ်နေကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင်လည်း သင်္ဃန်းကျွန်းဈေးကြီး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၇၈၀ ကျော်အနက် ၆၅၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection